AT
မြန်မာပြည်တွင်း ပဋိပက္ခမှာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ MNDAA ကိုးကန့်တပ်တွေ လားရှိုးမြို့ကနေ ဆုတ်ခွာပေးလိုက်ရပါတယ်။
တရုတ်နိုင်ငံဟာ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာ မလုပ်ဘူးလို့ တရုတ်အစိုးရက အစဉ်အမြဲ ပြောကြားလေ့ရှိပေမယ့် မြန်မာပြည်တွင်း အင်အားစုတွေနဲ့ ပြည်သူတွေကတော့ အဲ့ဒီလို မမြင်ကြပါဘူး။
ကိုးကန့်တပ်တွေကို လားရှိုးကနေ ဆုတ်ခွာစေခဲ့တာဟာ တရုတ်အစိုးရအနေနဲ့ နစကကို အတိအလင်း ထောက်ခံလိုက်တာလို့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။
၁၀၂၇ စစ်ဆင်ရေး တရုတ် ခွင့်ပြုခဲ့သလား
၁၀၂၇ လို့ခေါ်တဲ့ စစ်ဆင်ရေးတရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုလာလအတွင်း မြောက်ပိုင်းညီနောင် ၃ဖွဲ့က စတင်ခဲ့ပြီးနောက် နစကနဲ့ တော်လှန်ရေးအဖွဲ့တွေကြား အင်အားချိန်ခွင်လျှာ အတန်ငယ် ပြောင်းလဲလာပါတယ်။
မြောက်ပိုင်းအဖွဲ့တွေဟာ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ကြီးအချို့ကို သိမ်းယူနိုင်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ထူထောင်ခဲ့ကြပါတယ်။
ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်ဆန်းကျော့၊ ရန်လုံကျိုင်းစတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကိုလည်း ထိန်းချုပ်နိုင်ခဲ့ကြပါတယ်။
မြောက်ပိုင်းညီနောင် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ရည်ရွယ်ချက်ဟာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသမှာ ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိန်းချုပ်ဖို့နဲ့ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို နှိမ်နင်းဖို့ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
၁၀၂၇ မတိုင်ခင်ကတည်းက ဝနယ်နဲ့ ကိုးကန့်ဒေသတို့က ကျားဖြန့်လုပ်ကိုင်သူတွေကို တရုတ်အစိုးက ဖမ်းဝရမ်းထုတ်တာတွေ ရှိခဲ့ပေမယ့် နစက က ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်တာဟာ တရုတ်အတွက် ဒေါသထွက်စရာ ဖြစ်စေပါတယ်။
၁၀၂၇ စတင်ပြီး ရက်ပိုင်းအကြာ နိုဝင်ဘာလအတွင်းမှာ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကိုးကန့်လုပ်ငန်းရှင် ဦးမြီရှောက်ချန်းနဲ့ မိသားစုဝင်သုံးဦးကို တရုတ်အစိုးရနဲ့ နစက က ရှေ့ဆင့်နောက်ဆင့် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
အဲ့ဒီနောက် နစက လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းတွေကိုလည်း ကျားဖြန့်နဲ့ ဆက်စပ်တယ်ဆိုပြီး တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
စစ်ဆင်ရေး ကာလအတွင်းနဲ့ စစ်ဆင်ရေးအပြီးမှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်းက ထောင်နဲ့ချီတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေကို တရုတ်က ဖမ်းဆီးခဲ့တာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို နစက က ကျူးကျော်သူတွေရဲ့ ကျူးကျော်စစ်လို့ ဆိုပြီး တိုက်ပွဲတွေအတွင်း မြောက်ပိုင်းအဖွဲ့တွေကို တရုတ်က ဒရုန်းနဲ့ နည်းပညာတွေ ပံ့ပိုးပေးတယ်လို့ စွပ်စွဲခဲ့ပေမယ့် ကိုးကန့်နဲ့ တရုတ်က စွပ်စွဲချက်တွေကို ငြင်းဆန်ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်အပါအဝင် လားရှိုး၊ မန္တလေးနဲ့ အခြားမြို့တွေမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်ပြုလုပ်ခဲ့ခြင်းက နစကဟာ ၁၀၂၇ ကို တရုတ်စနက်နဲ့ ပေါ်လာတဲ့ စစ်ဆင်ရေးလို့ ယူဆကြောင်း ထင်ရှားပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှု
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာတော့ နစကရဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေဟာ တပ်နေရာချထားရေးနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ရေးတို့ကို တရုတ်အကူအညီနဲ့ ဆွေးနွေးခဲ့ကြပေမယ့် ရလာဒ် ထွက်ပေါ်လာတာတော့ မရှိပါဘူး။
မြောက်ပိုင်းညီနောင်အဖွဲ့တွေက စစ်အာဏာရှင်အဆုံးသတ်ရေး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
ကိုးကန့်တပ်ဟာ လောက်ကိုင်မြို့ကို ဇန်နဝါရီ ၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်မှာတော့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်တဲ့ နစကနဲ့ တတိယအကြိမ် ဆွေးနွေးပွဲပြုလုပ်ကာ ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နစကနဲ့ အပစ်အခတ် ရပ်စဲလိုက်ပါတယ်။
ဟိုင်ဂင်သဘောတူညီချက်မှာ ဘယ်အချက်တွေပါဝင်လဲဆိုတာကို နစကနဲ့ မြောက်ပိုင်းအဖွဲ့တွေက ထုတ်ပြန်ခြင်း မရှိပေမယ့် ရခိုင်ပြည်နယ်အတွက် မပါဝင်ဘူးလို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဆိုပါတယ်။
အဲ့ဒီနောက် နစကနဲ့ မြောက်ပိုင်းမဟာမိတ်တွေအကြား ထိတွေ့တိုက်ပွဲတွေ လပိုင်းကြာတဲ့အထိ မရှိပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်းမှာတော့ မြောက်ပိုင်းမဟာမိတ်တွေဘက်က စစ်ဆင်ရေး ဒုတိယပိုင်းကို စတင်ခဲ့ပါတယ်။
၁၀၂၇ ဒုတိယပိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာတော့ မြောက်ပိုင်းအဖွဲ့တွေဟာ လားရှိုးအပါအဝင် မန္တလေး-မူဆယ် ပြည်ထောင်စုကားလမ်းပေါ်က နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေနဲ့ မိုးကုတ်၊ မိုးမိတ်စတဲ့ မြို့တွေကို သိမ်းပိုက်ပြီး ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့တွေကိုပါ ခြိမ်းခြောက်လာခဲ့ပါတယ်။
နစကဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲပြန်စတယ်လို့ မြောက်ပိုင်းအဖွဲ့တွေက ဆိုပေမယ့် ဟိုင်ဂင်သဘောတူညီချက်ဟာ တရုတ်အကူအညီနဲ့ ရရှိခဲ့တာကြောင့် တိုက်ပွဲတွေ ဒုတိယအကြိမ် ပြန်ဖြစ်တာဟာ တရုတ်ခွင့်ပြုချက် တစုံတရာပါဝင်တယ်လို့ သုံးသပ်နိုင်ပါတယ်။
လားရှိုးကို မြောက်ပိုင်းမဟာမိတ်က သိမ်းအပြီး ၂၀၂၄ ဩဂုတ်လအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်မှာ နစက ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပအင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကာ တရုတ်နဲ့ မြန်မာကြား သပ်လျှို သွေးခွဲတဲ့ လုပ်ရပ်နဲ့ ပြောဆိုမှုတွေကို ဆန့်ကျင်တယ်လို့လည်း ပြောခဲ့ပါတယ်။
ကိုးကန့်မဟာမိတ်အဖွဲ့ လားရှိုးသိမ်းတာကို သဘောမတူဘဲ ပြန်လည်ဆုတ်ခွာဖို့ အလိုရှိတဲ့အကြောင်း ဩဂုတ်လ ၂၇ ရက်က ယူနန်ပြည်နယ်မှာ လုပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းက ပြောကြားခဲ့ပါသေးတယ်။
