SS (VOM)
လူဦးရေ ထူထပ်လှတဲ့ ရန်ကုန်မြို့မှာ အရည်အသွေး မပြည့်ဝတဲ့ အဆောက်အအုံ များစွာ ရှိနေတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ငလျင်ကြီးတခု လှုပ်ခတ်လာပါက ထိခိုက်သေဆုံးမှု များပြားမယ့်အရေးကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
ရန်ကုန်ဟာ မြန်မာနိုင်ငံမှာ မြေငလျင်အန္တရာယ်ရှိတဲ့ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။ နှစ်ပေါင်းအတော်ကြာ ငြိမ်သက်နေခဲ့တဲ့ ငလျင်ကြောင့် ရန်ကုန်မြို့မှာ ငလျင်လှုပ်မှာကို ပညာရှင်တွေက စိုးရိမ်တကြီး စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ မြေငလျင်အန္တရာယ် အကြီးမားဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်နေပြီး ပမာဏကြီးမားတဲ့ အဓိက မြေငလျင်ကြောကြီး ငါးခု ရှိပါတယ်။ ဒါအပြင် မကြာခဏ လှုပ်ရှားနေတဲ့ ပြတ်ရွေ့ကြော များစွာလည်း ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့ အဓိက သက်ရှင် ပြတ်ရွေ့ကြီးတွေ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အဲဒီ ပြတ်ရွေ့ကြီးတွေကတော့ စစ်ကိုင်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နန်းမပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စတဲ့ ပြတ်ရွေ့ကြီးတွေပါ။ ဒါအပြင် ပြတ်ရွေ့ငယ်များစွာလည်း တည်ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ အဆိုးရွားဆုံး ငလျင်ကြောကြီးတခု ဖြစ်ပါတယ်။ ဒါအပြင် စစ်ကိုင်းတိုင်း၊ ကလေးဝအနီး တောင် – မြောက် တန်းလျက်တည်ရှိနေတဲ့ ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက် တည်ရှိတဲ့ ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက် တန်းလျက် တည်ရှိနေတဲ့ မိုးမိတ်ပြတ်ရွေ့တွေဟာ ငလျင်ကြောကြီးတွေ ဖြစ်တယ်လို့ သိရပါတယ်။ ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့် ရှိတာကြောင့် ငလျင်ဒဏ်ကို အချိန်မရွေး ခံစားရနိုင်ပါတယ်။
ငလျင်ဟာ ကြိုတင် မခန့်မှန်းနိုင်တဲ့ သဘာဝဘေးတမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက််ရှိအချိန်မှာ ခေတ်မီဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ငလျင်ကြောင့် အတိတ်ကာလက ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်လည်လေ့လာတွက်ချက်တဲ့ နည်းပညာ (Paleoseismology) နဲ့ ငလျင်လှုပ်ရှားနိုင်တဲ့ အလားအလာတွေကို လေ့လာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ်မှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တို့နဲ့ ပူးပေါင်းပြီး ၁၉၃၀ ပြည့်နှစ်မှာ အင်အားပမာဏ ၇ ဒသမ ၃ နဲ့ လှုပ်ရှားခဲ့တဲ့ ပဲခူးငလျင်ဖြစ်စဉ်ကို သုတေသနပြု လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီလို လေ့လာခဲ့ကြရာမှာ နှစ်ပေါင်း ၁၆၀ အတွင်း တကျော့ပြန် လှုပ်ရှားနိုင်တာကို တွေ့ရှိခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲ (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။
“ငလျင်ဆိုတာ တိတိကျကျ ခန့်မှန်းတွက်ချက်လို့ မရသော်လည်းပဲပေါ့၊ ၁၉၃၀ ပဲခူးငလျင် ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ မကြာခဏ ဖြေကြားထားတာရှိပါတယ်။ ၁၉၃၀ ငလျင်နဲ့ပတ်သက်ပြီးတော့ အတိတ်က ငလျင်ရဲ့ဖြစ်စဉ်ကို ပြန်လည် လေ့လာမှုအရ ကျွန်တော်တို့ မိုးလေဝနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရယ်၊ ဂျပန်နိုင်ငံ တိုကျိုယူနီဗာစတီနဲ့အတူ မြန်မာနိုင်ငံငလျင်ကော်မတီတို့ ပူးပေါင်းပြီးတော့ ၂၀၁၁ ခုနှစ်က အဲ့ဒီ့ဘက်မှာ သုတေသနပြု ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာဆိုရင် နှစ်ပေါင်း ၁၆၀ အတွင်း တကျော့ပြန်လည် လှုပ်ရှားနိုင်တယ် ဆိုတဲ့ အလားအလာမျိုး တွေ့ရှိရပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီ ငလျင်ဟာ နှစ် ၁၆၀ ပြည့်မှာမဟုတ်ဘဲ နှစ် ၁၆၀ အတွင်း လှုပ်ခတ်နိုင်တယ် ဆိုတာမျိုး ရှိတယ်လို့ သူက ပြောပါတယ်။ လက်ရှိမှာ နှစ်ပေါင်း ၉၀ ကျော် ၁၀၀ နီးပါးလောက် ဖြစ်လာပြီ ဖြစ်တဲ့အတွက်ကြောင့် သတိပြု နေထိုင်သင့်တယ်လို့ စစ်ကိုင်းပြတ်ရွေ့ရဲ့ ရွေ့လျားမှုနဲ့ပတ်သက်ပြီး ၁၉၃၀ ပဲခူးငလျင်နေရာကို ပြောကြားထားတာမျိုးရှိတယ်လို့ သူက ပြောပါတယ်။
ငလျင်တွေဟာ အခါအားလျော်စွာဖြစ်ပေါ်တဲ့ ဘူမိဗေဒဆိုင်ရာဖြစ်ရပ်တွေ ဖြစ်ပေမယ့်လည်း ၎င်းတို့ဟာ မည်သည့်ရှုထောင့်ကနေမှ ကြိုတင်ခန့်မှန်း မရနိုင်ဘဲ အမြဲရုတ်တရက်၊ မမျှော်လင့်ဘဲ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ငလျင်အန္တရာယ် မြင့်မားတဲ့ ဒေသတွေမှာ နေထိုင်ကြသူတွေဟာ ငလျင်လှုပ်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့ သဘာဝဘေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေဟာ ငလျင်ဒဏ် ခံနိုင်ရည်ရှိမှုကို ထည့်သွင်းတွက်ချက် တည်ဆောက်ထားခြင်း မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှ မုတ္တမပင်လယ်ကွေ့အထိ ကီလိုမီတာ ၁၀၀၀ ခန့် အကွာအဝေးနဲ့ သွယ်တန်းနေတဲ့ စစ်ကိုင်းပြတ်ရွေ့အနီးမှာ တည်ရှိပြီး ၁၉၃၀ ပြည့်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ရစ်(ချ်)တာစကေးအဆင့်ရှိ ငလျင်ကြောင့် ပဲခူးမြို့မှာ လူဦးရေ ၅၀၀ ခန့်နဲ့ ရန်ကုန်မြို့မှာ လူဦးရေ ၅၀ ခန့် သေဆုံးခဲ့ပါတယ်။
၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ လေးသိန်းခန့်သာ ရှိပေမယ့်လည်း လက်ရှိအချိန်မှာ လူဦးရေ ခုနစ်သန်းဝန်းကျင် ရှိလာတယ်လို့ သိရပါတယ်။ ဒါကြောင့် မြေငလျင်တခု လှုပ်ခတ်တဲ့ဒဏ်ကို ခံစားရရင် ဆုံးရှုံးမှုနဲ့ ပျက်စီးမှုတွေကို မည်သူမျှ ခန့်မှန်းလို့ မရနိုင်ဘူးလို့ မြို့ပြ တည်ဆောက်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်တယောက်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ၂၀၁၁-၂၀၁၂ မတိုင်ခင်က ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေဟာ ကြံ့ခိုင်မှု အင်မတန် အားနည်းတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဆောက်အအုံတွေက ငလျင်ဒဏ်ခံနိုင်တဲ့ ဟာတွေကို ထည့်သွင်းတွက်ချက် ဆောက်လုပ်လာကြတာကို တွေ့ရတယ်။ အဲဒီမတိုင်ခင်က ငလျင်ဒဏ်ခံနိုင်ဖို့ ထည့်သွင်း တည်ဆောက်ထားတာ မရှိလောက်ဘူးလို့ ထင်တယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့် ခုနောက်ပိုင်း တည်ဆောက်ထားတာတွေကလည်း ငလျင်နဲ့ပတ်သက်လို့ ထည့်သွင်း စဉ်းစားထားတာ မရှိဘူးဆိုရင် ၁၉၃၀ ငလျင်တုန်းက အခြေအနေမျိုး ကြုံရတဲ့အခါ ခံနိုင်ရည် အင်မတန် အားနည်းနိုင်တယ်လို့ သူက ပြောပါတယ်။ အဲဒီတုန်းက ရန်ကုန်ရဲ့လူဦးရေက အကြမ်းဖျင်းပြောရရင် နှစ်သိန်း ကနေ လေးသိန်းလောက်ပဲ ရှိပေမယ့် အခုဆိုရင် လူဦးရေက ခြောက်သန်း၊ ခုနစ်သန်းဝန်းကျင် ဖြစ်နေပြီလို့ ဆိုပါတယ်။
“အဲဒါကြောင့် အများကြီး သတိထားရမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒါကြီးကိုသိပြီး ကြောက်လန့်နေစရာ မလိုဘူး။ ငလျင်က လူကို သေစေတာ မဟုတ်ဘူး။ အဆောက်အအုံတွေက လူကိုသေစေတာ။ အဲတော့ ခံနိုင်ရည် အားနည်းနေတဲ့ အဆောက်အအုံတွေကို ပြန်လည် မွမ်းမံ ပြင်ဆင်တာမျိုးတွေ လုပ်ထားသင့်တယ်” လို့ သူက ပြောပါတယ်။
ငလျင်ဆိုတာဟာ လူအများကို ထိခိုက်အောင် တိုက်ရိုက် လုပ်နိုင်စွမ်း နည်းပါးလွန်းလှပါတယ်။ ငလျင်လှုပ်တဲ့အခါ ငလျင်က လူတွေကို သတ်တာထက် လူတွေ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကသာ လူတွေကို သတ်ပစ်နေတာပါ။
ရန်ကုန်က အဆောက်အအုံတွေဟာ ငလျင်လှုပ်နိုင်တဲ့ ရပ်ဝန်းမှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ငလျင်ဒဏ်ခံနိုင်ရည် စံချိန်မမီတဲ့ အဆောက်အအုံတွေက ပိုများနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ငလျင်နဲ့ ပတ်သတ်ပြီး ရန်ကုန်ကို ထည့်သွင်း မစဉ်းစားကြတာက ရန်ကုန်ဟာ ငလျင်နဲ့ အလွန်စိမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရန်ကုန်နဲ့ ငလျင် မဆုံတာလည်း ကြာလွန်းလှပြီ ဖြစ်တာကြောင့် လူတွေဟာ ငလျင်အန္တရာယ်ကို မေ့လျော့နေကြတာလည်း ဖြစ်နိုင်ပါတယ်။ ငလျင် ဆိုတာမျိုးဟာ နှစ်ကြာရင် လှုပ်ခတ်မှု အင်အား ပိုပြင်းတတ်တာမျိုးပါ။ နှစ်နည်းရင်တော့ အင်အားနည်းတယ်လို့ သိရပါတယ်။
ငလျင်နဲ့ အလှမ်းဝေးသလို ဖြစ်နေတဲ့ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ မေလ ၆ ရက်၊ ညပိုင်းမှာတော့ ငလျင် နှစ်ကြိမ် သိသိသာသာ လှုပ်ခတ်ခဲ့ပါတယ်။ ည ၉ နာရီ၊ မိနစ် ၄၀ မှာ တကြိမ်၊ ည ၁၀ နာရီ ၅၈ မိနစ်မှာ တကြိမ် မိနစ်ပိုင်းသာ ခြားပြီး ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုတယ်လို့ သိရပါတယ်။
ပထမအကြိမ် လှုပ်ခတ်ချိန်က အင်အား မဂ္ဂနီကျု ၂ ဒသမ ၂ လို့ သိရပြီး ဒုတိယအကြိမ် မိနစ်ပိုင်းခြားပြီး ထပ်လှုပ်တဲ့ငလျင်က မဂ္ဂနီကျု ၃ ဒသမ ၇ ဖြစ်ကာ လှုပ်ခတ်မှုကို သိသိသာသာ ခံစားရတယ်လို့ မြို့နေလူထုက ဆိုပါတယ်။ အထက်မြင့် တိုက်ခန်းနေ ပြည်သူတွေဟာ လမ်းမတွေပေါ် ပြေးဆင်းခဲ့ကြတဲ့အထိ ထိတ်လန့်တကြား ဖြစ်ခဲ့တာပါ။
“ငလျင် လှုပ်သွားလို့ ရပ်ကွက်ထဲမှာ ဝုန်းဒိုင်းကြဲ ဆူညံ ပွက်လောရိုက်သွားတယ်။ ဆူညံလွန်းလို့ မီးပါလောင်တယ် ထင်နေတာ။ တိုက်ပေါ်က ဆင်းပြေးကြလို့ လမ်းထဲမှာ လူပြည့်သွားတယ်။ ကိုယ်ကတော့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ထည့်ထားတဲ့အိတ်ကို အရင်ဆွဲ တာ။ ဒါတောင် ဖုန်းမေ့ကျန်ရစ်ခဲ့သေးတယ်” လို့ ဒေါပုံမြို့နယ်က အထပ်မြင့်တိုက်ခန်းနေ ပြည်သူ တယောက်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ငလျင်ငယ်နဲ့ ငလျင်အသင့်အတင့် ဆက်တိုက် ဆိုသလို လှုပ်ခတ်နေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံ (တောင်ပိုင်း၊ မြောက်ပိုင်း) ဒေသတွေမှာ ငလျင်ကြီး ထပ်မံ လှုပ်ခတ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ငလျင်အသင်း ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးသန့်က မီဒီယာတခုကို ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်း ပြတ်ရွေ့ကြောကနေ ငလျင်ပြင်းအား ၇ ဒသမ ၇ လှုပ်ခတ်ပြီးတဲ့နောက်ပိုင်း ငလျင်ငယ်နဲ့ ငလျင်အသင့်အတင့်တွေ ဆက်တိုက် လှုပ်ခဲ့မှုအပေါ်ကို သုံးသပ် ပြောဆိုထားတာ ဖြစ်ပါတယ်။ နောက်ပိုင်း စစ်ကိုင်း ပြတ်ရွေ့ကြောပေါ်မှာ ငလျင်ကြီး လှုပ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ဘယ်နေရာတွေမှာ ငလျင်လှုပ်နိုင်သလဲ ဆိုတာနဲ့ ပတ်သက်လို့ သေချာတာတခုကတော့ ၂၀၁၂ ခုနှစ်၊ သပိတ်ကျင်းငလျင် လှုပ်သွားတဲ့အပိုင်းနဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်သွားတဲ့ အပိုင်းတွေက လွဲရင် ကျန်တဲ့အပိုင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်းအား ၇ (ဒါမှမဟုတ်) ၇ နဲ့အထက် လှုပ်နိုင်တယ်လို့ ဒေါက်တာမျိုးသန့်က သုံးသပ်ထားပါတယ်။
၂၀၁၂ ခုနှစ်မှာ အင်အား ၆ ဒသမ ၈ နဲ့ လှုပ်ခဲ့တဲ့ သပိတ်ကျင်းငလျင်ဟာ ၁၉၄၆ ခုနှစ် အင်းဝငလျင် ၇ ဒသမ ၅ လှုပ်ခတ်ခဲ့တဲ့ အပိုင်းကနေ ပြန်လည် လှုပ်ခတ်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့တဲ့ငလျင်က ၁၉၅၆ စစ်ကိုင်းငလျင် လှုပ်ခတ်ခဲ့တဲ့အပိုင်း မြောက်ဘက်ကနေပြီးတော့ အလယ်ပိုင်း ဝမ်းတွင်း/မိတ္ထီလာအပိုင်း၊ တောင်ဘက်လာရင် ဆွာငလျင်အပိုင်း၊ ဖြူးငလျင်အပိုင်းတွေ ဆက်တိုက် လှုပ်ခတ်သွားတာဖြစ်ကြောင်း တွက်ချက်လို့ရတယ်လို့ သူက ပြောပါတယ်။
