ကြားနေသူတွေဟာ မှားနေတာလား

 

 

AT

 

“တော်လှန်ရေးမှာ ကြားနေမရှိဘူး” ဆိုတဲ့ စကားကို ကိုယ့်ကိုကိုယ် တော်လှန်ရေး ဘက်တော်သားလို့ ခံယူထားသူအချို့ ပြောတာ ကြားဖူးမှာပါ။

သူတို့ အဓိက ရည်ညွှန်းပြောကြားတာက မြို့ပြ၊ ကျေးလက်နဲ့ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိ နေထိုင်နေကြတဲ့ သာမန် မြန်မာပြည်သူ လူထုကို ဖြစ်ပါတယ်။

အလားတူပဲ လက်နက်ကိုင် အဖွဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေ ဖြစ်တိုင်းမှာ နစက ထောက်ခံသူတွေပြောလေ့ရှိတာက သူပုန်တွေသေတာ ဘာဆန်းလဲ ဆိုတာပါ။

လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဘယ်ဖက်ကမှ မရပ်တည်ဘဲ ကြားနေခွင့်ကို နိုင်ငံတကာဥပ‌ဒေတွေက အာမခံပေးထားသလို အခြေခံကျတဲ့ လူ့အခွင့်အရေးလည်းပဲ ဖြစ်ပါတယ်။

သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြကတော့

“ကြားနေဝါဒဆိုတာ မိန်းမရွှင်ဝါဒနဲ့

အတူတူပဲ ။ အမှန်နဲ့အမှား ဓမ္မ နဲ့အဓမ္မကြားမှာ

ကြားဆိုတာ ဘယ်တော့မှ မရှိဘူး ။ ” လို့ သူ့ရဲ့ ငရဲခွေးကြီးလွတ်နေပြီဆောင်းပါးမှာ သူ့သဘောထားကို ထည့်ရေးဘူးပါတယ်။

 

အဲဒီတော့ ကြားနေဆိုတာနဲ့ပတ်သက်လို့  မှားလားမှန်လားဆိုတာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်မို့  အငြင်းမပွားလိုပါဘူး။

 

ကြားနေခွင့်မပေးဘဲ ဘက်တဖက်ကို ရွေးခိုင်းတာဟာ ရေတို၊ ရေရှည်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

 

ခြိမ်းခြောက်ခံနေရတဲ့ ကြားနေရေး မူဝါဒ

 

၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းသား၊ ကျောင်းသူတွေ၊ ပြည်သူတွေ၊ ဝန်ထမ်းအများစုဟာ အကြမ်းမဖက် လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြပါတယ်။

CDM မှာ ပါဝင်သူတွေကို အတိုက်အခံနဲ့ အတိုက်အခံ ထောက်ခံသူတွေက သူရဲကောင်းလို့ သတ်မှတ်ပြီး CDM မှာ မပါသူတွေကိုတော့ သစ္စာဖောက်တွေ၊ ကြောက်ရွံ့နေသူတွေလို့ သတ်မှတ်ကြပါတယ်။

ပဋိပက္ခ အရှိန်မြင့်လာပြီး လက်နက်ကိုင် ပဋိပက္ခအခြေအနေ ရောက်သွားချိန်မှာတော့ အဲ့ဒီလို ခွဲခြားသတ်မှတ်မှုတွေကလည်း ပိုပြီး မြင့်တက်လာပါတယ်။

နစက ထိန်းချုပ်ဒေသတွေမှာ နေထိုင်ပြီး စစ်ပွဲအတွက် လူအား၊ ငွေကြေးအင်အားနဲ့ မပံ့ပိုးသူတွေ၊ သို့မဟုတ် မပံ့ပိုးဟု ထင်မြင်ယူဆသူတွေကို တာဝန်မကြေသူတွေ၊ သွေးအေးသူတွေလို့ လူမှုကွန်ယက်တွေကနေတဆင့် အပြစ်တင် ရှုံ့ချတာ၊ အချို့ကို ဒလန်(သတင်းပေး)လို့ သတ်မှတ်တာမျိုးတွေ ဖြစ်ပါတယ်။

အဲ့ဒီလို သတ်မှတ်မှုတွေဟာ လက်နက်ကိုင်အဖွဲ့တွေမှာ တိုက်ရိုက်ပါဝင် တိုက်ခိုက်နေသူတွေကတင် မကဘဲ ပြည်သူလူထုကြားထဲမှာပါ ပျံ့နှံ့လာနေတာပါ။

ရုံးတက်သူနဲ့ မတက်သူ၊ ကျောင်းတက်သူနဲ့ မတက်သူ၊ အခွန်ဆောင်သူနဲ့ မဆောင်သူ၊ အနုပညာလုပ်ငန်း ဆက်လုပ်သူနဲ့ မလုပ်သူ စတဲ့ ပြည်သူလူထု ကြားထဲမှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတစ်ခုအပြီးမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မိမိတို့ကို ရန်ပုံငွေ ထည့်ဝင်မထားသူတွေကို မြို့အတွင်း ပေးမဝင်ဘူးဆိုတဲ့ ထုတ်ပြန်ချက်က ဝေဖန်စရာ ဖြစ်စေပါတယ်။

