ဇူလိုင် – ၇၊၂၀၂၅
GG(VOM)
မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ်က သစ်တောဝန်ထမ်းသုံးယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါ ငါးယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။
လက်နက်ကိုင်အဖွဲ့ရဲ့ဖမ်းဆီးခြင်းခံရသူတွေကတော့ပုပ္ပါးတောင်ဥယျာဉ်မှ အုပ်ချုပ်ရေးမှုး ဦးတင်အုန်းကျော်နဲ့ သစ်တောဝန်ထမ်းတွေဖြစ်တဲ့ တောအုပ် ဦးကျော်နိုင်ဦး၊ တောခေါင်း ဦးရဲလင်းထက်၊ တောခေါင်း ဦးလွင်ဦး(ယာဥ်မောင်း) နဲ့ ရေနံ့သာဒင်္ဂါး သစ်ပင်စိုက်အဖွဲ့ရဲ့ တာဝန်ခံဖြစ်သူ ဦးဝေလင်းထွန်းဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။
ဇူလိုင်လ ၅ ရက်နေ့က ပုပ္ပါးတောင်၊ ရေဆူစခန်း မှာမှာပြုလုပ်ခဲ့တဲ့ မိုးရာသီသစ်ပင်စိုက်ပွဲမှာ အဆိုပါငါးယောက်ကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ၊ ဖမ်းဆီးသွားတဲ့အဖွဲ့ကို မသိရှိရသေးသလို ဖမ်းဆီးတဲ့အဖွဲ့ဘက်ကလည်း ထုတ်ပြန်တာမျိုးမရှိသေးတာကြောင့် ဖမ်းခံရသူတွေနဲ့ပတ်သက်ပြီး ထူးခြားမှု တစုံတရာမသိရှိရသေးတာဖြစ်တယ်လို့သိရပါတယ်။
” တခြားသူတွေရော ရှိတဲ့အထဲကနေ အဲဒီငါးယောက်ကိုပဲ ခေါ်သွားတာလို့သိရတယ်။ ဖမ်းခံရတဲ့နေကတည်းက ခုထိတော့ ဘာသတင်းမှမကြားရသေးဘူး။ဘယ်အဖွဲ့ကဖမ်းတယ်ဆိုတာလည်း တိတိကျကျမသိရသေးဘူး။ဆိုးတာက PDF တွေဘက်ကလည်း ခုထိမထုတ်ပြန်သေးတော့ အစအနပျောက်သလို ဖြစ်နေတာပေါ့။နစက ဘက်ကတော့ ရှာနေတယ်။ဒီဘက်က အခြေအနေတွေပိုပြီး တင်းမာလာနေတယ်။ကျွန်တော်တို့လည်း အသွားအလာကအစ အကုန်သတိထားနေရတယ်။” လို့ ရဲအသိုင်းအဝိုင်းနဲ့နီးစပ်သူ ဒေသခံကပြောပါတယ်။
ခုလို ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျောက်ပန်းတောင်း သစ်တောဦးစီးဌာနနဲ့ ရေနံသာဒင်္ဂါးသစ်ပင်စိုက်အဖွဲ့ဆီ VOM အနေနဲ့ ဖုန်းနဲ့ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတွေက လိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်ထဲက ကျေးရွာအချို့မှာ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နစကတပ်တွေအကြား မကြာခဏမြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိသလို လေကြာင်းပစ်ကူတိုက်ခိုက်မှုတွေလည်းရှိနေကာ လူသေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုတွေရှိနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – MOI(ဇွန်လတုန်းက ကျောက်ပန်းတောင်း မြို့နယ်မှာ မိုးရာသီ သစ်ပင်စိုက်အခမ်းအနားပြုလုပ်နေပုံ)