ဆူးငှက်
မန္တလေးသားများ တယ်ပြီးဒေသစွဲကြီးကြတယ်လို့ ပြောကြတယ်။ ဟုတ်ပါတယ်လို့ ဝန်ခံပါတယ်။ ဒေသစွဲကြီးပုံများ ကိုယ့်မန္တလေးသား အချင်းချင်းကိုပင် အပြောအဆို အသုံးအနှုန်းက ပြောရိုးပြောစဉ်နဲ့လွဲရင်ကို အတိမ်းအစောင်း မခံနိုင်ဘူး။ ဥပမာဆိုပါတော့ ကျွန်တော်က ၈၄လမ်းနှင့် ၃၃လမ်းထောင့် နဂါးဆေးလိပ်တိုက်လို့ ပြောရင် လူကြီးတွေက “မင့်နှယ်ကွယ် လက်ဆည်ကန် နဂါးတိုက်ဆို တမြို့လုံး သိနေတာ” လို့ ပြင်ပေးတယ်။ (အခုတော့ နဂါးဆေးလိပ် တိုက် လို့တောင် နောက်လူတွေ မသိကြတော့ဘူး၊ အောင်သပြေကော်ဇောတိုက်ဆိုမှ သိကြတော့တာ)။ ရေစက်ရုံကြီး မသိတော့ဘူး၊ ယိုးဒယားဈေးဂတ်တဲ မသိကြဘူး၊ ကျောက်ထိုးရုံကွေ့မသိတော့ဘူး၊ အုန်းဘေကာရီထောင့် မသိတော့ဘူး။
တခါ တနယ်တကျေးသား သာမက မန္တလေးသားကကိုပဲ ဘုရားကြီးကို “မဟာမြတ်မုနိ” လို့ ပြောရင်ရေးရင် လက်မခံဘူး၊ ဘုရားကြီး ဒါမှမဟုတ် မဟာမုနိလို့ အမှန်ပြောမှ လက်ခံတာ။ အတိအကျဆိုရင် “မဟာမုနိရုပ်ရှင်တော်မြတ်” ဆိုတာ ဘွဲ့တော်အမှန်လေ။ စကားစပ်လို့ ပြောရရင် ရှေးမန္တလေးသားကြီးတွေက ဘိုင်စကုပ်ကို ရုပ်ရှင်လို့ မသုံးနှုန်းကြဘူး။ ဘာ့လို့လဲ ဆိုတော့ ရုပ်ရှင်ဆိုတဲ့ အသုံးအနှုန်းက ကိုယ်တော်မြတ်ကြီး အမရပူရရောက်ရှိ စံမြန်းကတည်းက “မဟာမုနိရုပ်ရှင်တော်မြတ်” လို့ ဘွဲတော်ချီခဲ့လေတော့ လောကီထုပ္ပတ် လူတို့ဇာတ်အကြောင်း ဇာတ်အိမ်ဇာတ်လမ်းနဲ့ ဖေတော့ မောင်တော့ ကိစ္စကို ရုပ်ရှင်လို့ ပြောလိုက်ရင် မဟာမုနိကိုယ်တော်မြတ်ကြီးနဲ့ တန်းတူဖြစ်မှာစိုးလို့ ဘိုင်စကုပ်ကို မန္တလေးက “ဓာတ်ရှင်” လို့ သုံးနှုန်းခဲ့ကြတာပါ။
အလားတူ မန္တလေးဆိုတာ မင်းတုန်းမင်းကြီးက တည်ထောင်တော်မူတဲ့ မင်းနေပြည်တော် မဟုတ်လား။ မင်းနေပြည်တော် ရဲ့ အဆောင်အယောင် မြို့တည်နန်းတည် သတ္တဌာနကိုလည်း တန်ဖိုးထားကြပါတယ်။ အထူးသဖြင့် နတ်ဘုံနတ်နန်း တမျှလို့ စာဆိုတွေ တင်စားခဲ့ကြတဲ့ ကျုံးပတ်လည် ဝန်းရံသော ရွှေမြို့တော်ကြီးကို ဘယ်ခေတ် ရောက်နေပါစေ အသက်တမျှ တန်ဖိုးထားကြပါတယ်။ ဘယ်လို ဒုက္ခသုက္ခခံစားနေကြရပါစေ ကျုံးမြို့ရိုး ပြာသာဒ်တွေကို မြင်လိုက်ရတာနဲ့ ဒါ ဒို့မန္တလေးဆိုတဲ့ ဇာတိစိတ်နဲ့ အားသစ်အင်သစ်တွေ ပြည့်ဖြိုးလာရတာချည်းပါ။
