ဆူးငှက်
ဆရာမြို့မငြိမ်းမှာ ၁၉၄၂ ခုနှစ်က စတင်၍ စစ်ကြီးကြောင့် မတည်မငြိမ်ဖြစ်ကာ အနယ်နယ်အရပ် ရပ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၁၉၄၅ ခုနှစ် စစ်ကြီးပြီးသော်လည်း အခြေမကျသေး။ ၁၉၄၉ ၌ပင် မိမိနေအိမ်၌ စိတ်ချလက်ချ နေမည် ကြံကာမှ ရှိသေး။ ပြည်တွင်းစစ်မီး တောက်လောင်ပြန်တော့ ပြေးဟယ်လွှားဟယ် ဖြစ်ရပြန်ကာ သည်အထဲ သူအင်မတန် ချစ်သော၊ ခင်မင်လေးစားသော နန်းတော်ရှေ့ဆရာတင်လည်း ၁၉၄၉ ခု ပြည်တွင်းစစ်မီးကြောင့် မန္တလေးမှာ ကရင်တွေ၀င်ချိန် ကွယ်လွန်ရှာသည်။
ဆရာတင် ကွယ်လွန်တော့ မြို့မငြိမ်းဖြစ်နေသည့် ကိုဘညိန်းက တော်တော် စိတ်မကောင်းဖြစ်ရသည်။ ဆရာတင်က သဘင်လောကအတွက် အလွန်အားထား မျှော်လင့်ထားသော သူ့သား ရွှေနန်းတင်က ဥမမယ် စာမမြောက် ကျန်ရစ် နေခဲ့သည့်အပေါ် စိတ်ဖြောင့်ဖြောင့်ဖြစ်မှာ မဟုတ်ဘူးဟု မြို့မငြိမ်းက ယုံသည်။ ယုံသလိုလည်း ကျန်ရစ်သည့် ဆရာတင့်သားအတွက် သူ့မှာတာ၀န်ရှိတယ်ဟု ခံယူထား၏။ တာ၀န်ရှိ သလိုလည်း အစစအရာရာ ကူညီရမယ်ဟု ဆုံးဖြတ် ထားသည်။ သို့သော် မြို့မငြိမ်းမှာလည်း ဇနီးသည်မသန်း၏ ယွန်းထည်ဆိုင် ၀င်ငွေလေးနှင့် သားသမီး ၉ ယောက်ကို ကျွေးမွေး ပြုစုနေရတာ ဆိုတော့ မလှည့်သာသေး။ “အဘမှာ ကိုကြီးတင် သားအတွက် တာ၀န်ရှိတယ်။ ဘာမှ လုပ်မပေးနိုင်လို့ စိတ်မကောင်းဘူး”ဟု ခဏခဏငြီးတွားကြောင်းကို မြို့မငြိမ်းသမီးကြီးဒေါ်တင်ကြည်က ကျွန်တော့်ကို ပြောပြဖူးသည်။ ထို့ပြင် တရပ်တည်းအတူနေ ဦးသန်းအောင်ခိုင် (မြို့မငြိမ်း သားကြီး) ကလည်း နန်းတော်ရှေ့ဆရာတင်၏ သားနှင့် ချွေးမအတွက် သူ့ဖခင်က သီချင်းစပ်ပေးဖြစ်ပုံကို ပြောပြခဲ့တာ အမှတ်ရဖွယ် ဖြစ်ပါ၏။
ဆရာတင့်ကျန်ရစ်သည့် သားလေးက ရွှေနန်းတင်က ခင်စန်းတင်အမည်ရှိ မင်းသမီးလေးနှင့် အကြောင်းပါသည်။ ရွှေနန်းတင်နှင့် ခင်စန်းတင်တို့ အငြိမ့်ကကြတော့ ရွှေနန်းတင်ကလည်း သူ့အဖေ ဆရာတင် ဆုံးပါးပြီးတဲ့နောက် သူ့အဖေနှင့် ညီရင်းအစ်ကိုတမျှ ချစ်ခင်ကြသည့် ဦးလေးငြိမ်း(မြို့မငြိမ်း)က ဖခင်ဆိုလျှင်လည်း ဟုတ်သည်။ ထို့ကြောင့် ဦးလေးငြိမ်းကို စောင့်ရှောက်ဖို့၊ လုပ်ကျွေးပြုစုဖို့၊ ကန်တော့ဖို့ တာ၀န်ရှိသည်ဟု ခံယူထားသည်။ ဒါပေမယ့် အိမ်ထောင်ဦး အစစအရာရာ ထူထောင်နေချိန်မှာ ထို၀တ္တရားပျက်ကွက်နေ၍ စိတ်မကောင်းဖြစ်နေရပြန်သည်။ ထိုအခါ ဇနီး ခင်စန်းတင်အတွက် အငြိမ့်သီချင်းတစ်ပုဒ်ကို ဦးလေးငြိမ်းအား စပ်ခိုင်းပြီး လိုတာထက်ပိုကာ အနုပညာကြေး ကန်တော့မယ်ဟု ကြံစည်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဦးလေးငြိမ်းကို ဒီအတိုင်း ငွေသားချည်း ကန်တော့လျှင် လက်ခံမှာ မဟုတ်လို့ဖြစ်သည်။
မင်းသမီးလေး ခင်စန်းတင်က အငြိမ့်သီချင်း စပ်ခိုင်းကတည်းက မြို့မငြိမ်းမှာ ကျေနပ်နေသည်။ ဒီကလေးတွေကို ကိုကြီးတင် မရသည့်နောက် ဘာမှ မကူညီနိုင်သေး။ ၀တ္တရား ပျက်ကွက်နေသည်။ အခုတော့ ကူညီနိုင်ပြီပေါ့။ ထို့ကြောင့် သီချင်းလေးကို စပ်ပြီး တပည့်ဖြစ်သူ တယောမောင်ကံကို သေချာချပေး၊ တိုက်ပေးသည်။ လာမယ့် ဥပုသ်နေ့ ခင်စန်းတင်လာရင် မောင်ကံက သီချင်းစာရွက်လေးပေးပြီး သေချာတိုက်ပေးလိုက်ပေါ့။ သူကတော့ ဒီကလေးတွေကို ဒီထက် ကူညီဖို့သင့်တာ မကူညီနိုင်လို့ မျက်နှာပူသတဲ့။ မျက်နှာချင်းဆိုင်ရမှာ အားနာသတဲ့။ ဒီလိုနှင့် ဥပုသ်နေ့ရောက်တော့ ဆရာငြိမ်းက မနက်စောစော ကတည်းက တရုတ်တန်းညီနောင်ကဖေးမှာ သွားရှောင်နေသည်။ တယောမောင်ကံကိုပဲ အိမ်ကနေ ခင်စန်းတင်ကို စောင့်ခိုင်းထားသည်။
ခဏနေတော့ ခင်စန်းတင်က အိမ်တော်ရာထီးလေး ဆောင်းပြီး ဆိုက်ကားတစ်စီးနှင့် ၂၈လမ်းက အိမ်ကို ရောက်လာသည်။ အိမ်၀င်ကတည်းက “ဦးလေးငြိမ်း၊ ဦးလေးငြိမ်း”ဟု အသံပေးလာတာကိုး…။ မောင်ကံက “မာစတာမရှိဘူး။ မခင်စန်းတင် လာရင် သီချင်းချပေးလိုက်ဖို့ မှာသွားတယ်”ဟု ပြောပြီး သီချင်းစာရွက်လေးပေး၍ တယောလေးနှင့် သီချင်းချပေးသည်။ ခင်စန်းတင်ကလည်း ဦးလေးငြိမ်းကို ကန်တော့ခွင့်ရပြီ ဆိုပြီး သူ့ပဒုမ္မာအင်္ကျီ အောက်က ချွေးခံအင်္ကျီလေး၏ အောက်အိတ်ကနေ အသင့်ယူလာသည့် ငွေစက္ကူကို ထုတ်သည်။ ငွေစက္ကူအခေါက်လေးကို တယောမောင်ကံ လက်ထဲတည့်…။ မောင်ကံကလည်း သူ့မာစတာ မှာထားလို့ ဇွတ်ပြန်ပေး…။ ခင်စန်းတင်ကလည်း “သီချင်းဖိုးရယ်လို့ မအောက်မေ့ပါနဲ့။ ဦးလေးငြိမ်းကို ကန်တော့တာပါ”လို့ တွင်တွင်ပြောရင်း ဇွတ်ပေး…။ မောင်ကံကလည်း ပျာပျာသလဲငြင်း…။ ခင်စန်းတင်ကလည်း ငွေစက္ကူခေါက်လေး ဘယ်လိုမှ ပေးမရတော့ ချွေးခံအင်္ကျီအိတ်ထဲ ပြန်ထည့်ပြီး ထီးလေးဆောင်းကာ လှည့်ကြည့်လှည့်ကြည့်နှင့် ပြန်သွားရှာသည်။ ခင်စန်းတင်အတွက် မြို့မငြိမ်းစပ်ပေးလိုက်သည့် သီချင်းက “ချစ်သူ့သြဇာ” တဲ့လေ။
“အချစ်က မရေလည် တွေးရခက်တယ်၊ အပြောတော့ လွယ်လွယ် ရုပ်လုံးပေါ်ချစ်ဖို့ လိုတယ်၊ ချုပ်ချုပ်ချယ်ချယ် အခုကပဲရှင် အမိန့်ထုတ်ကာရယ် ဗိုလ်ကျချင် စန်းတင့် အပေါ်ဝယ်..” အစချီ သီချင်း ဖြစ်သည်။ ဆက်၍
“ မောင်… ချစ်သောခင့်ကို၊ လူဗိုလ်ပုံအလယ်…
ဆိုကသော အလုပ်နဲ့ မကြည့်ရက်လို့ပင် ခင်စွန့်ပယ်…
ချိုမြိန်သောစကားမို့ နား၀င်သာပါတယ်ရှင်…
ချစ်သူ့သြဇာကို ညောင်းကာမကျ မြေ၀ယ်…
အဟုတ် လိုက်လျောလိုတယ် ခင်စန်းတင် စိတ်ထဲ၀ယ်။
မိဘများကိုပင် လုပ်ကျွေးသူပါရှင်… ဒီအရေးမလွယ်…”
– သဘင်သည် မောင့်စိတ်က အငြိမ့်သမ ဂုဏ်ငယ်မယ်၊
ခွဲခြားသလား အတန်းအစား အချစ်နယ်
ရာဇ၀င် နိပတ်တော်များ၌ အသွယ်သွယ်
ရှင်ဘုရင် မင်းများတောင် နိမ့်မြင့် မရွေးပါတယ်
အချစ်စစ်နဲ့ သုံးသပ်ပြီး ဝေဖန်
ချစ်သောသူမောင့် အမြင်မှန်စောင့်မယ်..။
– ပြိုင်ယှဉ် ချစ်ဇွဲကြီးတာ ဘယ်သူသာတယ် ထင်ရှားစေမယ်..
နိုင်လွန် မ၀တ်နဲ့ကွယ် ဆိုချင်ဆိုရှင် မေနားထောင်မယ်..
နှုတ်ခမ်းမဆိုး ပါးမဆိုး (ကြိုက်တာ ပြောရှင်)၂
ဆိုးမှ ချစ်မှာဆိုရင် နီပါစေမယ်..
ကွေ့ကွေ့ကောက်ကောက် အမောက်နဲ့မှ ခင့်ကိုချစ်ချစ်
ဖြတ်လို့ဖြစ်ဖြစ် တိုစေလိုရင်နော်ကွယ်..။
– (သဘင်သည် မောင့်စိတ်ကအငြိမ့်သမ ဂုဏ်ငယ်မယ်…………………..
…………………………………..ချစ်သောသူ မောင့်အမြင်မှန် စောင့်မယ်)
ထိုသီချင်းကို နောက်ပိုင်းတွင် ဝင်းဦးက မြို့မအဆိုတော် တင်တင်မာနှင့် အသံသွင်းရာတွင် လည်းကောင်း၊ မြို့မက ဧည့်ခံပွဲများတွင် ပြန်လည်သီဆို တီးမှုတ်ရာတွင် လည်းကောင်း၊ မန္တလေး အငြိမ့်မင်းသမီးများက အငြိမ့်စင် ပေါ်တွင် ပြန်လည် သီဆို ကြရာတွင် လည်းကောင်း၊ “ဗိုလ်ကျချင် စန်းတင့် အပေါ်ဝယ်” ကို “ဗိုလ်ကျချင် ချစ်သူ့ အပေါ်ဝယ်” ၊ “အဟုတ် လိုက်လျောလိုတယ် ခင်စန်းတင် စိတ်ထဲ၀ယ်” ကို “အဟုတ် လိုက်လျောလိုတယ် ချစ်သောသူ စိတ်ထဲ၀ယ်”ဟု ပြင်ဆင် သီဆိုခဲ့ကြသည်။
ဆူးငှက်