“တောင်ပိုင်းမှာ ကျန်နေတဲ့ ၁၉၃၀ ပဲခူးငလျင်အပိုင်းက အန္တရာယ် များလာပါတယ်။ ပြင်းအား ၇ ပတ်ချာလည်အထက် လှုပ်ဖို့ ကြာချိန်က နှစ်ပေါင်း ၁၀၀ အထက် ကြာတယ်ဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၉၅ နှစ် ရှိသွားပြီ ဆိုတော့ အန္တရာယ်ရှိလာနိုင်တယ်။ သတိထားရမယ်လို့ ပြောလို့ရပါတယ်” လို့ ဒေါက်တာမျိုးသန့်က ဆိုပါတယ်။
ကိုးရာစုနှောင်းပိုင်းက စတင်ခဲ့တဲ့ မှတ်တမ်းတွေအရ သမိုင်းတလျှောက်မှာ ပဲခူးမြို့ဟာ ပြင်းထန်တဲ့ မြေငလျင် ၁၂ ကြိမ်ထက်မနည်း ခံစားခဲ့ရတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။ သမိုင်းတလျှောက်မှာ ငလျင်နဲ့ ပတ်သက်ပြီး ရန်ကုန်အတွက် အဆိုးရွားဆုံး အတွေ့အကြုံက လွန်ခဲ့တဲ့ ၉၅ နှစ်က လှုပ်ခတ်ခဲ့တဲ့ ၁၉၃၀ ပဲခူးငလျင် ဖြစ်ပါတယ်။
ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၃ အဆင့် ရှိတဲ့ အဲဒီ ငလျင်ဟာ ရန်ကုန်ကို ဦးတည် လှုပ်ခတ်ခဲ့ခြင်း မဟုတ်ဘူးလို့ သိရပါတယ်။ ရန်ကုန်မှ မိုင် ၅၀ ခန့် ကွာဝေးတဲ့ ပဲခူးတိုင်း၊ ခရမ်းမြို့အနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ လေ့လာ မှတ်သားရပါတယ်။ ငလျင်ရဲ့ အပြင်းထန်ဆုံး ဗဟိုချက်မကို ရန်ကုန်က မခံစားခဲ့ရပါဘူး။
အဲဒီ ငလျင်နောက်ပိုင်း ပြင်းအား အနည်းငယ်သာရှိတဲ့ ငလျင်တွေကလွဲလို့ ရန်ကုန်မှာ ပြောပလောက်တဲ့ ငလျင်ဒဏ်ကို မခံစားကြရတော့ပါဘူး။ ဒါပေမယ့်လည်း ရန်ကုန်ဟာ ငလျင်နဲ့ ပတ်သတ်ပြီး သတိထားရမယ့်မြို့တမြို့ ဖြစ်တယ်လို့ ပညာရှင်တွေက သတိပေး နှိုးဆော်နေဆဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အထပ်မြင့်တိုက်တချို့ ဘေးကို ယိုင်သွားတာမျိုး ရှိခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ ညနေ ၅ နာရီ၊ ၃၃ မိနစ်ဝန်းကျင်က အင်အား ရစ်(ချ်)စကေး ၃ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင် ဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ရဲ့အနောက်ဘက် ၂၁ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။
ဒါအပြင် အဲဒီည ၈ နာရီ၊ ၅၄ မိနစ်ဝန်းကျင်ကလည်း ပဲခူးမြို့မှာ အင်အား ရစ်(ချ်)စကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်လည်း ထပ်မံ လှုပ်ခတ်သွားခဲ့ပါသေးတယ်။ အဲဒီ ငလျင်ဟာ ပဲခူးမြို့ရဲ့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတကော်အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်နဲ့ ပဲခူးတိုင်းအတွင်း နေထိုင်သူတွေဟာ အဲဒီ ငလျင် လှုပ်ခတ်မှုတွေကို သိသိသာသာ ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါအပြင် ငလျင်ဒဏ်ကြောင့် ရန်ကုန်တိုင်းအတွင်း မှော်ဘီမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့က အထပ်မြင့် လူနေကန်ထရိုက် တိုက်တချို့ ဘေးကိုယိုင်ပြီး ပူးကပ်သွားတာ၊ တိုက်ဘေးနံရံတွေမှာ အက်ကွဲကြောင်းတွေထွက်လာတာ၊ ကွန်ကရစ်တွေကွာကျတာ၊ သာသနိက အဆောက်အအုံတချို့ ပြိုကျ ပျက်စီးတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
“ရန်ကုန်မှာ ငလျင်လှုပ်တာက ပြင်းအား သိပ်မကြီးပေမယ့် ဘာ့ကြောင့် ငလျင်ကို သိသိသာသာ ခံစားရတာလဲဆို ရန်ကုန်မြို့ တည်ရှိနေတဲ့နေရာက မြေပျော့ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပါ” လို့ ငလျင်ပညာရှင်တယောက်က ပြောပါတယ်။
ရန်ကုန်မြို့တည်ရှိတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကြီးတခုလုံးဟာ မြေပျော့တွေနဲ့ ဖုံးလွှမ်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် မြစ်လက်တက်တွေ အများကြီးကနေပြီး ပင်လယ်ထဲကို စီးဝင်လာတဲ့အချိန်မှာ ပို့ချထားတဲ့ နုံးတွေ (မြေပျော့တွေ) ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မြေပျော့တွေဟာ ရန်ကုန်အပြင် အနောက်ဘက်ဆို ပုသိမ်၊ မြောက်ဘက်ဆိုရင်လည်း ပြည်မရောက်ခင် နေရာအထိ ဖုံးလွှမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မြေပျော့မျိုးမှာ ငလျင်လှုပ်တဲ့အခါ ထွက်လာတဲ့ ငလျင်လှိုင်းက မြေပျော့ထဲမှာ ဖြတ်သန်းရတဲ့အတွက် မူလ လှုပ်ရမယ့် အဆထက် ပိုပြီးတော့ ကြီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“လှိုင်းရဲ့သွားပုံက အသံလှိုင်းနဲ့အတူတူပဲ။ ရေလည်းပါတယ်။ မြေပျော့တွေထဲမှာ ငလျင်လှိုင်းဖြတ်လို့ရှိရင် မူလထက်ပိုပြီးတော့ ငလျင်လှိုင်းကို ကြီးထွားစေတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ရန်ကုန်မြို့မှာ ငလျင်လှုပ်တဲ့အခါ အင်အား နည်းပေမယ့် အရမ်းပြင်းထန်သွားတာမျိုး ခံစားရတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် ရန်ကုန်မြို့မှာ ၁၉၃၀ ပြည့်နှစ်တုန်းက လှုပ်ခဲ့တဲ့ ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၃ အဆင့် ရှိတဲ့ ငလျင်မျိုးနဲ့ လှုပ်ခဲ့မယ်ဆိုရင် မြေပျော့ ဖြစ်နေတဲ့အတွက်ကြောင့် ထိခိုက်မှု များနိုင်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဆောက်လုပ်ထားတဲ့ အထပ်မြင့်တွေရဲ့ အရည်အသွေးပေါ်မှာ မူတည်ပြီး ပျက်စီးမှုနှုန်း ပိုမို များပြားနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်နိုင်ခြေနဲ့ ခံစားရနိုင်ခြေတို့အတွက် ပညာရှင်တွေက လေ့လာ တွက်ချက်ထားမှုတွေ ရှိပါတယ်။ အဲဒီ အခြေအနေတွေဟာ အပျက်အစီး အများဆုံးအဆင့်ဖြစ်တဲ့ ဇုန် ၅ (Seismic Zone 5) အဖြစ် ဖျက်စီးမှုများဇုန် (Destructive Zone)၊ ဇုန် ၄ (Seismic Zone 4) အဖြစ် ပြင်းထန်ဇုန် (Severe Zone)၊ ဇုန် ၃ (Seismic Zone 3) အဖြစ် အားပြင်းဇုန် (Strong Zone)၊ ဇုန် ၂ (Seismic Zone 2) အဖြစ် အားလတ်ဇုန် (Moderate Zone) နဲ့ ဇုန် ၁ (Seismic Zone 1) ကို အားနည်းဇုန် (Low Zone) ဆိုပြီး အဆင့်အဆင့် သတ်မှတ်ထားပါတယ်။
စတင် တည်ဆောက်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းဟာ အားလတ်ဇုန်ပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်။ တိုးချဲ့ထားတဲ့ အရှေ့ဘက်ရှိ မြို့သစ်တွေကတော့ အားပြင်းဇုန်ပေါ်မှာ ရောက်ရှိနေတယ်လို့ ပညာရှင်တွေက ပြောကြားထားကြပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ တနေ့တခြား များပြားလာနေပြီး အဆောက်အအုံတွေဟာလည်း တိုးပွားလာခဲ့ပြီ ဖြစ်ပါတယ်။ လူ ၅၀ သေဆုံးခဲ့တဲ့ ပဲခူးငလျင် လှုပ်ခတ်ခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်က ရန်ကုန်မှာ လူဦးရေ သိန်းဂဏန်းသာရှိခဲ့တာပါ။ အဲဒီအချိန်က အထပ်မြင့် အဆောက်အအုံတွေလည်း ပြောပလောက်အောင် မရှိသေးပါဘူး။ ဒါပေမယ့်လည်း အခုအချိန်မှာ ရန်ကုန်မြို့မှာ လူဦးရေ ခုနစ်သန်းဝန်းကျင် နေထိုင်နေပြီဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ သန်းကောင်စာရင်းအရ ရန်ကုန်မှာ အုတ်၊ အင်္ဂတေ စတဲ့ ပစ္စည်းတွေကို အခြေခံပြီး ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ငါးသိန်းကျော် ရှိနေတယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ တနိုင်ငံလုံးရှိ အဆောက်အအုံ အရေအတွက်ရဲ့ လေးပုံတပုံဖြစ်တယ်လို့ သိရပါတယ်။
“ကြိုတင် ပြင်ဆင်ထားမှုအပိုင်းဆို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိသေးဘူးလို့ပဲ ဖြေရမှာပဲ။ အရေးကြီးတဲ့ စာရွက်စာတမ်း၊ဆေးဝါးနဲ့ ကိုယ့်အတွက် အရေးကြီးတဲ့ ပစ္စည်းဥစ္စာတွေကိုတော့ ထုပ်ပိုး ပြင်ဆင်ထားတယ်။ အဆောက်အအုံတွေနဲ့ လွတ်ကင်းတဲ့နေရာကို ဘယ်လို ရွှေ့ပြောင်းနေထိုင်လို့ အဆင်ပြေမလဲဆိုတာကိုတော့ ကြိုမတွေးထားမိသေးဘူး” လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။
ငလျင်လှုပ်တဲ့အခါ အင်အား ရစ်(ချ်)တာစကေး ၁ မှ ၄ ဒသမ ၉ အထိဖြစ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ပြီး ရစ်(ချ်)တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုကတော့ အင်အားအသင့်အတင့်ဖြစ်ကာ ပျက်စီးမှု အနည်းငယ် ရှိနိုင်တယ်လို့ သိရပါတယ်။ ရစ်(ချ်)တာစကေး ၆ မှ ၇ ဒသမ ၅ အထိ လှုပ်ခတ်ရင်တော့ အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်(ချ်)တာစကေး ၇ ဒသမ ၆ နဲ့အထက်ကိုတော့ အားအလွန်ပြင်းတဲ့ ငလျင်အဖြစ် သတ်မှတ်ပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။
လက်ရှိ ရန်ကုန်မြို့အနေနဲ့ ပဲခူးငလျင်ဖြစ်စဉ်ရဲ့ တကျော့ပြန် လှုပ်ရှားနိုင်တဲ့ အလားအလာကို သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်သလိုပဲ ရခိုင်ပြည်နယ် အနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသင့်တယ်လို့ မိုး/ဇလဌာန (မြေငလျင်ဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။ သမိုင်း အထောက်အထားတွေအရ စစ်တွေမြို့အနီးမှာလည်း ၁၇၆၂ ခုနှစ်က အင်အားပြင်းထန်တဲ့ ငလျင်ကြီးတခု လှုပ်ရှားခဲ့တာကြောင့် အဲဒီငလျင်နဲ့ ပတ်သက်ပြီးလည်း ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်တယ်လို့ သူက ပြောပါတယ်။
စစ်တွေအနီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ဆူနာမီရေလှိုင်းတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ လေ့လာချက်အရ အဲ့ဒီ့နေရာမှာ ငလျင်လှုပ်ရှားခဲ့တာဟာ အခုအချိန်မှာဆိုရင် နှစ်ပေါင်း ၂၆၀ ခန့် ရှိပြီဖြစ်တာကြောင့် အဲ့ဒီ့ဒေသ အနီးတဝိုက်မှာလည်း ၁၇၆၂ ခုနှစ်က လှုပ်ရှားခဲ့တဲ့ ငလျင်ဖြစ်စဉ်ကို သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်တယ်လို့ ဆိုပါတယ်။
ငလျင်လှုပ်ရှားနိုင်တဲ့ ဒေသ (ဒါမှမဟုတ်) ငလျင်ပြတ်ရွေ့ တည်ရှိရာဒေသမှာ နေထိုင်ကြသူတွေအဖို့ ငလျင်သတိ အမြဲရှိနေကြဖို့ အလွန် လိုအပ်လှပါတယ်။ ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ မရှိရစေဖို့ ကြိုတင် ပြင်ဆင်ထားမှုတွေလည်း ပြုလုပ်ထားကြရမှာ ဖြစ်ပါတယ်။ ဒါအပြင် ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နဲ့ ငလျင်လှုပ်ပြီးချိန်တွေမှာ ပြုလုပ်ကြရမယ့် အချက်တွေကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံဟာ ရှေးယခင် နှစ်သန်းပေါင်း များစွာကတည်းက ကမ္ဘာ့ငလျင်ကြောနဲ့ ပြည်တွင်းရှိ ငလျင်ပြတ်ရွေ့တွေပေါ်မှာ တည်ရှိနေတာပါ။ ဒါကြောင့် ငလျင်ဒဏ်ကို မကြာခဏဆိုသလို ခံစားရတဲ့ နိုင်ငံတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။
ဒါပေမယ့် ငလျင်ဘေးနဲ့ပတ်သတ်လို့ ရှေးယခင် ခေတ်ကာလ အစဉ်အဆက်မှသည် ယနေ့ထက်တိုင် ကြိုတင်ကာကွယ်ရေး၊ လူထု အသိပညာပေးမှုနဲ့ ထိခိုက်ဆုံးရှုံးနိုင်မှု နည်းနိုင်သမျှ နည်းပါးစေရေး စတဲ့ စနစ်ကျပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အစီအမံနဲ့ အစီအစဉ်တွေ ချမှတ်ထားရှိမှုမှာတော့ အားရကျေနပ်စရာ အနေအထား မရှိသေးပါဘူး။ အဲဒီ အစီအမံနဲ့ အစီအစဉ်တွေဟာ အစီရင်ခံစာရွက်တွေပေါ်နဲ့ ပြင်ပမှာ ဟန်ပြသက်သက် အနေအထားသာ ရှိနေသေးတယ်လို့ သဘာဝဘေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေက ပြောဆိုလျက် ရှိကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူ ၄၀၀၀ နီးပါး ရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၅၀၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၁၄၀ ကျော် ရှိခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေလည်း များစွာ ဖြစ်ပေါ်ခဲ့ရတာပါ။ ဒီအတွက် စိတ်မကောင်းခြင်း များစွာ ဖြစ်ရသလို သင်ခန်းစာယူကာ အနာဂတ်အတွက် ကြိုတင် ပြင်ဆင်မှုတွေလည်း ဆောင်ရွက်သင့်ပြီ ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။ ။
Photo – CJ