ရတနာပုံခေတ် အဆောက်အဦများအနက် မြို့တည် နန်းတည် သတ္တဌာနမှာပါတဲ့ ကျုံးမြို့ရိုး အပါအ၀င် ရွှေ့မြို့ တော်ကြီးကတော့ အထင်အရှားပါပဲ။ ကျုံးမြို့ရိုးနှင့် ၄၈ ရပ်သော ပြာသာဒ်များကပင်လျှင် မန္တလေးမြို့ရဲ့ အမှတ်အသား ဖြစ်ခဲ့၊ ဖြစ်ဆဲပါပဲ၊ ကျုံးမြို့ရိုးနှင့် ၄၈ ရပ်ပြာသာဒ်မှာ၊ တံခါးကြီးတွေ ပါတယ်။ တံခါးတွေမှာ ဓာတ်တံခါး၊ မိတ်တံခါးတွေ ခွဲထားတယ်။ ရွှေမြို့တော်ကြီးကနေ၊ တံခါးကြီးတွေကတစ်ဆင့် ကျုံးကို ဖြတ်တဲ့အခါမှာလည်း တံတားကြီးတွေ ရှိပါသေး တယ်။ တစ်ဖက်မှာ တာ ၆၀၀ (၁မိုင်၂ဖာလုံ၅၅ကိုက်) ရှိပြီး၊ အမြင့် ၂၇ပေ၊ ထု ၁၀ ပေရှိတဲ့ အုတ်မြို့ရိုးကြီးမှာ အလယ် ခေါင်တည့်တည့်က ဓာတ်တံခါးဖြစ်တယ်။ ပြာသာဒ်က ဘုံခုနှစ်ဆင့်ရှိတယ်။ ၄ မျက်နှာမှာ ဓာတ်တံခါးက ၄ပေါက်ပေါ့။
အရှေ့ဖက်မှာ ဦးထိပ်တံခါး၊ တောင်ဖက်မှာ ကျော်မိုးတံခါး(မင်္ဂလာတံခါး) အနောက်ဖက်မှာ စည်ရှည်တံခါး၊ မြောက်ဖက် မှာ လေးသိန်းတံခါးတို့ ဖြစ်ပါတယ်။ အဲဒီ ဓာတ်တံခါးတွေရဲ့ တစ်ဖက်တစ်ချက်မှာ မိတ်တံခါး တစ်ပေါက်စီ ရှိတယ်။ ပြာသာဒ်ဘုံက ၅ ဆင့်ပါ။ မလွယ်တံခါးတွေပေါ့။ မိတ်တံခါးတွေက အရှေ့မြောက်အရပ်က စပြီး ပြောရရင် လွန်ကဲတံခါး၊ သောင်းညွတ်တံခါး၊ ကျွန်းလုံးယူတံခါး၊ ရန်နည်တံခါး၊ ကြေးမုံတံခါး၊ ထင်ရှားတံခါး၊ စည်သာတံခါး၊ မန်းဦးတံခါးတို့ပါပဲ။
ဒီလို ရွှေမြို့တော်ကြီးရဲ့ တံခါးတွေနဲ့ပတ်သက်ပြီး စာဆိုများကလည်း စာနဲ့ပေနဲ့ မှတ်တမ်းတင်ကြတယ်။ ဒီထဲက ရွှေမြို့တော်ကြီးရဲ့ ၄၈ရပ်သော ပြာသာဒ်အဆောင်များထဲက အဓိကကျတဲ့ တံခါးကြီးများကို မှတ်တမ်းတင်ခဲ့ပုံကို ထုတ်နှုတ်ပြပါရစေ။
‘ရှိန်းမကားရွာစား’ က ‘မန္တလေး ရွှေမြို့တော် တံခါး ၁၂-ရပ် တေးထပ်’နဲ့ တံခါး၁၂ရပ်ကို အခုလို မှတ်တမ်းတင်ခဲ့ပါတယ်။
“ကိုးချက်စုံရောင်တင့်၊ တောင်မန်းမြင့် သေလာ၊ ထောင်သန်းပွင့် နေပမာလို၊ ရတနာပုံ စံတိုင်း။
ပြုဗ္ဗာတွက် တံခါးမည်ကို၊ ကမ္ဘာတည် ထွန်းလိမ့်သမိုင်း။
