အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁၄)

ဆူးငှက်
သင်္ကြန်အတက်နေ့ (၁၆-၄-၂၅) နေ့က ကျွန်တော်တို့ စစ်ကိုင်းဘက် သွားကြတယ်။ ကျွန်တော်တို့ဆိုတာ တရားလွှတ်တော်ရှေ့နေကြီး ဦးထွန်းအောင်ကျော်၊ ကိုဇူးဇူးမော်(လူထုစာအုပ်တိုက်) နဲ့ ကျွန်တော်တို့ ၃ယောက်ပါ။ ကိုဇူးဇူးမော်က သူ့ကားနဲ့ အိမ်တိုင်ရာရောက် လာခေါ် ပြန်ပို့၊ လက်ဖက်ရည်လည်းတိုက် ဆိုတော့ သူ့စပွန်ဆာလို့ ပြောရမှာပေါ့။ စစ်ကိုင်းကို အဓိက သွားဖြစ်တာက ငလျင်ဒဏ်ကြောင့် ခြေကျိုး လက်ကျိုးရုံမက အိပ်ရာထဲ ဘုံးဘုံးလဲကာ သေမလားရှင်မလား မသိရတဲ့ အသက် ၉၁နှစ်အရွယ် အဘိုးအိုကြီး တဦးကို လူမမာသွားမေးကြတာပါ။
ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ဒီအဘိုးကြီး အသက် ၁၈နှစ်က ခြေ၂ချောင်း အချိုးးခံရပြီး အိပ်ရာထဲ ၃၈နှစ်ကြာ လဲနေတုန်းက သူမှီတယ်တဲ့။ နောက် ကျိုးတဲ့ ခြေချောင်းတွေ ပြန်လည်ကုသပြီး နေကောင်းကျန်းမာသွားလို့ ပွဲကျင်းပတော့ သက ၇နှစ်သားမို့ ကောင်းကောင်းမှတ်မိသတဲ့။ ဒီတော့ ဦးထွန်းအောင်ကျော်က အခု အသက်၉၁နှစ်အရွယ် ဒဏ်ရာ အကြီးအကျယ် ရထားတဲ့ အဘိုးကြီးကို သံယောဇဉ်ရှိနေတယ်။ ဒါကြောင့် လူမမာသွားမေးကြတာပါ။
မန္တလေးဟာ မတ်လ ၂၈ရက် ငလျင်ဘေးမှာ ဘူမိဗေဒပညာရှင်တွေ ညွှန်းခဲ့တဲ့ မန္တလေးဒေသ၏ ငလျင်ဘေးအန္တရာယ်ပြ ပမာဏမြေပုံ အညွှန်းလို အရှေ့ခြမ်းဟာ အထိအခိုက်နည်းခဲ့ပါတယ်။ အနောက်ခြမ်းရောက်လေ အထိအခိုက်များလေမို့ ဘုရားကြီးကနေ စစ်ကိုင်းမန္တလေး ကားလမ်းဘေးတလျောက် အမရပူရအထိ အထိအခိုက်တွေ များလိုက်တာ တချို့နေရာတွေဆို မမှတ်မိနိုင်အောင်ပါပဲ။ မန္တလေးနဲ့အမရပူရကလည်း ဆက်သွားလေတော့ အရင်က မန္တလေးနဲ့ အမရပူရကြားလို့ ပြောကြပေမယ့် အခု တမ္ပဝတီ လူနေရပ်ကွက်ကြီးကြားရောက်နေတဲ့ မဟာစန္ဒာမုနိဘုရားကြီး အပျက်အစီးကလည်း ကြိးမားလှပါတယ်။ အလားတူ အမရပူရ မြို့ထောင့်စေတီကြီးတွေဖြစ်တဲ့ ရွှေစံကားဘုရား၊ ရွှေလင်းပင်ဘုရား၊ ဆင်ကြို့ရွှေကူဘုရား၊ ရွှေကွန်အုပ်ဘုရားတွေလည်းပြိုတယ်။ ဘိုးတော်ဘုရားအုတ်ဂူ ဘကြီးတော် ဘုရား အုတ်ဂူတွေလည်း ပြိုတယ်။ အမရပူရနေပြည်တော် ကောင်းစားစဉ်က ‘မြနန်းဘုံစံ’ ၏ ‘အောင်နန်းစံရာ’ အမည်ရှိ ရွှေနန်းတော်ကြီးနှင့် ‘မြို့တော်၊ ကျုံးတော်၊ ရွှေန်းတော်၊ ရွှေဂူတော်၊ ကျောင်းတော်၊ ပိဋကတ်တိုက်တော်’ ဆိုတဲ့ သတ္တဌာန များနှင့်အတူ ဘုံဆောင်မြင့် အသီးသီးသော သာသနိက အဆောက်အအုံတွေနဲ့ ‘အမရပူရ’က တင့်တယ်ခမ်းနားခဲ့တယ်လို့ သံအဖွဲ့ဝင် နိုင်ငံခြားသားတွေက မှတ်တမ်းတင်ခဲ့ကြတယ်။
သံတမန် ဗိုလ်ကြီးမိုက်ကယ်ဆိုင်းက “တိုင်လုံးကြီး ၇၈ လုံးဖြင့် တည်ဆောက်ထားပြီး၊ မြင်မြင်သမျှ ရွှေပိန်းချကာ၊ ရာဇမတ် ကွက်များဖြင့်လည်း ကာရံထားသော အမရပူရ နန်းတော်၏ ကြီးကျယ်ခမ်းနားပုံနှင့် ရွှေပိန်းချတံခါးအဖွင့်တွင် ရတနာမျိုးစုံ စီခြယ်ထားသည့် ရာဇပလ္လင်၏ တန်ဖိုးကြီးမားလှပပုံ” ကိုလည်း အံ့သြရတယ်လို့ သူ့မှတ်တမ်းမှာ ဆိုတယ်။
ဘကြီးတော် ဘုရားလက်ထက် အမရပူရကို ကုန်သည်အသွင်နှင့် ရောက်ရှိလာတဲ့ အင်္ဂလိပ်လူမျိုး ဟင်နရီဂူဂျာရဲ့ မှတ်တမ်းမှာ
…”အမရပူရမြို့တော်သည် လမ်းမတော်များမှသာ အုတ်ကြွပ်မိုးသော အိမ်များရှိသည်။ ကျန်အိမ်များကား သစ်သား၊ သက်ငယ်တို့ဖြင့်သာ ဆောက်လုပ်သောအိမ်များ ဖြစ်ကြသည်။ ထိုအိမ်များသည် မပျက်စီးခင်က ရှုချင့်စဖွယ် ဖြစ်လိမ့်မည်။ မြန်မာ တို့ထုံးစံအတိုင်း အိမ်များကို ကျွန်းတိုင်စိုက်၍ ဆောက်ကြသည်။ လမ်းဘက်မျက်နှာစာတွင် မြေမှ သုံးပေမြင့်သော အောက်ဆင့် ကြမ်းပြင်ရှိသည်။ ကြမ်းပြင်၏ အနောက်ဖက်တွင် လှေကားရှိသည်။ လှေကားကို တက်၍ အိမ်ခန်းတွင်းသို့ ရောက်နိုင်သည်။ အိမ်ခန်းသည် မြေပြင်နှင့် အလွန်ကွာသဖြင့် အိမ်အောက်တွင် ကျယ်လည်းကျယ်၊ မြင့်လည်းမြင့်၍ ပစ္စည်းသိုလှောင်ရန်နှင့် အခြား ကိစ္စများအတွက် အသုံးချသည်။” လို့ ပါရှိတယ်။
ဒါ့အပြင် ဟင်နရီဂူဂျာက …
”အမရပူရ လမ်းမတော်များသည် က”အမရပူရ လမ်းမတော်များသည် ကျယ်၍ သာယာသည်။ လမ်းဘေးဝယ် မန်ကျည်းပင်များ ပေါက်ရောက်လျက်ရှိသဖြင့် အရိပ်ကောင်းများ ရရှိသည်။ အမရပူရ နန်းမြို့တော်သည် အုတ်မြို့ရိုးအတွင်း၌ရှိသည်။ မြို့ရိုးသည် ပြာသာဒ်၊ တန်ဆောင်းတို့ ဖြင့် တင့်တယ်၏။ မြို့ရိုးကို ကျုံးဖြင့် ပတ်ရံထားပေ၏။ မြို့တော်သည် ဧရာဝတီမြစ်မှ မိုင်ဝက်ခန့်သာ ကွာဝေး၏။ များစွာသော ကုန်သည်၊ ဆင်းရဲသား၊ မြို့သူမြို့သားတို့သည် မြို့တော်နှင့် ဧရာဝတီမြစ်ကြားတွင် နေထိုင်ကြသည်” လို့လည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။
နောက်တော့ အမရပူရဟာ နေပြည်တော်ကို မန္တလေးမှာ ရတနာပုံနေပြည်တော်အမည်နဲ့ အသစ်တည်ပြီးနောက် သူ့အဆောင်အယောင်တွေ ကွာကျသွားကာ ရတနာပုံနေပြည်တော်သားများရဲ့ တောင်မြို့ဆိုတဲ့ အသုံးအနှုန်းအောက်မှာပဲ မျက်လွှာချ ခေါင်းငုံ့ခဲ့ပါတယ်။ ဒီလိုနဲ့ အမရပူရက ရက်ကန်းခတ်တဲ့ သာမာန်မြို့ကလေး အဖြစ်ပဲ ရောင့်ရဲနေပြီး ခေတ်အမြင်ခေတ်အတွေးနဲ့ အားထုတ်လိုက်ကြတော့ ရက်ကန်းနဲ့ပဲ စီးပွားရေးမှာ လက်မထောင်ကာ မန္တလေး သာမက မြန်မာပြည်ဈေးကွက်၊ နိုင်ငံတကာဈေးကွက်အထိ မောကြွားနိုင်တဲ့ အာဂမြို့ဖြစ်ခဲ့ ဖြစ်ဆဲပါ။ အခုတော့ ငလျင်ဒဏ်ကြောင့် အဖိုးတန် ရှေးဟောင်း အနွေအနှစ်များသာမက မြို့ရဲ့ လူနေအဆောက်အအုံ လုပ်ငန်း ကိုင်ငန်းများအထိ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ရပါပြီ။
ဒီလိုနဲ့ စစ်ကိုင်းဆိုတဲ့ ရှေးဟောင်းမြို့ကြီးကလည်း နံမည်ကျော် စစ်ကိုင်းတောင်ရိုးက တောင်ခြေစိမ့်စမ်း ချောင်တွေ သိန်းသန်းလည်း ပြိုကျ ပျက်စီးခဲ့ရပါပြီ။ မြို့လယ်ခေါင်က မြို့မဈေးကြီးအပါအဝင် စီးပွားရေး ရပ်ကွက်ကြီးလည်း ငလျင်ကြော တည့်တည့်မိပြီး လူအသေအပျောက်တွေနဲ့ ပျက်စီးခဲ့ရပါပြီ။ ကျွန်တော်တို့လည်း စစ်ကိုင်းရဲ့ အပျက်အစီး တွေကို စိတ်မကောင်းစွာ ကြည့်ကြ မြင်ကြရပြီး ကိုဇူးဇူးမော်သူငယ်ချင်းရဲ့ ဖခင် ကျောင်းဆရာကြီး ဦးထွန်းထွန်းနဲ့ အသက်၉၁နှစ်အရွယ် အသက်ဆုံးလုဆဲ လူမမာကြီးကို စကုမော်ဆိပ်တည်ရာ ဘုရားဝင်း ဝရံတာက သွားကြည့်ကြ ပါတယ်။
လူမမာကြီးက တချိန်က သန်မာလှပြီး သူ့အပေါ်က အစုန်အဆန် ရထားတွေ၊ အထက်အောက်ဥဒဟို သွားလာနေကြတဲ့ ကားတွေကို သန်မာစွာ ထောက်ကန် ချိတ်ဆက်ပေးခဲ့တဲ့ လက်ချောင်းခြေချောင်းတွေက ကျိုးလို့၊ အားလုံး ၆ချောင်း ၆နေရာ၊ လူမမာကြီးခန္ဓာအခေါ် ၆ကုန်း။ သူလဲလျောင်း နေရတာက အိပ်ရာအိပ်ခင်းမဟုတ်၊ မြစ်မင်း ဧရာ ရေလွှာ သင်ဖြူးလေ။ ရှေ့နေကြီးနဲ့ စစ်ကိုင်းသား ကျောင်းဆရာကြီးက ကုန်လွန်ခဲ့တဲ့ နှစ်၈၀ကျော် ၁၉၄၂ခုနှစ်က အခုလူမမာကြီးရဲ့ ဖခင်ကိုယ်တိုင်က ရန်သူတွေ တက်မလာနိုင်အောင် ခြေချောင်း ၂ချောင်းမိုင်းခွဲ ချိုးချခဲ့တဲ့ သမိုင်းကို ပြန်ပြောင်း ပြောပြနေလေရဲ့။ ဒီ့နောက် ၁၂နှစ်ကြာ ခြေပြတ်ဖြစ်နေရာက ၁၉၅၄ခုနှစ်မှာ ကျိုးနေတဲ့ ခြေချောင်း ပြန်ဆက် ပကတိကျန်းမာပြီး ပွဲခင်းကျင်းပတာ ရှေ့နေကြီး ၇နှစ်သားမို့ မှတ်မိကြောင်း ပြောကြလေရဲ့။ အခု ငလျင်ကြောင့် ခြေလက်၆ချောင်း (ကုန်းကြီး၆ကုန်း) ကျိုးကျနေရှာတဲ့ လူမမာကြီး ပြန်လည် အသက်ဆက်ကြလေမလား။
အကယ်၍ ပြန်လည်အသက်ဆက်လို့ ယခင်မူလလို သန်စွမ်းကျန်းမာလာပြီး အစုန်အဆန်ရထားတွေ ဥဒဟို ဖြတ်သန်း၊ ကားတွေလည်း လူးလာခေါက်တုန့် သွားလာနိုင်လို့ အင်းဝတံတား(ဝါ) စစ်ကိုင်းတံတား ဖွင့်လှစ်ပွဲ ကျင်းပရင် အခု လူမမာလာမေးတဲ့ ကျွန်တော်တော်တို့ ၃ယောက် ကျန်းကျန်းမာမာနဲ့ ပွဲတော်နွှဲပျော်ဖို့ လာကြဦးမယ်လို့ စစ်ကိုင်းသား ကျောင်းဆရာကြီးကို မှာခဲ့ကြပါတယ်။ ဧရာဝတီမြစ်ထဲ လဲကျရင်း အသက်မျှင်းမျှင်းရှုနေတဲ့ ၉၁နှစ်အရွယ် သေကောင်ပေါင်းလဲ လူမမာကြီး အင်းဝတံတား(ဝါ) စစ်ကိုင်းတံတားကြီးက ငါမအိုသေးလို့ လက်ရုံးဆန့်တန်း ပြဖို့ အားယူနေတယ်လို့ပဲ ကျွန်တော်တို့က ယုံကြည်ခဲ့ကြတာလေ။
ဒီလိုနဲ့ စကုမော်ဆိပ် ဘုရားဝင်းကနေ ဝင်းအတွင်းဖွင့်လှစ်ထားတဲ့ ငလျင်ကယ်ဆယ်ရေး စခန်း မိုးကာတများကြားကနေ စစ်ကိုင်းကမ်းနားလမ်းတလျောက် ငလျင်ကြောင့် လမ်းတွေရွေ့သွားတဲ့ ပြတ်ရွေ့ကွဲကြောင်းနေရာတွေ ကြည့်ကြကြပါတယ်။ တဆက်တည်းပဲ အရင် စက်ရှင်မင်းကြီးအိမ် ဘက် လှမ်းမျှော်ကြည့်ကြပြီး တာရိုးလမ်းက နန္ဒဝန်ရပ်ကို ဖြတ်ကာ ငလျင်ဒဏ်ကို ထပ်မံခံစားရလို့ ဖောင်းရစ်တွေအထိ ပြိုကျပေမယ့် ကြံ့ကြံ့ခံဆဲ စစ်ကိုင်းမြို့ရဲ့ အထင်ကရ ဆင်များရှင်စေတီတော်ကြီးကို လှမ်းမြင် ဖူးမြော်နိုင်တဲ့ “တီးစတား” လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြပါတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ကျွန်တော်တို့ တတွေ ရှေးဟောင်း နေပြည်တော်များက ငလျင်ဒဏ်ခံ မြို့တည်နန်းတည် အဆောင်အယောင် အဆောက်အအုံများ အကြောင်း ပြောဖြစ်လိုက်ကြတာ ညနေ ၄နာရီထိုးပေါ့။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW