မေ ၁၁၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ဘက်မှာ မေလ ၉ ရက်နေ့ကစ ကိုးကန့် MNDAA တွေ အင်အား ထပ်ဖြည့်လာနေကြောင်း ေဒသခံတွေဆီက သိရပါတယ်။
“ယမန်နေ့ မေလ ၉ ရက်နေ့က ရှမ်းမြောက် သီပေါမြို့နယ်ဘက် ကိုးကန့် MNDAA တပ်ဖွဲ့တွေ စစ်အင်အား ဖြည့်တင်းလာတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့ ဘက်ကရော SSPP/SSA တပ်ဖွဲ့ ဘက်ကရော အင်အားဖြည့်တင်းနေတာသိရပေမယ့် အင်အား အရေအတွက်တော့ မသိရဘူးလို့ ဆိုပါတယ်။
“ကိုးကန့် ကားတွေကတော့ ဖြတ်တယ်။ စစ်အင်အားဖြည့်လား မဖြည့်လားတော့ မသိဘူး။ ပြန်ရှုပ်လာမယ်လို့ အသံထွက်နေတာ။ မသိပါဘူး။ လောလောဆယ်တော့ အေးဆေးပါပဲ။ SSPP/SSA တွေကတော့ ဟိုး အရင်ကတည်းက နေနေတာပါ။ ကျောက်မီးသွေး တွင်း လုကြတာနေမှာပေါ့။” လို့ နမ္မ ကျောက်မီးသွေး သတ္တုတွင်း အနီးက ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ သူက ပြောပါတယ်။
“ကိုးကန့် MNDAA တပ်ဖွဲ့က တော်လှန်းရေးလုပ်နေတာ မဟုတ်ဘူး။ နယ်မြေရရေး လုပ်နေတာ။ အခွန်ကောက်ဖို့၊ မြေသိမ်းဖို့လုပ်နေတာ။ လောဘတွေ အတောမသတ် နိုင်ကြဘူး။ ကျောက်မီးေသွးမှိုင်းလိုချင်လို့လေ။ တရုတ်ရဲ့ ကြားဝင်မှုနဲ့ ပြည်ထောင်စုလမ်းမ လုံခြုံရေး အကြောင်းပြပြီး ထပ်သိမ်းချင်တဲ့ သဘောလား မသိဘူး။” လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
SSPP/ SSA တပ်ဖွဲ့နဲ့ MNDAA တပ်ဖို့တို့အကြား အခု မေလ လဆန်းပိုင်းက နှစ်ဖက် ဗဟိုအဆင့် တာဝန်ရှိသူတွေ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှု အခြေအနေတွေကိုတွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က SSPP/SSA တပ်ဖွဲ့ဆီ မူဆယ်၊ ကွတ်ခိုင် ဘက်ကနေ တပ်ဆုတ် ဖယ်ပေးဖို့ အပြင် ပြည်ထောင်စုလမ်းမကြီးဘက် အခွန်မကောက်ဖို့ ပြောတာကြောင့်သဘောတူညီမှု ရလဒ် တစုံတရာ မရခဲ့ဘူး ခဲ့ကြောင်း ဒေသ အခြေစိုက် သျှမ်း သံတော်ဆင့်က သတင်းဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်ေန့နဲ့ ၂၉ ရက် နေ့တွေမှာ သီပေါမြို့နယ် နမ္မနဲ့ ဆင်ကျော့ကျေးရွာအုပ်စုထဲမှာ SSPP/SSA တပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့အကြား စစ်ရေးထိတွေ့မှု ၈ နေရာ၊ နှစ်ဘက်တပ်ဖွဲ့တွေ ရုန်းရင်း ဆန်ခတ် ထိုးကြိတ် ရိုက်နှက် ဖမ်းဆီးမှု ၂၄ နေရာအထိ ရှိခဲ့ပြီး နှစ်ဘက်ရဲဘော်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း SSPP/SSS ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Video Crd#ဒေသခံ