အစ္စလာမ္မာဘတ်၊ မေ-၃-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတိုက်ခိုက်မှုကြောင့် ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ကက်ရှ်မီးယားနယ်စပ်အနီးနေထိုင်သူတွေအနေနဲ့ အစားအစာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ အခြေခံပစ္စည်းတွေ စုဆောင်းသိုလှောင်ထားဖိုပ ပါကစ္စတန် တာဝန်ရှိသူတွေက ညွှန်ကြားလိုက်ပါတယ်။
ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်အခြမ်း ပါဟယ်ဂမ်ဒေသမှာ ကမ္ဘာလှည့်ခရီးသွား ၂၆ ယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုမှာ ပါကစ္စတန်ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။
ပါကစ္စတန်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သံတမန်တွေ အပြန်အလှန်နှင်ထုတ်တာ၊ ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းတာနဲ့ လေကြောင်းလိုင်းတွေ ပျံသန်းခွင့် ပိတ်ပင်တာအပါအဝင် လက်တုံ့ပြန်အစီအမံတွေ ချမှတ်ခဲ့ပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား ကက်ရှ်မီးယားဒေသကို နှစ်ဖက်ပိုင်းခြားထားတဲ့ စစ်ရေးထိန်းချုပ်မျဉ်း နယ်စပ်တလျှောက်မှာ ရှစ်ညဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
နယ်စပ် စစ်ရေးထိန်းချုပ်မျဉ်းတလျှောက် ဒေသ ၁၃ ခုရှိ ဒေသခံတွေအနေနဲ့ အစားအစာ၊ ဆေးဝါးနဲ့ အခြားအခြေခံလိုအပ်ချက်တွေကို နှစ်လစာ စုဆောင်းထားဖို့ ညွှန်ကြားထားပြီး ထောက်ပံ့ရေးအတွက် ဒေသအစိုးရဟာ ရန်ပုံငွေ ဒေါ်လာ ၃ ဒဿမ ၅ သန်းသုံးမယ်လို့ ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသ ဝန်ကြီးချုပ် Chaudhry Anwar ul Haq ကပြောပါတယ်။
ကက်ရှ်မီးယားဒေသနဲ့ပတ်သက်ပြီး နှစ်ကြိမ်တိုင် စစ်ခင်းတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ သံတမန်ရေးရာ တင်းမာမှုတွေ ပိုမိုဆိုးရွားပြီး ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှာကို နိုင်ငံတကာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေကာ ပါကစ္စတန်ကတော့ အိန္ဒိယရဲ့ စစ်ရေးအရ လုပ်ဆောင်မှုတွေကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:CNA
