ပဲ့ထိန်းဒုံးကျည် အစင်း ၁၀၀ ထက်မနည်း ရုရှားကို မြောက်ကိုရီးယား လွှဲပြောင်းပေးခဲ့

နယူးယောက်၊ မေ-၃၀
ရတီ(VOM)
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားအတွက် ပဲ့ထိန်းဒုံးကျည် အစင်း ၁၀၀ ထက်မနည်း လွှဲပြောင်းပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားအပေါ် ကုလသဂ္ဂ၏ အရေးယူပိတ်ဆို့မှုများ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အရေးယူပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့မှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ပါဝင်ပြီး မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အကောင်အထည်ဖော်မှု စောင့်ကြည့်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကျွမ်းကျင်သူများအဖွဲ့ကို ပြီးခဲ့တဲ့နှစ်က ရပ်ဆိုင်းလိုက်ပြီးနောက် လက်ရှိအဖွဲ့ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဒါဟာ ကျွမ်းကျင်သူအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ရုရှားက ဗီတိုအာဏာအသုံးပြု ပိတ်ဆို့ခဲ့တာကြောင့် ဖြစ်ပါတယ်။ လက်ရှိအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ရုရှားအတွက် တင့်ကားဖျက်ဒုံးကျည်တွေနဲ့ အခြားလက်နက်တွေ ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားကို တပ်ဖွဲ့ဝင် ၁၁၀၀၀ ကျော်စေလွှတ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီကနေ မတ်လအတွင်းထိ နောက်ထပ် တပ်ဖွဲ့ဝင် ၃၀၀၀ ကျော် စေလွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးက ဆိုပါတယ်။
အပြန်အလှန်အားဖြင့် ရုရှားကလည်း မြောက်ကိုရီးယားအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ခေတ်မီ အီလက်ထရွန်းနစ် စစ်ဆင်ရေးစနစ်တွေ ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ မြောက်ကိုရီးယားကို ကူညီနေတဲ့အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဖော်ထုတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါအပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်အတွက် အထောက်အကူဖြစ်စေမယ့် အရာတွေ လွှဲပြောင်းပေးအပ်မှု စောင့်ကြည့်ရေးကိုလည်း အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ နိုင်ငံ ၁၁ နိုင်ငံပါ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW