မေ ၊ ၁၀၊ ၂၀၂၅
KH(VOM )
ချင်းပြည်နယ်ထဲက မြို့ရွာတွေနဲ့ ကျေးလက်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာက စလို့ နေအိမ်သုံးဟင်းခပ်ဆားတွေ ပြတ်လပ်နေပြီး ၀ယ်ယူမရဖြစ်နေတာကြောင့် ဆားစျေးတွေ အဆမတန် မြင့်တက်လာနေတယ်လို့ တီးတိန်မြို့ခံ တွေဆီက သိရပါတယ် ။
” ဟင်းခပ်ဆားတွေ နေရာတိုင်းမှာ လိုလို ပြတ်လပ်နေတယ် ၊၀ယ်ယူလို့ မရဘူး ၊အခု လက်ရှိ ဆားစျေးက မီဇိုရမ်းဘက်က၀င်လာတဲ့ ဆားက တပိသာကို လေးထောင်ကျပ် ၀န်းကျင်မှာ စျေးနူန်းပေါက်တယ် ” လို့ တီးတိန်မြို့ခံ ကုန်စုံဆိုင် လုပ်ငန်းရှင် မငယ်က ပြောပါတယ်။
ချင်းပြည်နယ်မှာ ဆားတွေ အဆတန်မြင့်တက်လာတာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ ချင်းပြည်နယ်ထဲကို ပခုက္ကူ ၊ ဂန့်ဂေါ ၊ ကလေး ၊ စတဲ့ မြို့တွေအပြင် တခြားမြို့က ကုန်ကားတွေ ရောက်တာမရှိတာကြောင့် အခုလို ချင်းပြည်နယ်မှာ ဆားပြတ်လပ်မှုတွေ ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။
” ချင်းပြည်နယ် တခုလုံးမှာ ကုန်စည်ပို့ဆောင်တဲ့ ကားတွေမရှိဘူး ၊အဲ့ဒါကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ဘက်ကို ကားတွေသွားကြတယ် ၊ သွားရေး လာရေးခက်ခဲတာကြောင့် မဖြစ်မနေ မီဇိုရမ်းဘက်ကို ကုန်ကူးရတယ် ” လို့ ကုန်စုံဆိုင် လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒါအပြင် ချင်းပြည်နယ်မှာ လတ်တလော ဆားခက်ခဲတဲ့ မြို့ရွာ ကျေးလက်တွေကတော့ ဟားခါး ၊ ဖလမ်း ၊ ထန်တလန် ၊ တီးတိန် ၊ တွန်းဇံ ၊ကျီခါး ၊မင်းတပ် မတူပီ စတဲ့မြို့တွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ကန် ၊ မွေ့လယ် ၊ နှမ်းခါး ၊ ရေရှင် ၊ တောင်ခရမ်း ၊ရွှေဘို သင်တော၊ မြောက်ခရမ်း ၊ ကုက္ကား ၊ဟံသာ၀တီ စတဲ့ ကျေးရွာတွေဘက်မှာလည်း ဆားရှားပါးတာ ဖြစ်ပေါ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။