သွေး (စစ်ကိုင်း)
လူသားတွေရဲ့ အသက်ရှင်သန်နေထိုင်မှု အတွက် ရေဟာ မရှိမဖြစ် အရေးအကြီးဆုံးပါ။ သောက်သုံးဖို့ အတွက် သန့်ရှင်းတဲ့ရေ လိုအပ်သလို သုံးစွဲဖို့ အတွက်လည်း သင့်လျော်တဲ့ရေ လိုအပ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ အတူ နေ့စဉ်နဲ့အမျှ ရေရှားပါးမှု ဖြစ်စဉ်တွေနဲ့ ရင်ဆိုင်လာနေရတဲ့အတွက် ရေအရင်းအမြစ်တွေကို စနစ်တကျ ထိန်းသိမ်းသွား ရမှာပါ။
ကမ္ဘာကြီးတစ်ခုလုံး အတိုင်းအတာနဲ့ ကြည့်ရင်လည်း ရေချိုပမာဏက နည်းပါးပြီး ရေငန်ပမာဏက ပိုများနေတာပါ။ ဒါကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုနဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ နိုင်ငံတွေ အများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ရေချိုအရင်းအမြစ်ဖြစ်တဲ့ မြစ်ချောင်းတွေ အများအပြားရှိနေတာကြောင့် ရေချိုရရှိမှု ကြွယ်ဝ,တယ် လို့ ဆိုနိုင်ပါတယ်။ သို့ပေမဲ့ နွေရာသီရောက်ရင် သောက်သုံးရေရှားပါးမှုတွေ တွေ့ကြုံရပြီး မိုးရာသီမှာတော့ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရတာက နှစ်စဉ်နှစ်တိုင်းပါ။ ဒါကြောင့် ဧရာဝတီမြစ်လို ရေချိုရရှိစေတဲ့ မြစ်တွေကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
မြစ်တွေ, ချောင်းတွေကို စနစ်တကျ ထိန်းသိမ်းမှသာ ရေရှည်တည်တံ့တဲ့ ရေအရင်းအမြစ် ဖွံ့ဖြိုးရေးကို ဦးတည်နိုင်မှာ ဖြစ်သလို ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကို မထိခိုက်စေတဲ့ ဂေဟစနစ်ကိုလည်း ထိန်းသိမ်းရာလည်း ရောက်မှာပါ။ အထူးသဖြင့် မြစ်ဖျား, ချောင်းဖျားတွေမှာ ရွှေအပါအဝင် သတ္တုတူးဖော်မှုတွေက မြစ်ချောင်းတွေရဲ့ ရေစီးဆင်းမှုနဲ့ မြေအောက်ရေ ထိန်းသိမ်းပေးမှုကို ပျက်စီးစေရုံသာမက ငါးအပါအဝင် ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကိုပါ ထိခိုက်စေတာ ဖြစ်တယ်။
မြန်မာနိုင်ငံဟာ ရေအရင်းအမြစ် ကြွယ်ဝ,တဲ့နိုင်ငံ တစ်ခုဖြစ်ပေမဲ့ စနစ်တကျထိန်းသိမ်းနိုင်မှုမှာ အားနည်းနေပါတယ်။ မြေအောက်ရေကိုလည်း အလွန်အမင်း ထုတ်ယူသုံးစွဲမှုတွေ ရှိနေတာပါ။ သောက်သုံးရေ ရရှိစေတဲ့ မြေအောက် ရေအရင်းအမြစ်နဲ့ မြစ်ချောင်းတွေ ရှိနေပေမဲ့ နှစ်စဉ်ရင်ဆိုင်နေရတဲ့ ရေရှားပါးမှုတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ အဖြေရှာသင့်ပါတယ်။