‘လွန်ကဲ’ နှင့် ‘ဦးထိပ်’ ပြင်၊ ‘သောင်းညွတ်’ ခွင်မှန်တိုင်း။
ဒက္ခိဏာ တောင်ပိုင်းမတော့၊ စံနှိုင်းရ ‘ကျွန်းလုံးယူ’၊ ‘ကျော်မိုး’ ‘ရန်နည်’ ဆန်းပါဘိ၊ ထိပ်နန်းက ‘ကြေးမုံ’ တဆူ။
‘စည်ရှည်’ နှင့်ထပ်တူ၊ စံယူကာ ‘ထင်ရှား’ ပ၊ မြောက်ပါးက ‘စည်သာ’ ခေါ်ဆို၊ ‘လေးသိန်း’ ဗဟို။
‘မန်းဦး’ က သာပိုသည်။ ရာဇဂြိုဟ် ပြည်ကြီးသို့လေး” တဲ့။
ရွှေ့မြို့တော်ကြီးက တံခါး ၁၂ ရပ်မှာ တံခါးတော် ၁ခုအတွက် ၂၀၈၇၉ကျပ် ၂မူး ကုန်ကျလို့ ၁၂ ရပ်အတွက် ၂၅၀၅၅၀ ကျပ် ၄မူး ကုန်ကျပြီး ၄၈ ရပ် ပြာသာဒ်များအတွက် ၄၃၉၄၈၅ ကျပ် ၄မူး ကုန်သတဲ့။ ဒီတံခါးကြီးတွေမှာ ညနေ နေ၀င်ချိန် ညဉ့်၄ချက်တီး (စက်နာရီ ၆နာရိ) မှာ အလယ်ဓာတ်တံခါးကြီး ၄ပေါက်ကို ပိတ်တယ်။ ၀င်ချင်ထွက်ချင်ရင် မလွယ်ပေါက် မိတ်တံခါးတွေကပဲ လူတစ်ကိုယ်စာ အပေါက်နေ ၀င်ရတယ်။ မလွယ်ပေါက် မိတ်တံခါးတွေကိုလည်း ညဉ့် ၁ချက်တီး (စက်နာရီ ၉နာရီ) မှာ ပိတ်တယ်။ တံခါးအားလုံးရဲ့ ဖွင့်လှစ်ချိန်က နံနက် ၄ချက်တီး (စက်နာရီ မနက် ၆)နာရီ ဖြစ်ပါတယ်။
ဒီ … ဓာတ်တံခါး၊ မိတ်တံခါးကြီးကနေ … အကျယ်ပေ ၂၀၀ ကျော် အနက် ၁၅ ပေ၀န်းကျင်ရှိတဲ့ ရေကျုံးကြီးကို ဖြတ်ဖို့က ၄မျက်နှာမှာ တံတားကြီးက ၅စင်း ရှိပါတယ်။ ၄မျက်နှာ အလယ်ရှိ ဓာတ်တံခါးကြီး ၄ ပေါက်က တံတား ၄စင်း နဲ့ အနောက်မျက်နှာ တောင်ဘက်အစွန်းမှာရှိတဲ့ မိတ်တံခါးဖြစ်တဲ့ ကြေးမုံတံခါးမှာ တံတားတစ်စင်းနဲ့၊ စုစုပေါင်း ၅စင်း ဖြစ် တယ်။ အလွယ်မှတ်ရင်၊ အရှေ့မျက်နှာ၊ တောင်မျက်နှာနဲ့ မြောက်မျက်နှာရဲ့ အလယ်တည့်တည့်မှာ တံတား ၃စင်း ရှိပြီး အနောက်မျက်နှာမှာ တံတားနှစ်စင်းရှိတာပါ။ ဒီနေရာမှာ အနောက်မျက်နှာက တံတား၂စင်းရှိခြင်းက ကြေးမုံတံခါးခေါ် အာဠဝီတံခါးဟာ ရွှေမြို့တော် အတွင်းက ဆွေတော်မျိုးတော်၊ မှူးကြီးမတ်ရာ၊ သေနာပတိ စစ်သူကြီးတို့ သေလွန်သော် မြို့အနောက်ခြမ်းက သင်္ချိုင်းတော်များမှာ ဖုတ်ကြည်းမြှုပ်နှံသင်္ဂြိုဟ်ဖို့ “မသာတော်” များ ထုတ်ဆောင်ရာ “အ…မင်္ဂလာ” တံခါးအဖြစ် သီးခြား ထားရှိခြင်းကြောင့် ဖြစ်ပါတယ်။
