လျှပ်စစ်မီးအခက်အခဲနဲ့ အပိုပစ္စည်းတွေရှားပါးလို့ EV ကားဈေးတွေ သိန်းရာဂဏန်းအထိထိုးကျနေပြီး တပတ်ရစ်ကားတွေ အရောင်းအဝယ်ဖြစ်

မေ ၇ – ၂ဝ၂၅
KKO(VOM)
လျှပ်စစ်မီးအခက်အခဲနဲ့ ကားအပိုပစ္စည်းရှားပါးလို့ EV ကားတွေဈေးတွေသိန်းရာဂဏန်းအထိထိုးကျနေပြီး ပြည်တွင်းကားဈေးကွက်မှာတော့ ဂျပန်တပတ်ရစ်ကားတွေသာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရန်ကုန်ကားရောင်းဝယ်ရေး ဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။
“ပြည်တွင်းမှာ EV ကားဈေးကျတယ်ဆိုတာက လျှပ်စစ်မီးအခက်အခဲကြောင့်လည်းပါသလို နောက်တခါအားသွင်းလို့ရတဲ့နေရာ တွေက နေရာတိုင်းမှာရှိမနေဘူး။နောက် EV နဲ့ ပတ်သက်တဲ့ Showroom တွေ ဒီမှာမရှိဘူး။ကားအပိုပစ္စည်းရှားတယ်။ဟိုတလောတုန်းကဘာဖြစ်လဲဆိုရင် EV ကားတစီးရဲ့ Battery ကို သိန်း ၂ဝဝ ပေးပြီးဝယ်ရတယ်ပြောတယ်။အဒီ ပြဿနာတွေကြောင့် EV ကားလောကမှာဂယက်နည်းနည်းသွားတယ်။EV ဆိုတာကနေရာတိုင်းမှာ အားသွင်းလို့ရနေရမယ်၊လျှပ်စစ်မီးရနေရမယ်။နောက်ပြီး EV နဲ့ပတ် သက်တဲ့ Showroom တွေ ဒီမှာရှိနေရမယ်။နောက်တခါကားအပိုပစ္စည်းတွေပေါနေရမယ်။ဒါဆို EV က အတော်လေးအလုပ်ဖြစ်မယ်။ဒီလိုအကြောင်းတရားတွေအများကြီးပေါ့လေ။အဓိက အကြောင်းတရားက လျှပ်စစ်မီးအခက်အခဲပါပဲ။EV ကြီးဝယ်ပြီး ကားနောက်ခန်းထဲ မီးစက်ကြီးတင်ပြီးမောင်းနေရရင်လည်းဒါကမဟုတ်ပြန်ဘူး။ဒါကြောင့် EV တွေဈေး သိန်း ၃ဝဝ၊သိန်း ၄ဝဝ လောက်ဆင်းသွားတယ်ဆိုတာက ဒီလိုအကြောင်းတရားတွေကြောင့်ပါ။ဒါပေမဲ့ တချိန်ကျရင် EV ကဖြစ်ကိုဖြစ်လာအုံးမှာပါ။ဈေးကွက်လည်း အခိုင်အမာရှိလာအုံးမှာပါ။အခုဟာကအခိုက်အတန့်ကာလလို့ဆိုရမယ်”လို့ ဝါရင့်ကားဝယ်ရောင်းတယောက်က VOM ကို ပြောပါတယ်။
ကားလောကသားတွေအဆိုနဲ့ ဖေ့ဘွတ်စ်လူမှု့ကွန်ရက်ပေါ် ရှိကားဝယ်ရောင်းဂရုတွေမှာ သုံးသပ်ပြောဆိုမှုတွေအရ EV ကားတွေဟာ လက်ရှိကာလမှာ အရင်စျေးထက် သိန်း ၃၀၀ ကနေသိန်း ၄၀၀ လောက်အထိဈေးလျော့ရောင်းချလာကြပြီး သဘာဝဘေးငလျင်ဒဏ်ကြောင့်လည်း တွက်ထားတဲ့ ကားဈေးကွက်က လက်တွေ့ နဲ့ လွဲချော်တာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
“လက်ရှိမှာဆီကားဈေးကွက်က တော့မာနေအုံးမယ်။ကားဈေးတန်းတွေမာနေမယ်၊တပတ်ရစ်ကား ဈေးကွက်လည်းဈေးတန်းတွေမာနေမယ်။ကားဈေးတွေအမြင့်ပိုင်းမှာရှိနေတယ်ဆိုတာကလည်း အဝယ်တွေကသူ့ဟာနဲ့ ရှိနေကြတယ်။အဝယ်တွေလိုက်နေကြသေးတယ်လို့ ပြောလို့ရတယ်”လို့ ကားဝယ်ရောင်းလောကသားတယောက်က ထပ် လောင်းပြောပြပါတယ်။
ဒါအပြင် လက်ရှိပြည်တွင်းကားဈေးနှုန်းတွေဟာ မြင့်မားနေတဲ့အတွက် ဝယ်ရောင်းအချို့က ကားကောက်ဝယ် ယူတဲ့အခါတွေမှာတောင် အတော်လေးကိုချိန်ဆလုပ်ကိုင်နေရတယ်လို့ ရန်ကုန်ကားဝိုင်းအတွင်းမှာရှိနေကြတဲ့ ဝယ်ရောင်းသမားတွေက ပြောပါတယ်။
အဲဒါအပြင် ပြည်တွင်းမှာ EV ကားတွေကို တွင်တွင်ကျယ်ကျယ် ရောင်းချလိုပါက လျှပ်စစ်မီးရရှိဖို့လိုပြီး EV နဲ့ ပတ်သက်တဲ့ Car Showroom တွေနဲ့ ကားအပိုပစ္စည်းတွေကိုလည်းလွယ်လွယ်ကူကူရရှိနိုင်အောင်စီစဉ်ပေးဖို့လိုတယ်လို့ ကားလောကသားတွေက အကြံပြုထားကြပါတယ်။
“အဓိက က EV ကား အပိုပစ္စည်းတွေက ပြည်တွင်းမှာလုံလုံလောက်လောက်ရောက်နေရမယ်၊ရှိနေရမယ်။လေယာဉ်တွေပုံမှန်ဆင်းနေတယ်လေ။နိုင်ငံရေးကြောင့်ဟိုကြောင့်၊ဒီကြောင့်ဒါကိုအကြောင်း ပြလို့မရဘူး။BYD ဆို BYD သူ Showroom တွေက ရှိကိုရှိရမယ်။ကားအပိုပစ္စည်းရှားတယ်လုပ်လို့မရဘူး၊ရအောင်တင်သွင်းနိုင်ရမယ်။အခုပြဿနာကဘာလဲဆိုတော့ သူ့သက်ဆိုင်ရာ Showroom တွေမရှိတဲ့ အခါကျ EV ကားတွေကိုပြုပြင်ထိန်းသိမ်းရာမှာအခက်အခဲတွေများစွာရှိတယ်။EV က အလုပ်မဖြစ်ဘူးလားဆိုတော့ မဟုတ်ပါဘူး။EV ကအလုပ်ဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိ အချိန်မှာတော့ မဟုတ်သေးဘူးပေါ့။အချိန်ကာလတခုမှာတော့ EV အသုံးပြုမှုတွေကတွင်ကျယ်လာရမယ်။အရင်တုန်းကဆိုလည်းတို့ဆီကားလောကမှာ အော်တို မန်ကျူရယ်ပေါ့၊ အော်တိုတွေကိုမကောင်းဘူးပြောခဲ့ကြတာပဲ၊အခုကျတော့လည်းအော်တိုမှ အော်တိုပဲဖြစ်ကုန်ကြတယ်။EV မှာလည်းသူ့အားသာချက်တွေအများကြီးရှိပါတယ်။ဒါတွေကိုလူတွေကသိပ်မသိကြတာပါ။အဲလိုအပိုင်းတွေလည်းအများကြီးရှိပါတယ်”လို့ ကားဈေးကွက် ကျွမ်းကျင်သူတယောက်က ထပ် လောင်းသုံးသပ်ပြောကြားခဲ့ပါတယ်။
ပုံစာ – ရန်ကုန်မြို့ရှိ ယာဉ်ရောင်းဝယ်ရေးစခန်းတခုကိုတွေ့မြင်ရစဉ်။

Related posts

Leave a Comment

VOM News

FREE
VIEW