မော်စကို၊ မေ-၈-၂၀၂၅
ရတီ(VOM)
ယူကရိန်းရဲ့ ဒရုန်းတိုက်မှုတွေ အကြီးအကျယ်လု်ပဆောင်မှုကြောင့် ရုရှားနိုင်ငံတဝန်းရှိ လေဆိပ်တွေမှာ ခရီးသည် ခြောက်သောင်းကျော် သောင်တင်နေခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။
ဂျာမနီအပေါ် အောင်ပွဲခံနိုင်တဲ့ နှစ် ၈၀ ပြည့်အခမ်းအနားသို့ တရုတ်သမ္မတရှီကျင်းပင် မော်စကိုရောက်ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှုနဲ့ လေကြောင်းလိုင်းတွေ ဖျက်သိမ်း၊ နှောင့်နှေးတာတွေ ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဒရုန်း ၅၂၄ စင်းကို ပစ်ချခဲ့ပြီး ဒါဟာ စံချိန်တင်အရေအတွက်ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အသေအပျောက်မရှိဘူးလို့ ဆိုပါတယ်။
မော်စကို၊ စိန့်ပီတာစဘတ်၊ ဆိုချီနဲ့ အခြားမြို့ကြီးတွေမှာ လေယာဉ်ခရီးစဉ် ၃၅၀ ကျော်ထိခိုက်ခဲ့တယ်လို့ ရုရှားခရီးသွားလုပ်ငန်းအသင်းက ပြောပါတယ်။ မော်စကိုမှာကျင်းပမယ့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားမတိုင်ခင် ဗုဒ္ဓဟူးနေ့မှာ သုံးရက်ကြာ အပစ်ရပ်ကြောင်း ရုရှားက ကြေညာထားချိန်မှာပဲ တို်ကခို်ကမှုတွေ ဖြစ်ပွားခဲ့တာပါ။
မြို့တော်မော်စကိုသို့ ပျံသန်းပြေးဆွဲနေတဲ့ လေဆိပ်သုံးခုဟာလည်း အနှောက်အယှက်တွေ ကြုံခဲ့ရပြီး မော်စကိုမှာတော့ လေယာဉ်ခရီးစဉ်ပေါင်း ၁၁၀ ကို ဖျက်သိမ်းလို်ကရတယ်လို့ ခရီးသွားလုပ်ငန်းအသင်းက ဆိုပါတယ်။
ဒုတိယအကြီးဆုံး စိန့်ပီတာစဘတ်မှာလည်း လေယာဉ်ခရီးစဉ် ၅၅ ခု ဖျက်သိမ်းခဲ့ရပါတယ်။ ယူကရိန်းကတော့ ရုရှားရဲ့ ဒီလိုအပစ်ရပ်စဲရေးဟာ အဓိပ္ပါယ်မရှိ ဟန်ပြသာဖြစ်ပြီး ဥရောပနဲ့ အမေရိကန်တို့ ထောက်ခံထားတဲ့ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းဘက်က တောင်းဆိုနေပါတယ်။
Ref:CNA
Photo:Telegram
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှု မော်စကိုအပါအဝင် ရုရှားနိုင်ငံတဝန်း လေယာဉ်ခရီးစဉ် ၃၅၀ ကျော် ထိခိုက်ခဲ့
