မေ – ၁၆၊၂၀၂၅
GG (VOM)
မန္တလေးမှာရောက်ရှိနေတဲ့ ဗန်းမော်စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်မှာ စားနပ်ရိက္ခာ အပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးနေသူတွေဆီကသိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်လာစဥ် ပစ္စည်းတွေသယ်ယူနိုင်ခြင်းမရှိဘဲ စစ်ရှောင်လာကြရတဲ့အတွက် အစားအစာ၊ အဝတ်အထည်၊ တကိုယ်ရေသုံးပစ္စည်း ၊ ဆေးဝါး စတဲ့အကူအညီတွေကို လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
” စစ်ရှောင်တွေက ထပ်တိုးလာတယ်။ စစ်ရှောင်တွေအတွက် အကူအညီတွေအကုန်လိုနေပါတယ်။ဘာလိုအပ်လဲဆိုရင် ဘာမှကိုမပါလာတာများတယ်။ အိုးခွက်ပန်းကန်တွေ၊ခြင်ထောင်စောင်တွေလည်းမပါဘူး။တကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေလည်းမပါဘူး။အဝတ်တထည်ကိုယ်တခုပဲများတယ်။ထပ်တိုးစစ်ရှောင်တွေပေါ့။စစ်ရှောင်တွေက ဧည့်သည်လိုဖြစ်နေတော့ အကူအညီတော်တော်များများမရကြဘူး။စာရင်းမရှိတော့ ရပ်ကွက်အများစုကစစ်ရှောင်တွေက ချန်လှပ်ထားခြင်းခံရတယ်။” လို့ ကူညီပေးနေသူကပြောပါတယ်။
လက်ရှိမှာ ဗန်းမော်စစ်ရှောင်ပြည်သူတွေက မန္တလေး ၊ စစ်ကိုင်းနဲ့ ပြင်ဦးလွင် မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့နေအိမ်တွေ ၊ အိမ်ခန်းငှားရမ်းနေထိုင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
အဓိက အရေးပေါ်အကူအညီတွေနဲ့ စားနပ်ရိက္ခာ တွေလိုအပ်နေတာက မန္တလေးက ဘုန်းတော်ကြီးကျောင်းတွေမှာမှီခိုနေထိုင်နေကြရတဲ့ စစ်ဘေးရှောင်မိသားစုတွေဖြစ်တယ်လို့သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေမှာ အရေးပေါ်အကူအညီတွေလိုအပ်နေသလို စစ်ရှောင်တွေရဲ့ဆေးဝါးကုသမှုအပိုင်း မှာလည်း အကူအညီတွေရရှိမှုနည်းတာကြောင့် စစ်ရှောင်တွေအဆင်မပြေဖြစ်နေရတယ်လို့သိရပါတယ်။
” အများစုက ဆေးရုံမှာဆေးသွားမကုနိုင်ဘူး။စစ်ရှောင်နေရတော့ငွေကြေးကမရှိဘူးဆိုတော့ တိုင်းရင်းဆေးနဲ့ပဲ လုပ်နေကြတာတွေ့ရတယ်။” လို့ သူကထပ်မံပြောပါတယ်။
အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့ မန္တလေးက ဗန်းမော်စစ်ဘေးရှောင်ပြည်သူတွေကတော့ ဗန်းမော်မှာ တိုက်ပွဲတွေဖြစ်ပွားတဲ့ ၂၀၂၄ ဒီဇင်ဘာကနေ လက်ရှိ ၂၀၂၅ ခုနှစ် မေလအထိ ကာလအတွင်းမှာရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေဖြစ်တယ်လို့သိရပါတယ်။
လက်ရှိအထိ ဗန်းမော်မြို့မှာ နစကတပ်တွေနဲ့ KIA တေပူးပေါင်းတပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ကလည်း ဗန်းမော်မြို့ကိုသိမ်းပိုက်နိုင်ဖို့ အပြင်းအထန်တိုက်ခိုက်နေသလို နစက ကလည်းမြို့မကျရေး ခုခံကာကွယ်တိုက်ခိုက်နေပါတယ်။
ဓာတ်ပုံ – သုညသုခအသင်း