ဒီလို တင့်တယ်ခမ်းနားလှတဲ့ ရွှေမြို့တော်၊ ကျုံးတော်၊ မြို့ရိုးတော်ကြီးတွေဟာ ပါတော်မူပြီးနောက် အင်္ဂလိပ် အစိုးရ သိမ်းပိုက်ပြီးနောက် ယိုယွင်းပျက်စီးလာတယ်။ ရွှေမြို့တော်ကြီးအတွင်း နန်းတော်နန်းဆောင်တွေမှာ အင်္ဂလိပ် စစ် တပ်တွေ တပ်စွဲတယ်။ တန်ဖိုးရှိတာတွေ ဖြုတ်သိမ်းယူငင်တာတွေ ရှိလာတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဂျပန်တပ်က ဗုံးကြဲတာရော၊ မဟာမိတ်စစ်တပ်က မြို့ပြန်အသိမ်း တိုက်ခိုက်ကြတာရောကြောင့် မီးလောင်ပျက်စီးပါလေရော…။ မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအ၀င် နန်းဆောင်တွေ မီးလောင် ပြာကျသွားတယ်။ မြို့ရိုးကြီးလည်း ဗုံးဒဏ်ကြောင့် ပေါက်ပြဲ ပြိုပျက်သွားတယ်။ ၄၈ ရပ် ပြာသာဒ်တွေလည်း မီးလောင်ကုန်တယ်။ တံတားကြီးတွေလည်း ပျက်စီးတာရော၊ ဖျက်ဆီးခံတာရောကြောင့် မူလပုံစံ မရှိကြတော့ဘူး။
ဒီလို မြို့ရိုးပျက်၊ ကျုံးကော …၊ တံတားကျိုးနေတဲ့ မြို့တော်ကြီးအလယ်က နန်းတော်ကြီးနေရာမှာလည်း အုတ်ခုံ အတိသာ ကျန်ရစ်တာပေါ့ ။ လွတ်လပ်ရေးရပြီးချိန်မှာပင် ဒီ အပျက်အစီးတွေ မပြင်နိုင်ခဲ့ဘူး၊ နောက်ပိုင်းမှာ ဦးထိပ်တံခါးက တံတား၊ ကျော်မိုး(ခေါ်)မင်္ဂလာတံတား၊ အနောက်ပြင် လူနေရပ်ကွက်ကြီးနှင့် ဆက်စပ်တဲ့ အာဠဝီ(ခေါ်) ကြေးမုံတံတားတွေကို မူလပုံစံအတိုင်း ပြုပြင်တယ်။ ဧည့်သည်များ အ၀င်အထွက်များပြားတဲ့ ကျော်မိုး(ခေါ်) မင်္ဂလာတံခါးပေါ်က ဘုံခုနစ်ဆင့် ပြာသာဒ်ကြီး အသစ်ပြန်လည် တည်ဆောက်ခြင်းနှင့် အချို့ အပျက်အစီး နည်းတဲ့ပြာသာဒ်များကို ပြန်လည် ပြုပြင်ခဲ့ပါတယ်။ မြောက်ဖက်မျက်နှာမှာရှိတဲ့ လေးသိန်းတံခါးက တံတားကြီးကို သံဘေလီယာယီတံတားအဖြစ်ကနေ ၁၉၈၀ ကျော် ၀န်းကျင်ရောက်မှ မူလပုံစံတိုင်း ပြန်လည် တည်ဆောက်ခဲ့ပါတယ်။ ၁၉၉၀ကျော်ရောက်မှသာ မြနန်းစံကျော် ရွှေနန်းတော်ကြီးနဲ့ နန်းမြင့် နန်းဆောင်များ၊ အားလုံးကို ကျန်ရစ်တဲ့ အုတ်ခုံကြီးပေါ်မှာ အားလုံးအသစ် ပြန်လည် တည်ဆောက်ခဲ့ပါတယ်။ ဒါမျှသာမက မြို့ရိုး ၄ဘက်၄တန်ကိုလည်း ပြိုပျက်သမျှနေရာများ မူလပုံစံအတိုင်း ပြုပြင်တည်ဆောက်ခဲ့သလို တံခါး၁၂ရပ်နဲ့ ပြအိုး ၃၂လုံး ထောင့် ပြာသာဒ်ကြီး ၄ရပ်အပါအဝင် ၄၈ရပ် ပြာသာဒ်များကို အချို့ကို ပြန်လည်ပြုပြင်သလို အများစုကိုလည်း အသစ်ပြန်လည် တည်ဆောက်ခဲ့တာပါ။ ဒါကြောင့် ရွှေမြို့တော်ကြီးကို မူလပုံစံတူမျှ ကြည့်မြင်ခံစား ဂုဏ်ယူခဲ့ကြရခြင်းပါပဲ။
အခု မတ်လ ၂၈ရက်က လှုပ်ခတ်တဲ့ ငလျင်ကြီးမှာတော့ အပြင်က အမြဲမြင်တွေ့နေရတဲ့ တံခါး၁၂ရပ်အပါအဝင် ၄၈ရပ်ပြာသာဒ်အချို့ ပြိုကျပျက်စီးရုံမက အုတ်မြို့ရိုးကြီးရဲ့ အစိပ်အပိုင်း အတော်များများလည်း ပြိုကျပျက်စီးခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ကြီးပြီးရင် အကြီးမားဆုံး ပျက်စီး ဆုံးရှုံးမှုကြီးပါပဲ။ အထူးသဖြင့် အရှေ့ဘက်က သောင်းညွတ်တံခါး ပြာသာဒ်၊ တောင်ဘက်က ကျွန်းလုံးယူတံခါး၊ မြောက်ဘက်က စည်သာတံခါးတွေက ပြာသာဒ်များသာမက မီးကာတွေ မြို့ရိုးတွေ သူရဲခိုတွေ ပြိုကျပျက်စီးကုန်ပါတယ်။ ရွှေမြို့တော်အတွင်းက မင်းမိဖုရားတို့ ဂူဗိမာန်အပါအဝင် စွယ်တော်စင် ဗဟိုစည်စင်နဲ့ ရွှေနန်းတော်ကြီးက နန်းဆောင် အစိပ်အပိုင်းတွေလည်း ပျက်စီးဆုံးရှုံးသတဲ့။
မြို့ရိုး ပြအိုး ပြာသာဒ် နန်းတော်နန်းတွင်း အဆောင်အယောင်များ ပျက်စီးဆုံးရှုံးတော့ မန္တလေးသားတွေမှာ အသည်းခိုက်မျှ နှမြော ဝမ်းနည်းကြတယ်။ ဘာပဲပြောပြော ပါတော်မူပြီး ဆုံးရှုံးမှု၊ ဒုတိယကမ္ဘာစစ်ကြီးနဲ့ ပြည်တွင်းစစ်မီးကြောင့် ဆုံးရှုံးမှုတွေကို ခေတ်အဆက်ဆက် ပြန်လည် အစားထိုးပြုပြင်ခဲ့ကြတာ မူလလက်ရာက အနည်းငယ်သာ ကျန်ပါတော့တယ်။ တခါ စီမံခန့်ခွဲမှု လိုအပ်ချက်ကြောင့် ဆုံးရှုံးရမှုလည်း ခေတ်အဆက်ဆက်မှာ ရှိနိုင်တာပါပဲ။ ဒါပေမယ့် အခု ငလျင်ကြီး ဆွဲရမ်းလှုပ်ခါ ဖျက်ဆီးလိုက်တာကတော့ မိနစ်ပိုင်းအတွင်း နန်းတော်မြို့ရိုး ပြာသာဒ်တွေ အတုံးအရုံးပါပဲ။ မည်သို့ဖြစ်စေ မန္တလေးသားတွေက ရွှေမြို့တော်ကြီးကို ၄၈ရပ် ပြာသာဒ်အစုံအလင် မြို့ရိုးအင်္ဂါ အပြည့်အစုံနဲ့ပဲ မြင်ချင်နေကြပါတယ်။ သစ်ချင်သမျှ သစ်ကြပါစေတော့။
(ဆက်ရန်)
ဆူးငှက်