လောက်ကိုင်မှာ မိုးကြီးပြီး လုံထန်ဆည်ရေလျှံလို့ နေအိမ်တွေ ရေထပ်မြုပ်

ဇူလိုင် ၉- ၂၀၂၅
နွယ်နီ(VOM)
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင် မြို့နယ်အတွင်းမှာ ဇူလိုင် ၄ ရက်နေ့က စလို့ မိုးကြီးပြီးရေလျှံတာကြောင့် နေအိမ် အနည်းဆုံး နှစ်ရာ ကျော် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၇ ရက်နေ့မှာ လုံထန်ဆည်ရေ လျှံလာတာကြောင့် လောက်ကိုင်မြို့အတွင်း ရပ်ကွက်တွေ ရေထပ်မြုပ်ကုန်တယ်လို့ လောက်ကိုင်ဒေသခံတစ်ယောက်က ပြောပါတယ်။
“မိုးက မရပ်ဘူး။ လုံထန်ဘက်က ဆည်ရေတွေပါ ထပ်လျှံလာတာ လောက်ကိုင်ထဲအထိ ရောက်လာပြီ။ အခု တုံချိန်ရပ်ကွက်ရော ဘေးနားရပ်ကွက် အနိမ့်ပိုင်းနေရာတွေပါ အကုန် မြုပ်သွားတယ်။ တချို့ ရပ်ကွက်တွေမှာ လူတွေ ထွက်မရသေးဘူး”
ရေဘေးကြုံရသူတွေကို အမြင့်ပိုင်း ရပ်ကွက်တွေက စာသင်ကျောင်းတွေမှာ နေရာချ ပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရေဘေးသင့်သူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်-မြန်မာနယ်စပ် ၁၂၅ နယ်စပ်မျဉ်းအနီးက အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ လောက်ကိုင်မြို့အတွင်းက ရှင်ကျန်းရပ်ကွက်၊ တုံချိန်ရပ်ကွက် တွေမှာ ရေဘေးအန္တရာယ် ဆိုးရွားနေတယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင် ၃ ရက်နေ့က စတင်တဲ့ ရေကြီးမှုကြောင့် လောက်ကိုင်မြို့နယ် ဆီအောရွာနဲ့ ပေါက်ပေါက်ရွာက ရွာသား သုံးယောက် သေဆုံးခဲ့ရတယ်လို့ ကိုးကန့်တပ်ဖွဲ့ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မုံးကိုး၊ ပန်ဆိုင်းမြို့နယ်တွေမှာလည်း ရေကြီးရေ လျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – ကိုးကန့်မီဒီယာ
ပုံစာ – ရေကြီးနစ်မြုပ်နေသည့် လောက်ကိုင်မြို့အား ဇူလိုင် ၈ ရက်နေ့က တွေ့ရစဉ်
#VOM #voiceofmyanmar #​လောက်ကိုင်​ရေကြီး

Related posts

Leave a Comment

VOM News

FREE
VIEW