မေ ၁၃၊ ၂၀၂၅
Shy V (VOM)
လားရှိုးမှာ မကြာသေးခင်ရက်တွေအတွင်း ခိုးမှု၊ လုယက်မှုနဲ့ဓါးပြမှုတွေ တကျော့ပြန်ခေါင်းထောင်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“သူခိုး တယောက်ကို လက်ရ ဖမ်းဆီးမိခဲ့တယ်။ အခြားနှစ်ယောက်ကတော့ ကျောက်ခဲ၊ လေးခွတွေနဲ့ ခုခံ ထွက်ပြေး လွတ်မြောက်သွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒီနေ့ မေလ ၁၂ ရက်နေ့ မနက် ၉ နာရီခန့်က လားရှိုး၊ ရပ်ကွက် ၁ က နေအိမ် တအိမ်ကို လူ ၃ ယောက် ဖောက်ထွင်းဝင်ရောက်နေချိန် အိမ်နီးချင်း တယောက်က လှမ်းမြင်လိုက်တော့ သံချောင်းတီး အော်ဟစ်ပြီး အနီးနားက ဒေသခံတွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးလိုက်တာ လို့ သူက ပြောပါတယ်။
“မနေ့ မေလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ လောက်က ပါရမီ လမ်းသွယ် ၁၄ မှာ အမျိုးသမီးတယောက် ဈေးက အပြန် ဓားပြ တိုက်ခံရတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။Crown အပြောင်း အဖြူ ရောင်မော်ဒယ်အမြင့်ကား နဲ့ လက်စွပ် နှစ်ကွင်း၊ ဖုန်းတလုံးပါသွားတယ်လို့သိရတယ်လို့ သူက ပြောပါတယ်။
ရပ်ကွယ် ၁ မှာပဲ အရင်နေ့က ဘော်ဒါဆောင် လမ်းကြား၊ ဖူဆယ်ကွင်းရှေ့လမ်းက ကားလုတယ်၊ တနေ့ကတော့ ပါရမီလမ်းသွယ် ၄ ထိပ်ကုန်စုံဆိုင်ကို သေနတ်ေထာက် ဓားပြတိုက်သွားေသးတယ်လို့ ဆိုပါတယ်။
“နေ့တိုင်း ဓားပြတိုက်တယ်။ မေလ ၉ ရက်နေ့က စနိုးဝှိုက် လမ်းကြားမှာ ငွေလု၊ မေလ ၉ ရက်နေ့က စနိုးဝှိုက် လမ်းကြားမှာ ကားလု၊ ၁၀ ရက်နေ့မှာက ပါရမီ ဘက် ဓားပြတိုက်တယ်။ နေ့တိုင်း ဓားပြတိုက်ခံရတာ ရှိတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
ကိုယ့်ဟာကိုယ် လုပ်မစားချင်ပဲနဲ့ သူများပစ္စည်း မတရား လိုချင်တဲ့ သူခိုး ဓားပြတွေ အရမ်းပေါနေတယ်လို့ သူက ပြောပါတယ်။
နေ့ခင်းမှာတောင် ဓားပြတိုက် အနုကြိမ်း စီးတာတွေ ဖြစ်နေပြီး ရဲစခန်း နားက တိုက်တန်းလို နေရာတောင် နေ့လယ်၊ နေ့ခင်း တွေမှာ ဓားပြတိုက်ခံရတာမျိုး ရှိနေလို့ လုံခြုံမှု လုံးဝ မရှိတော့ဘူးလို့ ဆိုပါတယ်။
မေလ ၇ ရက်နေ့ နေ့လယ်ကရပ်ကွက် ၁၂ အဝေယာလမ်းမှာ လူတစု ကား ဓားပြ လာတိုက်ခဲ့ သလို ရပ်ကွက် ၃ ကြာဖြူလမ်းထိပ်နားမှာလည်း ဓားထောက် ဖုန်းလုသွားတဲ့ အပြင် မနက် ၁၀ နာရီခန့်ကလည်း ဆိုင်ကယ် လုသွားတာတွေ ရဇိခဲ့တယ် လို့ဆိုပါတယ်။
ဧပြီလ ၃၀ ရက်နေ့ မနက် ၃ နာရီခန့် ကလည်း လားရှိုး၊ ရပ်ကွက် ၇ က နေအိမ်တအိမ်ကို ဝင်းတံခါး သော့ဖျက်ပြီး အိမ်တံခါးမ တံခါးခေါက် ဝင်လာခဲ့တဲ့ သူခိုး နှစ်ယောက်ကို အိမ်ရှင်နဲ့ အိမ်နီးနားချင်းတွေ ဖမ်းမိခဲ့ သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂၆ ရက်နေ့ကလည်း လားရှိုး ရပ်ကွက် ၉၊ နယ်မြေ ၁၊ လမ်းသွယ် ၁၀ မှာ အမျိုးသား တယောက် ဓားပြတိုက် ခုတ်သတ်ခံခဲ့ရပြီး ဧပြီလ ၂၄ ရက်နေ့က ဓာတ်ပုံလာရိုက်တဲ့ မင်္ဂလာ စုံတွဲ ငွေ သိန်း ၁၀၀ နဲ့ ကားတစီး ဓားပြတိုက်ခံရကာ ဧပြီလ ၂၃ ရက်နေ့မှာလည်း ထင်းရှူးမြိုင်ဘက်သွားရာ ပါရမီလမ်းမှာ မိန်းကလေး တယောက် လုယက် ဓားခုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က MNDAA ထိန်းချုပ်ထားတဲ့ အချုပ်ထောင်ကို နိုင်ငံရေး အကျဉ်းသား သောင်းနဲ့ စစ်သုံ့ပန်း မိသားစုတွေကလွဲလို့ ယခင် ပြစ်မှုမျိုးစုံနဲ့ အကျဉ်းသားဟောင်းတွေရော အကျဉ်းသား သစ်တွေပါ မကျန် ထောင်ခါ လွတ်ခဲ့ပြီးနောက် အဲဒီ အကျဉ်းထောင်က လွတ်မြောက်လာသူ တချို့က လားရှိုးမြို့မှာ အခြေပြု သွားလာနေကာ ခိုးမှု၊ လုယက် ဓားခုတ်မှု ပိုဆိုးရွားလာတာ တွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Video Crd# ဒေသခံ