ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၅
မျိုးဆက်(VOM)
မြောက်ကိုရီးယားမှာ ထွက်ပြေးလာသူတယောက်ဟာ သူမဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ကျူးလွန်ခံခဲ့တဲ့ အရပ်ဘက် ရာဇဝတ်မှုတွေအတွက် ကင်ဂျုံအန်နဲ့ အခြားအရာရှိလေးယောက်ကို စွဲချက်တင်လိုက်တယ်လို့ တောင်ကိုရီးယား လူ့အခွင့်အရေး ရှေ့နေတွေက ပြောပါတယ်။
ချွိုင်မင်ကြုံဟာ ၁၉၉၇ ခုနှစ်မှာ မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံကို ထွက်ပြေးခဲ့ပေမယ့် ၂၀၀၈ ခုနှစ်မှာ အတင်းအကြပ်နေရပ်ပြန်ပို့ခံခဲ့ရပြီးနောက်မှာတော့ သူမဟာ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရတယ်လို့ တောင်ကိုရီးယားဘက်ကို ထွက်ပြေးခှုံလှုံလာတဲ့ သူမက ပြောပါတယ်။
ဒီအမှုဟာ မြောက်ကိုရီးယားက ထွက်ပြေးလာသူတယောက်က သူ့ရဲ့အစိုးရကို ပထမဆုံးအကြိမ် တရားစွဲမှုဖြစ်တယ်လို့ တောင်ကိုရီးယားအခြေစိုက် လူ့အခွင့်အရေးကူညီရေးအဖွဲ့က ပြောပါတယ်။ ယခင်ကတော့ တောင်ကိုရီးယားသားတွေက မြောက်ကိုရီးယားခေါင်းဆောင်တွေကို အလားတူ တရားစွဲဆိုခဲ့ပြီး အမိန့်ချတာတွေရှိပေမယ့် မြောက်ကိုရီးယားကတော့ လျစ်လျူရှုဆဲဖြစ်ပါတယ်။
လက်ရှိအမှုကိုတော့ ကုလသမဂ္ဂနဲ့ အိုင်စီစီထိ တင်မယ်လို့ ဆိုပါတယ်။ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာအတွက် အပြစ်မဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေ ထပ်မခံရစေဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဒီသေးငယ်တဲ့ခြေလှမ်းကို လုပ်ဆောင်တာဖြစ်တယ်လို့ မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ အချက်အလက်စင်တာက ဆိုပါတယ်။
မြောက်ကိုရီးယားအစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြောက်ကိုရီးယား ကင်မင်းဆက်အနနဲ့ တာဝန်ခံနိုင်ဖို့ အရေးတကြီး လိုအပ်တယ်လို့ ပြောပါတယ်။
ချွိုင်မင်ကြုံဟာ ၂၀၁၂ ခုနှစ်မှာ မြောက်ကိုရီးယားကနေ ထပ်မံထွက်ပြေးခဲ့ပြီး တောင်ကိုရီးယားမှာ အခြေချနေထိုင်နေပါတယ်။ သူမရဲ့ ယခင်အဖြစ်ဆိုးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေခံစားနေရပြီး ဆေးဝါးသောက်သုံးမှုတွေ ပြုလုပ်နေရတယ်လို့ ပြောပါတယ်။
Ref:CNA
Photo:Getty Images