နိုဝင်ဘာလအစောပိုင်းမှာတော့ နစက ဥက္ကဋ္ဌရဲ့ တရုတ်နိုင်ငံ ခရီးစဉ် ထွက်ပေါ်လာပြီး တရုတ်ရဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း (BRI) စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်နဲ့ ကူမင်း-ကျောက်ဖြူ ရထားလမ်းကို ဒေသအခြေအနေအပေါ် မူတည်ပြီး ဖြစ်နိုင်တဲ့ နေရာတွေမှာ အကောင်အထည်ဖော်သွားမယ်လို့ နစက ဥက္ကဋ္ဌက တရုတ်ကို ပြောကြားခဲ့ပါတယ်။
တရုတ်ဟာ ကိုးကန့်နဲ့ မြောက်ပိုင်းအဖွဲ့တွေကို အားပေးထောက်ခံတာကို ခေတ္တရပ်ဆိုင်းပြီး နစကဘက်ကနေ ရပ်တည်ပေးတယ်လို့ ဆိုရမှာပါ။
ကိုးကန့်တပ်ကို နစက နဲ့ အပစ်ရပ်ပြီး ဆွေးနွေးပွဲတွေလုပ်ဖို့ ဆေးဝါးနဲ့ လောင်စာ ဖြတ်တောက်တာအပြင် တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ဖမ်းဆီးထားပြီး ဖိအားပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ဆုတ်ခွာပေးဖို့ သဘောတူလိုက်ရပြီး နစကတပ်တွေက မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
မြန်မာ့ပြည်တွင်းရေးမှာ တရုတ်ရဲ့ အနာဂတ် အခန်းကဏ္ဍ
တရုတ်ရဲ့ မီးစာတဖက် ရေမှုတ်တဖက် ပေါ်လစီဟာ အခုအချိန်ထိ အောင်မြင်တယ်လို့ ဆိုရမှာပါ။
ကျားဖြန့်နှိမ်နင်းဖို့ ပျက်ကွက်တဲ့ နစကကို တရုတ် မကောင်းကြောင်း မပြောဖို့နဲ့ ကျေးဇူးရှင်ကို မစော်ကားဖို့ လက်အောက်ကို ပြောရလောက်တဲ့ထိ ဆုံးမနိုင်ခဲ့ပါတယ်။
ကိုးကန့်အဖွဲ့ကိုတော့ ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ဓားစာခံလုပ်ပြီး လားရှိုးကနေ ဆုတ်ခွာခိုင်းခဲ့သလို အနောက်အုပ်စု လိုလားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ကိုလည်း ဖိအားပေးနိုင်ခဲ့တာပါ။
တရုတ်နိုင်ငံဟာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာ နစကကို တရားဝင်မထောက်ခံဘဲ နစကဟာလည်း အစောပိုင်းမှာ တရုတ်ထက် ရုရှားကို ပိုမိုအားကိုးပြီး ဆက်ဆံရေးကောင်းအောင် လုပ်ခဲ့တာကို တွေ့ရပါတယ်။
လားရှိုးအပါအဝင် ရှမ်းမြောက်က မြို့ကြီးတွေ သိမ်းပိုက်ခံရပြီး နောက်ပိုင်းမှာတော့ တရုတ်ကို လွန်ဆန်လို့ မရတာကို သဘောပေါက်လာပုံရပြီး BRI စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ပေးမယ်လို့ ကတိပေးခဲ့ရတာပါ။
တရုတ်အနေနဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု ရှိဖို့အပြင် ပြောစကားနားထောင်မယ့် အစိုးရနဲ့ အတိုက်အခံတွေကို လိုလားတယ်ဆိုတဲ့ အချက်ဟာ မြင်သာလှပါတယ်။
ကူမင်း-ကျောက်ဖြူ ရထားလမ်းအပါအဝင် တရုတ်ရဲ့ စီမံကိန်းကြီးတွေ တည်ရှိတဲ့ ရှမ်းမြောက်က TNLA ထိန်းချုပ်ဒေသတွေကနေ ဆုတ်ခွာပေးဖို့ တရုတ်ကိုယ်စားလှယ်တွေရှေ့မှာ နစက က တောင်းဆိုတာကို ကြည့်ရင် တရုတ်ရဲ့ တကယ့် လိုလားချက်ကို သိနိုင်မှာ ဖြစ်ပါတယ်။
TNLA ကိုလည်း မြို့တွေကနေ ဆုတ်ခွာဖို့ ကိုးကန့်တပ်တွေကို လုပ်ခဲ့သလိုပဲ လျှပ်စစ်ဖြတ်၊ ရေဖြတ်၊ အင်တာနက်ဖြတ်၊ ထောက်ပို့ဖြတ်၊ လူအင်အားဖြတ်ဆိုတဲ့ ဖြတ် ၅ဖြတ်နဲ့ ဖိအားပေးနေတာ ဖြစ်ပါတယ်။
အခုလောက်ဆိုရင် တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံမှာ သူတို့ ဩဇာလွှမ်းတဲ့ အစိုးရနဲ့ အတိုက်အခံတွေ အလိုရှိပြီး တဖက်က စကားနားမထောင်ရင် တဖက်ကို အားပေးလှုံဆော်တဲ့ နည်းဗျူဟာနဲ့ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်နေဦးမယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေကြောင်းပါ။
AT
ဤ အတွေးအမြင်ဆောင်းပါးပါ အကြောင်းအရာများသည် ဆောင်းပါးရှင်ရဲ့ အာဘော်သာဖြစ်ပါကြောင်း