တချိန်က ဆိုင်းဘုတ်ဝါလေးတွေ

ဆူးငှက်
၂၆ ဘီလမ်းနှင့် လမ်း၈၀ထောင့်မှ ကျုံးဘေးပလက်ဖောင်းအတိုင်း အရှေ့ဘက် မေတ္တာပေါင်းကူးတံတားထိပ်အထိ လမ်းလျှောက်ကြတော့ ၇၈လမ်းထိပ် ဓာတ်ဆီဆိုင် အနောက်နား မီးရထားအရာရှိအိမ်ဝင်းထရံက ၆ပေ ၃ပေအရွယ် အဝါခံ အနက်စာလုံးနှင့် ဆိုင်းဘုတ်တစ်ချပ်ကိုလည်း သတိထားမိကြသည်။ သည်ဆိုင်းဘုတ်က ဟို ငယ်စဉ်ကတည်းက တွေ့နေကျပေမယ့် ဆိုင်းဘုတ်ရှေ့ ဖြတ်သွားသူတိုင်းက အလွတ်ရပြီးသား ဆိုင်းဘုတ်ပါ စာသားတွေကို ရွတ်ဆိုမိကြသည်ချည်း ဖြစ်သည်။
ထိုဆိုင်းဘုတ်မျိုးက သည်နေရာမှာပဲ ရှိသည်မဟုတ်။ ကျုံးထောင့်အနောက်ဘက် ဘီလမ်းပေါ် ၈၁လမ်းမရောက်မီမှာလည်း ရှိသည်။ ဈေးချိုဘက်မှာလည်း ရှိသည်။ ရဟိုင်းဈေးဘက်မှာလည်းရှိသည်။ ဘုရားကြီးဘက်လည်းရှိသည်။ ဘူတာကကြီးဘက် ဆေးရုံကြီးဘက်တွေမှာလည်း ရှိသည်။
သည်ဆိုင်းဘုတ်က မန္တလေး၏ အမှတ်အသားတစ်ခုဟုပင် နိုင်ငံခြားသားများက ဓာတ်ပုံဖြင့် မှတ်တမ်းတင်ကာ နိုင်ငံခြားမဂ္ဂဇင်းတွေထဲထိ ဖော်ပြကြသည်။
ဆိုင်းဘုတ်ပါ စာသားက “တိရစ္ဆာန်များကို မစားခြင်းဖြင့် သူတို့အား ကြင်နာပါ။ Be kind to Animals by not eating them” တဲ့။ ဒီဆိုင်းဘုတ်တွေကို အသားစားရှောင်ကျဉ်ရေး အသင်းက ထောင်ထားခြင်းဖြစ်သည်။
ထိုအသင်းမှာ ကိုလိုနီခေတ်ကတည်းက ထင်ရှားသည့် အသင်းဖြစ်ပြီး အသင်းဥက္ကဋ္ဌမှာ မန္တလေး၏ ရွက်ပုန်းသီးအလှူရှင်ကြီးဟု နံမည်ကြီးသည့် စတီးဦးကျော်လှ ဖြစ်သည်။ အသင်းတည်ရာမှာ ၈၃လမ်းနှင့် ၂၂စီလမ်းထောင့်က ကလျာဏီဆေးတိုက် ဖြစ်ပါ၏။
ဆူးငှက်

Related posts

✕
VOM News

FREE
VIEW