ဧရာဝတီမြစ် ဖြတ်သန်းစီးဆင်းရာ စစ်ကိုင်းမြို့မှာ မွေးဖွားကြီးပြင်းလာသူ တစ်ယောက်ဖြစ်တဲ့ ကျွန်မ အနေနဲ့ ဧရာဝတီမြစ်ကြီးရဲ့ ရေစီးကြောင်း ပြောင်းလဲမှုနဲ့ တိမ်ကောလာမှုတွေကို တွေ့မြင်ရတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်မ,တို့ ငယ်စဉ်ကဆိုရင် တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ဧရာဝတီမြစ်ရေဟာ ကြည်လင်နေပြီး အောက်ခြေက ရောင်စုံကျောက်စရစ်ခဲလေးတွေကိုတောင် မြင်ရတဲ့ အထိပါ။ မြစ်ရေကို သောက်သုံးနိုင်တဲ့အထိ ကြည်လင်သန့်ရှင်းခဲ့ပြီး သဲသောင်ပေါ်ထွန်းမှုလည်း အလွန်မများခဲ့ပါဘူး။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာပဲ ဧရာဝတီမြစ်ကြောင်းတလျှောက် ရေစီးကြောင်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး သဲပြင်သောင်ခုံတွေလည်း များပြားကျယ်ပြန့်လာပါတယ်။ ဒီလိုဖြစ်စဉ်ရဲ့ အကြောင်းရင်းကို လေ့လာကြည့်တော့ အထက်က ပြောခဲ့သလို ရွှေအပါအဝင် သတ္တုနဲ့ သယံဇာတတွင်းထွက်တွေကို စည်းကမ်းမဲ့ တူးဖော်ကြလို့ ဆိုတာ တွေ့ရပါတယ်။ အဲသလို တူးဖော်မှုကနေ ထွက်လာတဲ့ မြေစာစွန့်ပစ်မှုတွေက မြစ်ရေထုကို ညစ်ညမ်းမှု ဖြစ်စေသလို မြစအောက်ခင်းကြမ်းပြင် မြင့်တက်လာစေပြီး ရေစီးကြောင်းလည်း ပြောင်းသွားတာတွေ, ရေကြီးရေလျှံမှုတွေ ဖြစ်ရတာပါ။ ပြီးတော့ မြစ်ထဲကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေလည်း ပါပါတယ်။
ရေကြီးရေလျှံမှုဖြစ်ရတဲ့ နောက်ထပ်အကြောင်းရင်းထဲမှာ သစ်တောပြုန်းတီးမှုကလည်း အကြောင်းရင်း တစ်ရပ်ပါ။ သစ်တောဖုံးလွှမ်းတဲ့ ဧရိယာ နည်းပါးလာတာနဲ့အမျှ အပေါ်ယံမြေဆီလွှာ တည်တံ့မှု အားနည်းလာမှာ ဖြစ်ပါတယ်။ မြေဆီလွှာတည်တံ့မှု လျော့နည်းလာရင် အနီးအနားက ဆည်တွေ, မြစ်ချောင်းတွေရဲ့ ရေရှည်တည်တံ့မှုအပေါ် သက်ရောက်မှု ကြီးမားစေတာ မမေ့သင့်ပါဘူး။
မြစ်ချောင်းတွေရဲ့ ရေစီးဆင်းမှု မကောင်းမွန်မှုကြောင့် ရေကြီးရေလျှံမှုတွေ ပိုဖြစ်လာစေပြီး မြစ်ချောင်းတွေအနီး နေထိုင် အသက်မွေးဝမ်းကျောင်းရတဲ့ ပြည်သူတွေရဲ့ လူမှုဘဝကိုလည်း ထိခိုက်စေတာ ဖြစ်ပါတယ်။ မြစ်ချောင်းတွေရဲ့ ရေဝေရေလဲဒေသတွေမှာ မိုးရေရရှိမှု များပြားမှသာ ရေစီးဆင်းမှုလည်း ကောင်းမွန်မှာပါ။ တကယ်လို့ အဲဒီဒေသတွေမှာ သစ်တောပြုန်းတီးမှု များပြားနေပြီဆိုရင် မိုးရွာသွန်းတဲ့ပုံစံ ပြောင်းလဲသွားပြီး မိုးရေရရှိမှုလည်း နည်းပါးသွားနိုင်ပါတယ်။ မိုးနည်းပါးသွားတဲ့အခါ ရေစီးရေလာမကောင်းတော့ဘဲ ရေအရင်းအမြစ်တွေပါ ဆုံးရှုံးသွားရတာပါပဲ။ ဒါကြောင့် မြစ်ချောင်းတွေရဲ့ ရေဝေရေလဲဒေသတွေမှာ သစ်တောပြုန်းတီးမှုကို တားဆီးကာကွယ်ရမှာ ဖြစ်သလို သစ်ပင်သစ်တောတွေ ပြန်လည်ပြုစုပျိုးထောာင်ရေး စနစ်တကျ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
မေခနဲ့ မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံဒေသဝန်းကျင်မှာ ရွှေသတ္တုတူးဖော်မှုတွေက ရေအရင်းအမြစ် တည်တံ့ရေးကို ခြိမ်းခြောက်နေပါတယ်။ ပြီးတော့ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ပြဒါးကြောင့် ရေထုညစ်ညမ်းစေရုံသာ မက ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကို ထိခိုက်စေပြီး မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ အခုဆိုရင် ကမ္ဘာ့ရှားပါးစာရင်းဝင် ဧရာဝတီလင်းပိုင်တွေလည်း စိုးရိမ်စရာ လျော့နည်းလာနေပါပြီ။
ဒါ့အပြင် မြန်မာနိုင်ငံဟာ သစ်တောပြုန်းတီးမှု အမြင့်မားဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး တရားမဝင်သစ်ခုတ် ထုတ်လုပ်မှုတွေကြောင့် မြစ်ချောင်းတွေရဲ့ ရေဝေရေလဲဒေသတွေ အပေါ် သက်ရောက်မှု ဖြစ်စေပါတယ်။ တဖန် စက်ရုံ, အလုပ်ရုံတွေကနေ ထွက်ရှိလာတဲ့ ရေဆိုးတွေကို စနစ်တကျ စွန့်ပစ်ရမယ့်အစား မြစ်တွေ, ချောင်းတွေထဲကို စွန့်ပစ်နေ တာကြောင့်လည်း ရေအရင်းအမြစ်တွေ အလွန်အမင်း ထိခိုက်စေတာပါပဲ။
နော်ဝေနိုင်ငံ အခြေစိုက် Norwegian Institute for Water Research က ပြုလုပ်တဲ့ သုတေသနပြုချက်အရ မြန်မာနိုင်ငံရဲ့ ပဲခူးမြစ်ရေဟာ သောက်သုံးဖို့ မသင့်တော်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ နောက်ထပ် သတိပြုရမယ့် အချက် တစ်ခုက မြစ်ရေတွေထဲမှာ မိုက်ခရိုပလတ်စတစ်တွေ ပါဝင်နေတယ် ဆိုတဲ့ အချက်ပါ။ ဒီမိုက်ခရိုပလတ်စတစ်တွေက ရေထုညစ်ညမ်းမှုကို ဖြစ်စေရုံသာမက လူသားတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံက မြို့တွေမှာ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုတွေ အများအပြား ရှိနေတာကြောင့် မြေအောက်ရေကို ပြန်လည်ဖြည့်တင်းနိုင်မှသာ ရေရှည်တည်တံ့ကောင်းမွန်မှာပါ။ ဒါပေမဲ့ မြေအောက်ရေ ပြန်လည် ဖြည့်တင်းရေး အစီအမံတွေကိုတော့ အားရဖွယ် မတွေ့ရသေးပါဘူး။ နေ့စဉ်နဲ့အမျှ မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေရင် မြေပြင်နိမ့်ဆင်းသွားနိုင်တဲ့ အန္တရာယ်ရှိနေသလို တိုက်တာအဆောက်အဦတွေရဲ့ တည်တံ့မှုကို လည်း ထိခိုက်စေနိုင်တာ သတိပြုရပါမယ်။ ရန်ကုန်မြို့စည်ပင်သာယာကနေ စနစ်တကျ ရေပေးဝေနေပေမဲ့ လူဦးရေ များပြားတဲ့ အတွက် လုံလောက်မှုမရှိဘဲ မြေအောက်ရေကို ထုတ်ယူသုံးစွဲနေရတာပါ။ အထူးသဖြင့် အထပ်မြင့် တိုက်ခန်းတွေမှာ နေထိုင်ကြရသူတွေ အတွက် မြေအောက်ရေကိုပဲ အားကိုးနေရပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု (၇ ဒသမ ၇) ရှိတဲ့ ငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ဒေသ တွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ မြေအောက်ရေ ရရှိမှုအပေါ် သက်ရောက်မှုတွေ ရှိလာပါတယ်။ တချို့ ဒေသတွေမှာ မြေအောက်ရေ ပန်းထွက်မှုတွေ ဖြစ်ပေါ်ခဲ့သလို မြေအောက်ရေစီးကြောင်း ပြောင်းသွားပြီး ရေခန်းတဲ့ ဖြစ်စဉ်တချို့လည်း ရှိခဲ့ပါတယ်။ BBC သတင်းတစ်ရပ်အရ မန္တလေး, ပျော်ဘွယ်, ရမည်းသင်း စ,တဲ့ မြို့နယ်တွေထဲက တချို့ဒေသတွေမှာဆိုရင် ရေတွင်းရေကန် ရာချီပြီး ပျက်စီးခဲ့ရတယ် လို့ သိရပါတယ်။ ဒီလို ပျက်စီးသွားရုံမက တချို့ မြေအောက်ရေတွင်းတွေမှာ ရေအရောင် ပြောင်းလဲသွားခဲ့သလို တချို့ရေချိုတွင်းတွေက သောက်သုံးမရတဲ့ အနေအထား ဖြစ်သွားပါတယ်။
ဇလဘူမိပညာရှင်တချို့ကတော့ အခုလို ရေအရောင် ပြောင်းလဲတာက ၆ လ,ကနေ ၁ နှစ်အထိ ရှိနိုင်တယ် လို့ ဆိုပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် မြေအောက်ရှိ ရေအောင်းလွှာမှာရှိတဲ့ သဲလွှာတွေဟာ သိပ်သည်းကျစ်လျစ်သွားပြီး ရေခန်းတာမျိုး ဖြစ်တတ်သလို ကြေမွလွယ်တဲ့ မြေသားနဲ့ ကျောက်လွှာတွေကတော့ သဲဆန်တဲ့ ပျော်ရည်အဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ် ပန်းထွက်နိုင်တယ် လို့ BBC သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ ဆရာမောင်မောင်ဦးကလည်း ငလျင်ကြီးရဲ့ ဒဏ်ချက်ကြောင့် မြေအောက် အဝီစိတွင်း အများအပြား ထိခိုက်ပျက်စီးမှု ရှိခဲ့တယ် လို့ ဆိုပါတယ်။ ကျေးရွာလူထုကိုယ်တိုင် ပါဝင်ပြီး လက်နှိပ်ရေဘုံဘိုင်တွင်း တူးဖော်ရေးတွေ လုပ်ဆောင်နေကြရတယ် လို့ သိရပါတယ်။ မြေအောက်ရေကြောတွေဟာ အောက်ဘက်ကို ၁၅ ပေ ကနေ ပေ ၂၀ ခန့်ထိ နိမ့်ဆင်းသွားခဲ့တယ် လို့ ဆိုပါတယ်။
အနှစ်ချုပ်တင်ပြရရင်- ရှိနှင့်ပြီးသား ရေအရင်းအမြစ်တွေကို ရေရှည်တည်တံ့နိုင်ဖို့ စီမံချက်တွေနဲ့ လုပ်ဆောင်သွားသင့် ပါတယ်။ ဧရာဝတီ, ချင်းတွင်း, သံလွင်, စစ်တောင်း အပါအဝင် မြစ်ချောင်းတွေရဲ့ မြစ်ကြောင်းထိန်းသိမ်းရေးတွေကို ဆောင်ရွက်သင့်သလို တရားမဝင်သတ္တုတူးဖော်မှုတွေကနေ ထွက်ရှိလာတဲ့ မြေစာစွန့်ပစ်မှုတွေကို ကြပ်မတ်ရမှာပါ။ မြစ်ချောင်းတို့ရဲ့ ရေဝေရေလဲဒေသတွေရဲ့ ဂေဟစနစ်ကောင်းမွန်ရေး အတွက် သစ်ပင်သစ်တောများ ပြန်လည်ပြုစု ပျိုးထောင်ရေး လုပ်ဆောင်သွားရမှာပါ။ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို စနစ်တကျရှိစေရေးနဲ့ ရေအရည်အသွေး ထိန်းသိမ်းရေး အတွက် စနစ်တကျစီမံလုပ်ဆောင်သွားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
သွေး (စစ်ကိုင်း)
#voiceofmyanmar #VOM #ရေအရင်းအမြစ်ရေရှည်တည်တံ့ရေးအလေးထားဖို့လိုပြီ #သွေးစစ်ကိုင်း