မေ ၁၁ ၊ ၂၀၂၅
SP(VOM)
စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ မေလ ၁၀ရက်က ကျင်းပပြုလုပ်တဲ့ ရှင်ပြုနားသ အလှူပွဲတခုမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးသူတွေ ရှိခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။
သုံးပန်လှရွာခံတယောက်က
” အလှူပွဲက အကြီးအကျယ်ပြုလုပ်တဲ့ ပွဲမျိုးမဟုတ်ဘူး ၊ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်တဲ့ အလှူပွဲမျိုးဖြစ်တယ် မနေ့က၊ အလှူမဏ္ဍပ်၀င်မယ့် ရက်ဖြစ်တယ် ၊အဲ့ဒါ မနေ့က ၁၂ နာရီ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံရတယ် ၊မောင်ရှင်လောင်း တယောက်အပါအ၀င် အလှူဒါယကာနဲ့ အမျိုးသား သုံးေယာက် ထိခိုက် သေဆုံးတယ် ၊ဒါ့အပြင် အလှူဒါယာကာမနဲ့ သူ့သမီး နားသပါတဲ့ ကောင်မလေးက ဒဏ်ရာရတယ် ” လို့ ပြောပါတယ် ။
အဲ့ဒါကြောင့် ဒီကနေ့မှာကျရောက်မယ့် အလှူပွဲရက်ဟာ ပျက်သွားတယ်လို့ သိရပါတယ် ။
အခုရက်ပိုင်း ချောင်းဦးနယ်နဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ်ဘက်မှာ နစကတပ်ဖွဲ့၀င်အချို့ တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းတွေပါ ဆုံးခဲ့တဲ့ ဖြစ်စဥ်တွေ
ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်၀ါရီအတွင်းက ချောင်းဦးမြို့နယ် အနောက်ပိုင်းမှာ ရှိတဲ့ ကင်မွန်းခြုံ ပြည်သူ့စစ် စခန်း ကို လူအင်အား တထောင်ကျော်နဲ့ ၀ိုင်း၀န်းတိုက်ခိုက်ခံရတယ်လို့လည်း သိရပါတယ် ။
ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ၂၀ ရက်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရဲ့ အနောက်ဘက် ပန်းရံကျေးရွာ ပြည်သူ့စစ်စခန်း တည်ရှိရာ ဘုန်းကြီးကျောင်း၀င်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရှင်ပြုနားသ အလှူပွဲမှာ ဘုန်းကြီးကျောင်းဆောင် ဓမ္မာရုံခေါင်းမိုးအပေါ် ဒရုန်းယာဥ်နှစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခံရတာကြောင့် မောင်ရှင်လောင်းတပါးအပါအ၀င် လူနှစ်ယောက် ထိခိုက်သေဆုံးပြီး ၊ အလှူပွဲလာ ဧည်ပရိတ်သတ် ၁၄ ယောက်ကျော် ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဥ် တခု ဖြစ်ပွားခဲ့ပါတယ်လို့ သိရပါတယ်။