ဒါကိုကြည့်ရင် လက်နက်ကိုင်ထိန်းချုပ်ဒေသက အရပ်သားတိုင်း လက်နက်ကိုင်အဖွဲ့ ထောက်ခံသူတွေ မဟုတ်ကြောင်းနဲ့ အသက်ရှင် ရပ်တည်ဖို့ ကြိုးစားနေသူတွေသာ ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။

တဖက်ကလည်း နစကဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး စစ်မှုထမ်းဖို့ အတင်းအကြပ် လူဆင့်ခေါ်တာတွေဟာ ပဋိပက္ခအတွင်း ကြားနေဖို့ ကြိုးစားသူတွေကို မဖြစ်မနေ ဘက်တစ်ဖက်ကို ရွေးခိုင်းတဲ့သဘော သက်ရောက်နေပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးသူတွေအပေါ် စာနာကြောင်း လူမှုကွန်ယက်ကနေ ဖော်ပြမိသူတွေ၊ သတင်းဌာနတွေက သတင်းအချို့မှာ မှတ်ချက်ပေးသူတွေကိုလည်း အရေးယူတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာပါ။

လက်နက်ကိုင် ထိန်းချုပ်ဒေသတွေကို နစက က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်အပြီး အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိလာတိုင်းမှာ နစက ထောက်ခံသူတွေက သေဆုံးသူတွေဟာ သူပုန်တွေဖြစ်ကြောင်း၊ ကလေးတွေ သေဆုံးမှုရှိရင်လည်း ကြီးရင် သူပုန်ဖြစ်မှာဖြစ်တဲ့အတွက် တိုက်ခိုက်သင့်ကြောင်းတွေ ပြောလာကြတာ ဖြစ်ပါတယ်။

ဒါဟာ သာမန် ပြည်သူလူထုရဲ့ အသက်ရှင် နေထိုင်ခွင့်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ကြားနေခွင့်ရှိတယ်ဆိုတဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်တဲ့အပြင် ပြည်သူချင်း အမုန်းတရားတွေ များပြားလာစေမှာ ဖြစ်ပါတယ်။

 

အတိတ်က သင်ခန်းစာတွေ

တရုတ်ပြည်မှာ မော်စီတုံးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီ အာဏာရလာပြီးနောက် ဖြစ်ပွားခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တန်ပြန်တော်လှန်ရေးသမားလို့ သတ်မှတ်ခံရသူတွေကို လူပုံအလယ်မှာ အရှက်ခွဲတာ၊ ရိုက်နှက်တာ၊ အလုပ်ကြမ်းစခန်းတွေ စေလွှတ်တာ၊ ထောင်ချတာ စတဲ့ ပြစ်ဒဏ်တွေ ပေးခဲ့ကြပါတယ်။

တန်ပြန်တော်လှန်ရေးသမားလို့ သတ်မှတ်ခံရသူတွေထဲမှာ ကွန်မြူနစ်ပါတီထဲက ခေါင်းဆောင်တွေ၊ ပါတီကို သစ္စာရှိကြောင်း မပြသသူတွေ၊ အရင်းရှင်လို့ စွပ်စွဲခံရသူတွေ၊ တက္ကသိုလ်ပညာတတ်တွေ ပါဝင်ကြပါတယ်။

တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးဟာ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ ဆယ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီး အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၁သန်းကနေ ၂သန်းအထိ အသက်ဆုံးရှုံးခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တန်ပြန်တော်လှန်ရေးသမားလို့ ယူဆသူတွေကို ဖော်ထုတ်ရာမှာ သာမန်အရပ်သား လူငယ်တွေကို သုံးစွဲတာ၊ မိသားစုဝင်အချင်းချင်း၊ အိမ်နီးနားချင်း အချင်းချင်း စောင့်ကြည့်ဖော်ထုတ်တဲ့ နည်းနာတွေကို သုံးစွဲခဲ့တာကြောင့် တော်လှန်ရေးပြီးဆုံးတဲ့တိုင်အောင် လူ့အဖွဲ့အစည်းအတွင်း အချင်းချင်း မယုံကြည်တာ၊ ထုတ်ဖော်ပြောကြားဖို့ မဝံ့ရဲတဲ့တိုင်အောင် မှားယွင်း စွပ်စွဲသတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေက ကျေနပ်မှုမရှိတာတွေကို ကြုံတွေ့ခဲ့ကြရတာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်အတွင်း ခမာနီတွေဟာ ယခင်အစိုးရ ထောက်ခံသူနဲ့ နိုင်ငံခြား လိုလားသူလို့ သံသယရှိသူတွေ၊ ခမာနီအစိုးရကို အတိအလင်း မထောက်ခံသူတွေအပေါ် လူမှုရေးပြစ်ဒဏ်တွေပေးတာ၊ အတင်းအကြပ် အလုပ်ခိုင်းစေတာ၊ အကျဉ်းချတာတဲ့ သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ကြပါတယ်။

ခမာနီတွေရဲ့ ရာဇဝတ်မှုတွေကြောင့် ကမ္ဘောဒီးယား အရပ်သား ၁သန်းခွဲကနေ ၂သန်းကြား အသက်ဆုံးရှုံးခဲ့ရပါတယ်။

၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါ ပြည်တွင်းစစ်ပွဲအတွင်းမှာ တူဆီလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း ဒေသခံလူမျိုးစုတွေကြား ပဋိပက္ခတွေနဲ့ မယုံကြည်မှုတွေကို အမြစ်တွယ်စေခဲ့ပါတယ်။

ဟူတီ လူမျိုးပြည်သူ့စစ်တွေက တူဆီလူမျိုးတွေ၊ တူဆီလူမျိုးတွေကို ဂရုဏာသက်တဲ့ ဟူတီနဲ့ တွာလူမျိုးတွေကို အစုလိုက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဟူတီလူမျိုးတွေဟာ အစုလိုက် သတ်ဖြတ်မှု၊ မုဒိန်းမှုတွေကို ပါဝင်ကျူးလွန်မလား၊ ကျူးလွန်ခံမလားဆိုတဲ့ အခြေအနေကို ဆိုက်ရောက်သွားတာဖြစ်ပါတယ်။

ရာဇဝတ်မှု အများစုကို အိမ်နီးချင်းတွေက ကျူးလွန်ခဲ့တာကြောင့် လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ယုံကြည်မှုမရှိတာ၊ စိတ်ဒဏ်ရာတွေရတာ၊ ပြန်လည်ရင်ကြားစေ့ရေးမှာ ထိခိုက်တာတွေနဲ့ ကြုံကြရတာပါ။

 

ပဋိပက္ခအတွင်း ကြားနေခွင့် ဘာလို့ အရေးကြီးလဲ

 

ဂျီနီဗာ သဘောတူညီချက် ဘုံပြဌာန်းချက် ၃အရ မြန်မာနိုင်ငံလိုမျိုး နိုင်ငံတကာမဟုတ်တဲ့ ပဋိပက္ခအခြေအနေမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လိုက်နာဖို့ လိုအပ်ပါတယ်။

 

အဲ့ဒီအချက်တွေကတော့ စစ်ပွဲမှာ ဆက်လက်မပါဝင်၊ မတိုက်ခိုက်နိုင်တော့တဲ့ ဒဏ်ရာရ၊ လက်နက်ချ စစ်သားတွေအပါအဝင် တိုက်ခိုက်မှုမှာ တက်တက်ကြွကြွ မပါဝင်တဲ့ ပုဂ္ဂိုလ်တွေကို အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ ဓားစားခံအဖြစ် ဖမ်းဆီးမှု၊ အရှက်ရစေမှု၊ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေမှု၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ တရားစီရင်မှု မရှိဘဲ စီရင်ချက်ချမှတ်မှုနဲ့ သေဒဏ်ပေးမှုတွေကို တားမြစ်ထားတာပါ။

 

စစ်ပွဲအတွင်း လက်နက်ကိုင်အဖွဲ့တွေ လိုက်နာဖို့ ပြဌာန်းထားတဲ့ စစ်ဥပဒေ (ခေါ်) နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL) မှာလ်ည်း စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကို ခွဲခြားတိုက်ခိုက်ဖို့ ပါဝင်ပါတယ်။

အဲ့ဒီ ပြဌာန်းချက်ကို ချိုးဖောက်တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ချိုးဖောက်ရာရောက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူ အပြစ်ပေး ခံရနိုင်ပါတယ်။

 

အထက်က နိုင်ငံတွေရဲ့ ဥပမာတွေကို လေ့လာကြည့်ရင်လည်း မိမိတို့ကို အတိအလင်း မထောက်ခံတဲ့ သာမန်ပြည်သူလူထုတွေ၊ ကြားနေသူတွေ၊ တဖက်အဖွဲ့ကို ထောက်ခံသူလို့ သံသယရှိသူတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် လူ့အဖွဲ့အစည်းအတွင်း သံသယတွေ၊ စိတ်ဒဏ်ရာတွေ၊ အမုန်းတရားတွေ ဖြစ်လာပြီး ပြန်လည်သင့်မြတ်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရတာကို တွေ့ရမှာပါ။

 

မြန်မာနိုင်ငံမှာ လူ့အဖွဲ့အစည်းအထိပါ သက်ရောက်မယ့် ငြိမ်းချမ်းရေးမျိုး ရရှိဖို့ဆိုရင် လူ့အဖွဲ့အစည်းအတွင်း အမုန်းတရားတွေ၊ သံသယတွေ၊ စိတ်ဒဏ်ရာတွေ မရှိဖို့ အရေးကြီးလှပါတယ်။

 

ဒါကြောင့် ပဋိပက္ခမှာ မပါဝင်ဘဲ ကြားနေတဲ့ ပြည်သူလူထုတွေကို အပြစ်မတင်ဖို့၊ မတိုက်ခိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူ အားလုံးကို တိုက်တွန်းလိုက်ရပါတယ်။

 

AT

 

ဆောင်းပါးပါ သဘောထားတွေဟာ စာရေးသူရဲ့ အာဘော်သာဖြစ်ပြီး VOM  ရဲ့ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW