ဝါရင့်သရုပ်ဆောင် ဒါရိုက်တာ ၊ ကဗျာဆရာ ဦးမောင်မောင်မြင့် ကွယ်လွန်

မေ ၇ – ၂၀၂၅
SN (VOM)
ဝါရင့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ကဗျာဆရာ ဦးမောင်မောင်မြင့်ဟာ ဒီကနေ့ မေ ၇ ရက်၊ မနက်ပိုင်းက လူကြီးရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
“ဒီမနက် ၁၀ နာရီကျော်လောက်ကပဲ နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့လည်း သူတို့အိမ် မရောက်သေးတော့ သေချာ မသိရသေးဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ အနုပညာရှင်ကြီးတယောက် ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်” လို့ ဦးအေးကြူလေးက ပြောပါတယ်။
ဦးမောင်မောင်မြင့်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူနေရတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံအနေနဲ့ သီးသန့်ရန်ပုံငွေမှ ကျန်းမာရေး ထောက်ပံ့ငွေတွေကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဦးမောင်မောင်မြင့်ဟာ သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာ စတဲ့ ရုပ်ရှင်အနုပညာပိုင်းအပြင် ကဗျာဆရာ မောင်မောင်မြင့် (သုခုမ) နာမည်နဲ့လည်း ကဗျာတွေရေးဖွဲ့ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဦးမောင်မောင်မြင့်ဟာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်မင်းသား ပြေငြိမ်းရဲ့ ဖခင်လည်းဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားပေါင်း များစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့အပြင် ဒါရိုက်တာအနေနဲ့လည်း ဇာတ်ကားပေါင်း များစွာကို ဖန်တီးနိုင်ခဲ့တဲ့ စွယ်စုံရ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။
Photo Crd -ရုပ်ရှင်ချစ်သူ

Related posts

Leave a Comment

VOM News

FREE
VIEW