ဆူးငှက်
“ အရှေ့လားသော် တာနားရွာငယ်၊ အောင်ပင်လယ်တည့်၊
အနောက်လားသော် ရုပ်ပွားရွှေစင် မုနိရှင်တည့်၊
တောင်သို့လားသော် တံတားသာဟန် တောင်သမန်တည့်၊
မြောက်သို့လားသော် နွမ်းပါးယွင်းယို ရွှေနန်းအိုတည့်၊
သိပ္ပံမြေအား ဗဟိုထား၍ ငါကားတုံ့ခေါက် ထောင့်တိုင်းရောက်သည်
စိတ်နောက် ကိုယ်ပါခဲ့သည်လေး ရွှေမန်းယခင်ရှေး” တဲ့။
အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီက ဥပစာကောလိပ်၊ ယူနီဗာစီတီကောလိပ်၊ မန္တလေးတက္ကသိုလ်တည်းဟူသော သိပ္ပံမြေကို ဗဟိုပြုပြီး မန္တလေးရဲ့ အရပ်၄မျက်နှာကို ဒီလိုရေးဖွဲ့ခဲ့ပါတယ်။
ကျွန်တော်က ငလျင်လှုပ်ပြီး နောက်ရက် မန္တလေးကို ရနိုင်သလောက် လှည့်ပတ်ကြည့်ရှုရင်း ဒီကဗျာကို သတိရနေပါတယ်။ ဟိုအရှေ့အောင်ပင်လယ်မှသည် အနောက် မြစ်ဆိပ်၊ ဟိုတောင်ဘက် တောင်သမန်မှသည် မြောက်ဘက် မန္တလေးတောင်၊ သည်ကြား ရောက်ခဲ့ မြင်ခဲ့ရသမျှ ငလျင်ဒဏ်ကြောင့်ပုံကျ ပြိုလဲ တိမ်းစောင်း ယိမ်းယိုင်နေသည့် အဆောက်အအုံတွေချည်း တွေ့မြင်နေရတယ်။ ဆရာဇော်ဂျီ ဗဟိုပြုခဲ့တဲ့ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးလည်း မီလောင် ပျက်စီးသွားပြီ။ တောင်သမန်အင်းစောင်းက ကျောက်တော်ကြီး ပုထိုးတော်ကြီး ရွှေဂူကြီး နဂါးရုံ မှသည် ဘုန်းတော်ကြီးကျောင်းများ ကွမ်စီယမ်ဘုရားကျောင်း ဝတ်ပြုဗလီများနှင့် အမရပူရမြို့လည်း စိစိညက်ညက်ကျေပြီ။ ဟိုမြောက် မန္တလေးတောင်ပေါ် တောင်ခြေ တောင်တော်ဝန်းကျင်မှသည် မြောက်ပြင် အနောက်ပြင် တောင်ပြင် အရှေ့ပြင်တခို ငလျင်ကဝါးမြိုလို့ မင်းတုန်းမင်းရဲ့ ၅၄ကွက်သာမက မ.ဆ.လ မြို့သစ်၊ န.ဝ.တ၊ န.အ.ဖ မြို့သစ်ကွက်တွေထဲထိ ပြိုကျ ပျက်စီးကြပြီ။ ၂၀၁၀နှင့် ၂၀၁၅ အစိုးရခေတ် ကွန်ဒိုတွေ အဆင့်မြင့်တွေ စူပါမတ်ကက်တွေနှင့် ခေတ်မီအိမ်ရာတွေလည်း ပြိုသူပြို လဲသူလဲ ကွဲသူကွဲကုန်ပြီ။
အဆိုးဆုံးက အမရပူရခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီ ခေတ်ဦး ခေတ်လယ် ခေတ်နှောင်းက ရှေးဟောင်း ကျောင်းတိုက်ကြီးများ အုတ်ပုံဘဝ ရောက်ရတော့တယ်။ ဘုရားကြီးအလယ်တိုက်၊ မြင်းဝန်တိုက်၊ မိုးကောင်းတိုက်၊ အနောက်ခင်မကန်တိုက်၊ စကုတိုက်၊ အရှေ့ထီးလင်းတိုက်၊ အနောက်ထီးလင်းတိုက်၊ မစိုးရိမ်တိုက်ဟောင်း၊ မစိုးရိမ်တိုက်သစ်၊ မဟာဝေယန်ဘုံသာ၊ ဓမ္မိကာရာမ၊ ဝိသုဒ္ဓါရုံတိုက်သစ် စတဲ့ နံမည်ကျော်ကျောင်းတိုက်ကြီးများကအစ ကျောင်းတိုက်အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးကြရတယ်။ ဒါတင်မက မန္တလေးက တန်ခိုးကြီး ဘုရားစေတီတော်တွေလည်း ထီးတော်မြေခသည်မှအစ တဆူလုံး ပြိုကျပျက်စီးတာ၊ ဂန္ဓကုဋိတိုက်တော်၊ စောင်းတန်း၊ ဇရပ်ပြာသာဒ်တွေလည်း ပျက်စီးဆုံးရှုံးကြတယ်။ အထူးသဖြင့် မကြုံစဖူး ဆုံးရှုံးမှု ကြီးမားတာက မဟာမုနိဘုရားကြီးပါပဲ။
မဟာမုနိရုပ်ရှင်တော်မြတ်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက် အမှတ် ၅၀၈ မှာ တည်ရှိပြီး အမရပူရမြို့တည် နန်းတည် ဘိုးတော်မင်းတရား လက်ထက်တော် ကတည်းက ပင့်ဆောင်ကိုးကွယ်ခဲ့တဲ့ ကမ္ဘာထိတိုင် ကျော်ကြားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူဖြစ်ပါတယ်။ ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၄ရက်၊ စနေနေ့ (ခရစ်နှစ် ၁၇၈၄ ခု၊ အောက်တိုဘာ ၁၆ ရက်)နေ့တွင် အမရပူရ ရွှေမြို့တော်မှ ဘိုးတော်ဘုရား အမိန့်နှင့့်် သားတော် မဟာဥပရာဇာ အချုပ်ပြုပြီး ရခိုင်သို့ စတင်ချီကာ ရုပ်ပွားတော်မြတ်ကို ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ရက်၊ အင်္ဂါနေ့ (ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်)နေ့မှာ ရခိုင်ပြည် ဓည၀တီမြို့က ပင့်ဆောင်ခဲ့ပါတယ်။ ကောဇာသက္ကရာဇ် ၁၁၄၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့ (ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ မေလ ၅ရက်)နေ့မှာတော့ မဟာမုနိ ရုပ်ပွားတော်ဟာ အမရပူရ ရွှေမြို့တော်၊ စက်ရှင်တံတားအနီး၊ ရွှေဖောင်တော်ဆိပ်သို့ ဆိုက်ရောက်ပါတယ်။
ကောဇာသက္ကရာဇ် ၁၁၄၇ခုနှစ်၊ ပထမဝါဆိုလဆန်း ၂ရက်၊ ဗုဒ္ဓဟူးနေ့(ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ ဇွန်လ ၈ ရက်)နေ့မှာ ရွှေဖောင်တော်ဆိပ်က အမရပူရရွှေမြို့တော်၊ မြို့မြောက်ယွန်း၊ ပြာသာဒ်ကျောင်းတော်ထိပ်၊ တက်သေးအရပ်သို့ ထပ်ဆင့်ပင့်ဆောင်ပြီး ကောဇာသက္ကရာဇ် ၁၁၄၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၆ရက်၊ တနင်္လာနေ့ (ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ ဇွန် ၂၇ ရက်)မှာ မဟာမုနိ ဘုရားရှင်မြတ်၊ ကိန်း၀ပ်မယ့့် ပြာသာဒ်တော်အတွက် ပန္နက်တင်မင်္ဂလာ ဆင်ယင်ခဲ့တယ်။ ကောဇာသက္ကရာဇ် ၁၁၄၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၁ရက်၊ စနေနေ့ (ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ ဇူလိုင် ၂ ရက်) တွင် ဘုံ ၇ ဆင့် ကျွန်းပြာသာဒ်တော်ကြီး စတင်ဆောက်၍ ကောဇာသက္ကရာဇ် ၁၁၄၇ ခုနှစ်၊ သီတင်းကျွတ်(ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ အောက်တိုဘာလ)မှာ ဘုံ ၇ ဆင့် ပြာသာဒ်တော် ပြီးစီးလို့ ဘိုးတော်ဘုရားက၊ စစ်အင်္ဂါ လေးပါးနှင့်တကွ ထွက်တော်မူပြီး မဟာမုနိဘုရားရှင်ကို ပြာသာဒ်တော်ကြီးအတွင်း ပလ္လင်တော် အုတ်ဂူမှာ တင်ထားပူဇော်ပါတယ်။
ကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ရက် (ခရစ်နှစ် ၁၈၅၉ ခုနှစ်၊ မေလ ၂၂ ရက်) မှာ မင်းတုန်းမင်းက နေပြည်တော်ကို အမရပူရမှ မန္တလေးရပ်သို့ ပြောင်းရွှေ့ကာ ထီးသစ်နန်းသစ် မြို့တော်သစ် ထူထောင်ပြီး မဟာမုနိဘုရားရှင်ကိုလည်း မူလနေရာမှာပင် ဆက်လက် တည်ထား ကိုးကွယ်ခဲ့တယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရင်ငွေ့တော်ကို ခုနစ်လက်ခုပ်ထည့်တော်မူ၍ မဟာမုနိ ရုပ်ပွားတော်ကို သွန်းထု ကိုးကွယ်စေသည် ဆိုတဲ့ သမိုင်းအစဉ်အဆက် ယုံကြည် အရ အမရပူရနေပြည်တော်သို့ ကြွရောက်တော်မူသည်မှအစ “မဟာမုနိရုပ်ရှင်တော်မြတ်” လို့ ဘွဲ့တော်ချီခဲ့တာ မှတ်သားစရာပါ။
ကောဇာသက္ကရာဇ် ၁၂၄၅ခုနှစ် နှောင်းတန်ခူးလဆန်း ၁၂ရက် နေ့၂ချက်တီးကျော် သုံးမောင်းခန့် အချိန်က ရတနာဘုမ္မိအရပ် ငတိုးအိမ်က စတင်လောင်ကျွမ်းတဲ့ မီးက ရဟိုင်းဈေးကိုမီးကူးပြီး ရွှေဘုန်းရှိန်ရပ်၊ အဲ့ဒီကနေ တောင်ကို မြင်းဝန်တိုက်၊ အာသောကာရာမတိုက်၊ အရှေ့ဒက္ခိဏာရာမတိုက်၊ တောင်ရွာသစ်၊ အောင်မြေရွှေဘုံတိုက်၊ ရှမ်းပွဲပတ်လည်၊ ကုသိနာရုံဘုရား၊ ကုသိနာရုံတိုက်၊ မဟာမုနိပတ်လည်အိမ်တွေအထိ မီးက ကူးတော့သတဲ့။ ဒီမီးကြီးက ဘိုးတော်ဘုရား ကောင်းမှု မဟာမုနိ ဂန္ဓကုဋိတိုက်တော် ဘုံ၇ဆင့်ကျွန်းပြာသာဒ်၊ အာရုံခံဇရပ်များ၊ စောင်းတန်းနှင့် မုခ်ဦးများကိုပါ မီးခခဲ့ပါတယ်။ ဒီမီး အရှိန်ကဟပ်တော့ အုတ်ဂူတော်ထဲမှာ ကိန်းဝပ်တဲ့ ရုပ်ရှင်တော်မြတ်က မကိုဋ်တော်၊ စလွယ်တော်နဲ့ ရွှေသင်္ကန်းတော်တွေ အရည်ပျော် ပျက်စီးကုန်တယ်။ ဒီပျက်စီးမှုက ရွှေတွေပမာဏက အချိန်(၅၄၅၀) ရှိသတဲ့။ ဒီလို မီးခပျက်စီးခဲ့တော့ သီပေါမင်းက ပျက်စီးယိုယွင်းမှုတွေကို ရှင်းလင်းစေလို့ သက္ကရာဇ် ၁၂၄၆ခုနှစ် ဦးတန်ခူးလပြည့်ကျော် ၇ရက်နေ့မှာ ယာယီတန်ဆောင်းတော်ကြီးနှင့် အတွင်းအုတ်ဂူတော်၊ ဂန္ဓကုဋိတိုက်တော်တို့ကို စတင်ပြုပြင် ဆောက်လုပ်တော် မူစေတာ ရက်ပေါင်း ၈၀အကြာ ဝါဆိုလဆန်း ၁၃ရက်နေ့မှာ ပြုပြင်မှုအားလုံး ပြီးစီးခဲ့ပါတယ်။
လောင်ကျွမ်းတဲ့ မီးကြီးကြောင့် ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေသားမကိုဋ်တော် နားပန်တော် စလွယ်တော်နှင့် ရွှေသင်္ကန်းတော်များ ပျက်စီးမှု၊ ဂန္ဓကုဋိပြာသာဒ်တော်၊ စောင်းတန်း၄သွယ်နှင့် အရပ်ရပ် မီးသင့် ပျက်စီးမှုတွေအတွက် ရွှေသားမကိုဋ်တော် နားပန်တော် စလွယ်တော်နှင့် ရွှေသင်္ကန်းတော်များ အသစ်တဖန် ကပ်လှူခြင်း၊ အဆောက်အအုံများ ပြန်လည်တည်ဆောက်တဲ့ ကုသိုလ်များ ပြီးစီးအောင်မြင်မှု အလှူအောင်ပွဲအဖြစ် သက္ကရာဇ် ၁၂၄၆ခု ဝါဆိုလဆန်း ၁၃ရက် စနေနေ့မှာ အလှူ့ရှင် သီပေါမင်းနှင့် မိဖုးခေါင်ကြီး စုဖုရားလတ်တို့က မင်းညီမင်းသား မင်းသမီး မှူးမတ် သေနာပတိ အစုံအညီဖြင့် အမြောက်သံကြားစေပြီး မဟာမုနိရုပ်ရှင်တော်မြတ်သို့ ထွက်တော်မူခြင်း အခမ်းအနားနဲ့ ကြွချီပြီး ရေစက်ချလှူဒါန်းခဲ့တယ်။ ဒါဟာ ရခိုင်ပြည်က အမရပူရကိုကြွချီပြီး နှစ်၁၀၀တင်းတင်းပြည့်တဲ့ အချိန်မှာ မဟာမုနိရုပ်ရှင်တော်မြတ် ပထမဆုံး ကြုံတွေ့ရတဲ့ ဘေးအန္တရာယ်ပါပဲ။