မုံးကိုး နယ်စပ်ဂိတ်တွေမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ မြန်မာအလံ ပြန်လည်လွှင့်ထူ

မေ ၁၀၊ ၂၀၂၅
Shy V ( VOM )
ကိုးကန့် MNDAA တပ်ဖွဲ့သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မုံးကိုးနယ်စပ်ဂိတ်တွေမှာ ဒီနေ့ မေလ ၉ ရက် မနက်က စပြီး ကိုးကန့် MNDAA တပ်ဖွဲ့တွေ မြန်မာအလံ ပြန်လည်လွှင့်ထူထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ကစပြီး တရုတ် နိုင်ငံအဝင်၊ အထွက် ဂိတ်တိုင်း ကိုးကန့် MNDAA တွေ မြန်မာအလံ ပြန်လွှင့်ထူနေကြတယ်။ မုံးကိုးမှာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန် နယ်စပ်ဂိတ်မှာတော့ ဧပြီလ ၂၉ ရက်နေ့က စ မြန်မာ အလံလွှင့် ထားပြီလို့ သူက ပြောပါတယ်။
“အုပ်ချုပ်ရေးပိုင်းတွေ ဝင်လာမယ်လို့ သတင်းထွက်နေတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ဘူး။ တခြား တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိနေတယ်” လို့ ကြူကုတ် (ပန်ဆိုင်း) ဒေသခံ တယောက်က ပြောပါတယ်။
ဒါ့အပြင် ကိုးကန့် MNDAA တပ်ဖွဲ့က လားရှိုးကနေ ဆုတ်ခွာပြီးနောက် ဧပြီလ ၂၉ ရက်နေ့ကစ အင်အား ၂၄၂ ရှိတဲ့ စစ်ကြောင်း မူဆယ် – လားရှိုး ပြည်ထောင်စုလမ်းမ နဲ့ အနီးတဝိုက် ခြေလျင် လှုပ်ရှားသွားလာနေတာတွေ လုပ်နေကာ အဲဒီ စစ်ကြောင်း ထဲမှာ အများစုက တရုတ်စကား မပြောတတ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီ စစ်ကြောင်းထဲက အင်အား တချို့ သိန္နီ – ကွမ်းလုံလမ်းမတလျှောက် ‌ေနရာချထားတာကိုတွေ့ရကြောင်း၊ အဲဒီ စစ်ကြောင်းထဲမှာ စစ်သားစုဆောင်းခံရတဲ့သူတွေ နဲ့ လားရှိုးမှာ ဖမ်းဆီးခံရတဲ့သူတွေ၊ စစ်သုံ့ပန်းတွေ ပါဝင်တယ်လို့ သိရကြောင်း၊ မူဆယ်ကနေ ထွက်ပြေးလာတဲ့ နစက တပ်ဖွဲ့တွေတချို့လည်း ပါနိုင်တယ်လို့ သံသယရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ကိုးကန့် MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစ နစက တပ်ဖွဲ့ ပြန်လည် လွှဲပြောင်း ရယူထားတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW