ဝါရှင်တန်ဒီစီ မြို့လယ်မှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ယောက် ပစ်သတ်ခံရ

ဝါရှင်တန်၊ မေ-၂၂-၂၀၂၅
ရတီ(VOM)
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့လယ်ရှိ ဂျူးပြတိုက်တခုပြင်ပမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သံရုံးဝန်ထမ်း အမျိုးသမီးနဲ့ အမျိုးသားတို့ဟာ ဂါဇာရှိ ပါလက်စတိုင်းတွေကို ကူညီဖို့ ရည်ရွယ်ပြီး ဂျုးပြတိုက်မှာ ပြုလုပ်မယ့် အခမ်းအနားပွဲတခုကို သွားရောက်ချိန်မှာ အသတ်ခံခဲ့ရတာလို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။
သံသယရှိသူ အသက် ၃၀ အရွယ် အီလစ်ရိုဒရီရဂါဇ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သံသယရှိသူဟာ ဖမ်းဆီးခံရပြီးနောက် ပါလက်စတိုင်းလွတ်မြောက်ရေးလို့ အော်ဟစ်ခဲ့ပြီး ဒီပစ်ခတ်မှုဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်နေနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေနတ်သမားဟာ သံရုံးဝန်ထမ်းနှစ်ယောက်ကို အနီးကပ်ပစ်သတ်ခဲ့တာဖြစ်ပြီး ဒါဟာ တုန်လှုပ်ခြောက်ခြားဖွယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဒါဟာအလွန်ဝမ်းနည်းဖွယ်ကောင်းပြီး ကိုးကွယ်ယုံကြည်မှုအပေါ် အခြေခံတာ ထင်ရှားနေတယ်လို့ ပြောပါတယ်။
ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့ကတော့ သံသယရှိသူဟာ ယခင်ပြစ်မှုမှတ်တမ်းတွေမတွေ့ရဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ အက်ဖ်ဘီအိုင်အဖွဲ့နဲ့ပါ ပူးပေါင်းသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိမှာတော့ အစ္စရေးဟာ ဂါဇာမှာ ထိုးစစ်ဆင်မှုတွေကို ချဲ့ထွင်နေပြီး ပါလက်စတိုင်းတွေအတွက် အကူအညီဝင်ရောက်မှု ပိတ်ပင်ထားတာတွေကို တစိတ်တပိုင်း ပြန်လည်ခွင့်ပြုမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW