ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်တွေ ဘဝ ဘယ်သူစာနာပါ့မလဲ

 

 

AT

 

 

၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် နစက ပေါ်ပေါက်လာပြီးတဲ့နောက် NLD ပါတီရဲ့  သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပါတီခေါင်းဆောင်ကိုယ်တိုင်ပြောကြားချက်ဆိုပြီး ဝန်ထမ်းတွေ Civil Disobedience Movementမှာ ပါဝင်သင့်ကြောင်း  သတင်းဌာနတွေကို  ပြောကြားပြီးနောက် ၃ရက်အကြာမှာ သူလည်း ဖမ်းဆီးခံလိုက်ရပါတယ်။

 

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကလည်း

“အရေးအကြီးဆုံးက တကယ်ကတော့ CDM နော်။ ဝန်ထမ်းတွေ အလုပ်မဆင်းရေးပဲ။ ဒီရက်သတ္တပတ်က အရေးအကြီးဆုံးပဲ။ ဒါ အဆုံးအဖြတ်ပေးမှာ”  လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။

 

အဲ့ဒီလို ပြောခဲ့ပေမယ့် CDM လှုပ်ရှားမှု ၄ နှစ်ကျော်ကာလကို ရောက်လာချိန်အထိ အဆုံးအဖြတ် ကို မရောက်သေးတဲ့အပြင် ဝန်ထမ်းတွေရဲ့ ဘဝတွေ ကျီးလန့်စာစား အခြေအနေကို ရောက်နေတာ တွေ့ရပါတယ်။

 

CDM ပြုလုပ်သူတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးအရေးယူတာတွေ ရှိသလို CDM မလုပ်သူတွေကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ခြိမ်းခြောက်ဖမ်းဆီးတာတွေ ရှိပါတယ်။

 

တစ်ဖက်မှာလည်း ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ CDM ပြုလုပ်တာ၊ CDM ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပြင်ပအလုပ်တွေ ခန့်တဲ့အပေါ် နစက က အရေးယူတာ စတာတွေ ကြောင့် ပြည်သူလူထုအနေနဲ့ အခက်အခဲတွေ ကြုံလာရပါတယ်။

 

 

တပတ်ပဲ တောင့်ခံထား

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မန္တလေးမြို့၊ ကုတင် (၃၀၀) ကလေးအထူးကုဆေးရုံကြီးက လက်ထောက်ဆရာဝန်တွေဟာ အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြမှု (CDM) ကို စတင်ခဲ့ကြပါတယ်။

အဲ့ဒီ လှုပ်ရှားမှုဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး အခြား ဌာနဆိုင်ရာဝန်ထမ်းတွေလည်း CDM လှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။

CDM လှုပ်ရှားမှုဟာ ဝန်ထမ်းတွေနဲ့တင် သက်ဆိုင်တာ မဟုတ်ဘဲ ပြည်သူ၊ ကျောင်းသားတွေနဲ့ပါ သက်ဆိုင်တယ်ဆိုပြီး လှုပ်ရှားမှုမှာ ပါဝင်တဲ့ အနေနဲ့ အခွန်မဆောင်ဖို့၊ ကျောင်းမတက်ဖို့တွေကိုလည်း ဆန္ဒပြခေါင်းဆောင်တွေက လှုံ့ဆော်ကြပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေ အလုပ်မဆင်းဘဲနေရင် စစ်တပ်အနေနဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်လို့မရဘဲ အာဏာပြန်အပ်ရလိမ့်မယ်ဆိုတဲ့ ရှုထောင့်ကနေ အခုလို လှုံ့ဆော်ကြတာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အလုပ်မဆင်းရေး ဝန်ထမ်းသပိတ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်ကနေ ၂၁ ရက်ကြာ တိုက်ပွဲဝင်ဖို့ သတ်မှတ်ပြီး လိုအပ်ပါက တိုးမြှင့်ဆောင်ရွက်ပေးကြဖို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ဖေဖော်ဝါရီ ၇ရက်မှာ ပန်ကြားပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာ လုပ်တဲ့ VOA သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဝန်ထမ်းတွေ အလုပ်မဆင်းရေးဟာ အရေးအကြီးဆုံးဖြစ်ပြီး တစ်ပတ်ပဲ တောင့်ခံထားဖို့ ဦးမင်းကိုနိုင်က ပြောခဲ့ပါတယ်။

CDM မှာ ပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို စားဝတ်နေရေး အဆင်ပြေအောင် ဆိုပြီး အနုပညာရှင်အချို့နဲ့ တက်ကြွလှုပ်ရှားသူတွေက ကော်မတီဖွဲ့ပြီး ဆောင်ရွက်ကြတာတွေလည်း ရှိပါတယ်။

အဲ့ဒီလို စည်းရုံးမှုတွေအပြင် နိုင်ငံရေးယုံကြည်ချက်ကြောင့် CDM လုပ်ကြသူတွေ ရှိသလို အလုပ်ဆက်တက်နေသူတွေကို ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ရှုထောင့်ကနေ လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံတာ၊ လူမှုရေးပြစ်ဒဏ်တွေ ပေးတာ၊ ၂၀၂၁ ခုနှစ် ဧပြီလ ၁ရက်နေ့အထိ CDM မလုပ်သေးသူတွေကို CDM အနေနဲ့ အသိအမှတ်မပြုဘဲ “CDM တံခါးကြီး ပိတ်တော့မယ်၊ စစ်တပ်နဲ့ တစ်တန်းတည်းထားပြီး အရေးယူမယ်” လို့ CRPH က ကျန်းမာရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဒေါက်တာဇော်ဝေစိုးက ပြောကြားတာ စတဲ့ အချက်တွေကြောင့် CDM မှာ ပါဝင်လာကြသူတွေလည်း ရှိခဲ့ပါတယ်။

 

ပဲခူးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လက်အောက်ရှိ သက်ဆိုင်ရာ ဝန်ထမ်းတွေအားလုံးကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ အစိုးရသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးကြောင်း သက်ဆိုင်ရာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်တွေလည်း ထွက်ပေါ်လာပါတယ်။

 

တစ်နိုင်ငံလုံးက ဝန်ထမ်း ၄၂၀,၀၀၀ ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတယ်လို့ NUG ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အခက်အခဲပေါင်းများစွာနဲ့ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်

 

နစကဟာ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးထောင်ချတာ၊ CDM လုပ်ထားတဲ့ ဆရာ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ပြင်ပကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်လုပ်လို့မရအောင် ပိတ်ပင်တာတွေ အခုအချိန်အထိ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ်ကနေ တစ်နှစ်ခွဲအတွင်း CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ပညာရေး ဝန်ထမ်း ၂၀၉ ဦးကို နစက က ဖမ်းဆီးခဲ့သလို နစက လက်အောက်ခံ တပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် CDM ပညာရေးဝန်ထမ်း ၂၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။

 

CDM လုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေ၊ ဆရာဝန်၊ သူနာပြုတွေ၊ မီးရထားဝန်ထမ်းနဲ့ ရဲ၊ စစ်သားတွေဟာ နစက က ဖမ်းဆီးထောင်ချမှာကို စိုးရိမ်ရတာကြောင့် လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်ရတာ၊ ပြည်ပနိုင်ငံတွေမှာ ချို့ချို့ငဲ့ငဲ့ သွားရောက် နေထိုင်ရတာတွေ ရှိလာပါတယ်။

 

လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတွေကို တိမ်းရှောင်ရတဲ့ CDM ဝန်ထမ်းတွေဟာ တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးတာ၊ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်သူတွေဟာလည်း လုံလောက်တဲ့ ထောက်ပံ့မှုတွေ မရတာကြောင့် ကြုံရာကျပန်း အလုပ်တွေကို ဆင်းရဲပင်ပန်းကြီးစွာ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။

 

အခက်အခဲ အမျိုးမျိုးကြောင့် CDM ကို စွန့်လွှတ်ပြီး လုပ်ငန်းခွင်ပြန်ဝင်သူတွေ ရှိလာပေမယ့် ခံဝန်ထိုးရတာ၊ အစမ်းခန့်ကာလကို ပြန်လည် ဖြတ်သန်းရတာ၊ အစမ်းခန့်ကာလမှာ လစာမရတာတွေအပြင် CDM ပြုလုပ်မထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေက မကြိုဆိုကြတာ စတာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။

 

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ လုပ်တဲ့ CDM လှုပ်ရှားမှု ၄နှစ်ပြည့် အခမ်းအနားမှာပဲ စစ်ရေးကဏ္ဍကို ပထမဦးစားပေး လုပ်ဆောင်နေရတာကြောင့် CDM ဝန်ထမ်းတွေကို အပြည့်အဝ ကူညီထောက်ပံ့တာတွေ မလုပ်နိုင်ခဲ့ဘူးလို့ NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့က ဝန်ခံပြောကြားခဲ့ရပါတယ်။

 

တဖက်မှာတော့ CDM မလုပ်တဲ့ ဝန်ထမ်းတွေကို အတိုက်အခံ NUG နဲ့ NUCC တို့လိုအဖွဲ့တွေက ဥပဒေတွေ ပြဌာန်းပြီး ပြစ်ဒဏ်ချမှတ်ဖို့ လုပ်ဆောင်တာတွေ ရှိလာပါတယ်။

 

၂၀၂၁ ခုနှစ် ဧပြီလ ၁ရက်နောက်ပိုင်း CDM မလုပ်သူတွေကို non-CDM တွေအနေနဲ့ သတ်မှတ်ပြီး ရာထူးအလိုက် အပြစ်ပေး အရေးယူမယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း NUCC က ထုတ်ပြန်တဲ့ CDM ဝန်ထမ်းဆိုင်ရာ မူဝါဒမှာ ရေးသားထားပါတယ်။

 

လက်နက်ကိုင်အဖွဲ့တွေကလည်း သူတို့ထိန်းချုပ်နယ်မြေအတွင်းက non-CDM ဝန်ထမ်းတွေကို ဖမ်းဆီးမယ်လို့ ကြေညာတာ၊ အမှန်တကယ် ဖမ်းဆီးစစ်ဆေးတာအပြင် ဒလန်(သတင်းပေး)လို့ စွပ်စွဲသတ်ဖြတ်တာတွေပါ လုပ်ဆောင်လာပါတယ်။

 

သာဓက အနေနဲ့ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး အထက်တန်းကျောင်းမှ non-CDM ဆရာ၊ ဆရာမ ၆ ဦးကို ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့်ဟုဆိုကာ ကရင်နီပြည် ရဲဌာန KSP က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့တာပါ။

 

KSP ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ လက်အောက်ခံ ရဲဌာန ဖြစ်ပါတယ်။

 

နောက်ထပ် ဖြစ်စဉ်တစ်ခုကတော့ ၂၀၂၂ ခုနှစ်က တမူးမြို့နယ်အတွင်း အသက် ၂၄ နှစ်အရွယ် non-CDM ဆရာမကို ဒလန်(သတင်းပေး) လုပ်တယ်လို့ ဒေသခံ လက်နက်ကိုင်အဖွဲ့တစ်ခုက စွပ်စွဲသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီ ဖြစ်စဉ်တွေမှာ ကျူးလွန်သူတွေကို မည်သူကမှ အရေးယူတာမျိုး မတွေ့ရသလို အားပေးထောက်ခံတာမျိုးတွေပါ တွေ့လာရတာပါ။

 

၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ နိုင်ငံတဝှမ်းမှာ ပညာရေးဝန်ထမ်း ၄၀ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၁၃ ဦး ဒလန်(သတင်းပေး) အဖြစ် စွပ်စွဲ သတ်ဖြတ်ခံခဲ့ရတယ်လို့ နစက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရပိုင်ခွင့်

လူတိုင်း လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရပိုင်ခွင့်ဟာ အခြေခံ လူ့အခွင့်အရေးဖြစ်ပြီး နိုင်ငံအများအပြားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီအချက်တွေကို အာမခံပေးထားတာကို တွေ့ရပါတယ်။

 

ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ CDM ပြုလုပ်မှု၊ CDM ဝန်ထမ်းတွေကို နစကရဲ့ ဖမ်းဆီးအရေးယူမှုတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ non-CDM ပညာရေး ဝန်ထမ်းတွေကို ဖမ်းဆီးမှု၊ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေက ပြည်သူလူထုရဲ့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ ထိခိုက်မှုတွေ ရှိလာတာပါ။

 

NLD အစိုးရလက်ထက်မှာ နိုင်ငံတဝန်း ကျန်းမာရေးဝန်ထမ်း ၁၂၀,၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဝန်ထမ်း ၈၀,၀၀၀ ကျော်ဟာ CDM မှာ ပါဝင်ခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

 

၂၀၂၀ ပြည့်နှစ်က ဆေးတက္ကသိုလ်အသီးသီးက အလုပ်သင်ဆရာဝန် (၁၀၂၂) ဦးအနက် ၂၀၀ လောက်ကိုပဲ အသိအမှတ်ပြုဘွဲ့လက်မှတ် ထုတ်ပေးမှာ ဖြစ်ပြီး ကျန်တဲ့ အလုပ်သင်ဆရာဝန် ၈၀၀ လောက်ကို အမည်ပျက်စာရင်း တင်သွင်းထားတယ်လို့ နစက က  အခုနှစ် မတ်လဆန်း ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 

လက်နက်ကိုင်အဖွဲ့ အချို့ကလည်း နစကအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေတွေကို ဖမ်းဆီးတာ၊ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေကြောင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးတွေ နစ်နာခဲ့ရပါတယ်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက စာသင်ကျောင်း၊ တက္ကသိုလ်နဲ့ ကောလိပ်တွေ ဗုံးခွဲခံရမှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်နဲ့ စာသင်ကျောင်း မဖွင့်ဖို့ ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ရှိခဲ့တယ်လို့ နစက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းမှာတော့ CDM ဝန်ထမ်းတွေကို နစက က လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရင် အမည်မည်းစာရင်း (Black List) ကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

 

အဲ့ဒီလို ထုတ်ပြန်ခဲ့ပေမယ့် ပြန်လည်လက်ခံမယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မထုတ်ပြန်တာ၊ စစ်မှုထမ်းဥပဒေကို စိုးရိမ်တာ၊ CDM ကို စွန့်လွှတ်ရင် ဂုဏ်သိက္ခာအရ ထိခိုက်နိုင်တာ စတဲ့အချက်တွေကြောင့် ဝန်ထမ်းအများစုက အလုပ်ပြန်လည် ဝင်ရောက်တာမရှိဘူးလို့ သိရပါတယ်။

 

လူ့အဖွဲ့အစည်းဆိုင်ရာ ပြဿနာ

 

အထက်မှာ တင်ပြခဲ့တာတွေအပြင် နောက်ထပ် စိုးရိမ်ရမယ့် ပြဿနာတစ်ခုကတော့ လူ့အဖွဲ့အစည်းအတွင်း CDM ပြုလုပ်သူနဲ့ မပြုလုပ်သူတွေကြား ဖြစ်ပွားလာမယ့် အမုန်းတရားတွေ ဖြစ်ပါတယ်။

 

CDM ဝန်ထမ်းတွေကို အပြင်းအထန် ဖိနှိပ်တဲ့ နစက ရဲ့ လုပ်ရပ်တွေ၊ non-CDM တွေကို သူတို့လုပ်တဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေမှာ ဝက်ခြံထဲ ထည့်ထားမယ်ဆိုတဲ့ ထင်ပေါ်ကျော်ကြားသူအချို့ရဲ့ ပြောဆိုမှုတွေဟာ ရေရှည်မှာ လူ့အဖွဲ့အစည်းအတွက် အကောင်းထက် အဆိုးက ပိုများစေမှာပါ။

 

ဒါ့အပြင် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာလည်း နလန်မထူနိုင်တော့ဘဲ ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေးဟာ မျိုးဆက်နဲ့ချီတဲ့ နစ်နာမှုတွေ ဖြစ်လာစေနိုင်မှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ပဋိပက္ခရဲ့ နှစ်ဖက်လုံးက ခေါင်းဆောင်တွေအနေနဲ့ ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုပြီး CDM၊ non-CDM တွေအပေါ် သဘောထားအမြင်၊ ဆက်ဆံပုံတွေကို ပြုပြင်ပြောင်းလဲသင့်တယ်လို့ တင်ပြလိုက်ရပါတယ်။

AT

 

ဆောင်းပါးပါ သဘောထားတွေဟာ စာရေးသူရဲ့ အာဘော်သာဖြစ်ပြီး VOM  ရဲ့ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW