ဗန်းမော် တိုက်ပွဲ ဆက်လက်ပြင်းထန်



မေ ၉၊ ၂၀၂၅
Shy V (VOM)

ဗန်းမော်မြို့‌မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး လေကြောင်းဗုံးကြောင့် လူထိခိုက်မှုရှိကြောင်း ဓဒသခံတွေဆီက သိရပါတယ်။

“မေလ ၈ ရက်နေ့က ညောင်ပင်ရပ်ကွက်က ကမ်းနားရိပ်သာ ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲ ခံရတယ်။ နှစ်ခါ။ အဲဒီမှာ စစ်ရှောင်တွေ စုနေကြတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

လေကြောင်း ဗုံးကြောင့် လူ ၁၅ ယောက်ခန့် သေဆုံးပြီး အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။

“ကမ်းနားရိပ်သာ ကျောင်းထဲ ရပ်ကွက်ကလူတွေ အများကြီး ကျန်ခဲ့တယ်။ ဘယ်မှ သွားစရာမရှိလို့ ပေကပ်နေနေကြတဲ့ အဖွဲ့တွေ။အိမ်မှာလည်း သုံးယောက်ကျန်ထားခဲ့တယ်။အဆက်သွယ်မရဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ကျန်နေခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေက လေကြောင်း ဗုံး ကျရောက် ပေါက်ကွဲလို့ ဘေး မကင်းပဲ သေဆုံးတာတွေရှိပြီး အိမ်နီးနားချင်း အသိတွေ ထိခိုက်သေဆုံးသူတွေ ပါ‌တယ်လို့ ကြားသိရကြောင်း သူက ပြောပါတယ်။

ဘုရားထဲကျန်နေခဲ့တဲ့ထဲ အိမ်နားနီးချင်တွေ အပါအဝင် အရပ်ထဲက လူတွေရော မံစီ၊ မိုးမောက် ဘက်က စစ်ရှောင် တွေပါ ပါနေပြီး အခက်ခဲတွေ အမျိုးမျိုးကြောင့် မရွှေ့နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ မင်းခေါင်စစ်ကြောင်းက ယမန်နေ့ မေလ ၈ ရက်နေ့က ဗန်းမော်မြို့အတွင်းရှိ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေကို ဒရုန်း၊ လေကြောင်း၊ သံချပ်ကာ၊ အမြောက်ပစ်ကူယူ ချေမှုန်းပြီး မြေပြင် ၀င်ရောက် ရှင်းလင်းခဲ့ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဖားကန့် လမ်းပေါ်ရှိ ကပ်မှော်စွပ်ရွာဘုန်းကြီးကျောင်းနဲ့ ဆုတောင်းတောင် တွေဘက်မှာလည်း ယမန်နေ့ မေလ ၈ ရက်နေ့မှာ နစက၊ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစ မြစ်ကြီးနား – နန့်ယား – ဖားကန့် သွားလမ်းကြောင်းဘက် နစက၊ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့က ပြန်လည် ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် မေလ ၆ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ယာယီ အပစ်ရပ်စဲထားမှု သက်တမ်းတိုးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ ၆ ရက်‌‌နေ့မှာ အသိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Photo Crd# ‌ ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW