ဇူလိုင် ၉၊ ၂၀၂၅
Shy V(VOM)
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လားရှိး ဆင်နှစ်ကောင် ဟိုတယ်မှာ ဇွန်လ ၃၀ ရက်နေ့က နစက တပ်ဖွဲ့ နဲ့ MNDAA တပ်ဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ သိန္နီ ပြန်တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲ ရလဒ် အဆင်မပြေခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“သူတို့ ဆွေးနွေးတာ မအောင်မြင်ဘူးလို့ကြားတယ်။ သတင်းက တကယ်လျို့ဝှက်တယ်။ ခါတိုင်း သိတဲ့ အသိတယောက်တောင် မသိလိုက်ဘူးတဲ့” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဆွေးနွေးပွဲ မအောင်မြင်ဘူးလို့ ကြားသိရပြီးနောက် MNDAA တပ်ဖွဲ့ တွေ လားရှိုး အနီး မန်အိုင်အထိ နေရာ ပြန်ယူနေတယ်၊ သီပေါဘက် လည်းစစ်ကူ ဆင်းသွားတယ်လို့ သတင်း ထွက်နေသလို စစ်တပ်ဘက်ကလည်း ၄၁ တပ် မှာလက်နက်ကြီး ဆင်ထားတယ်လို့ သတင်းအမျိုးမျိုး ထွက်လာတယ်လို့ သူက ပြောပါတယ်။
“သိန္နီက မပေးဘူးလို့ပြောတယ်။ MNDAA ဘက်က အခြေခံ အဆောက်အဦးတွေ ကောင်းကောင်း ဆောက်နေတာတွေ့တယ်” လို့ MNDAA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
MNDAA တပ်ဖွဲ့ရဲ့ နေ့စဉ် လုပ်ငန်းဆောင်ရွက် နေပုံ တွေ့မြင်ချက်အရ သိန္နီမြို့ကို နစက တပ်ဖွဲ့ ဆီ ပြန်ပေးမယ့် အလားအလာ မတွေ့ရဘူးလို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့ဘက်ကတော့ သိန္နီကနေ MNDAA တပ်ဖွဲ့ကို ဆုတ်ခိုင်းထားသလို တရုတ်ဘက်ကလည်း မန္တလေး – မူဆယ် လမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ခွာပေးဖို့ တိုက်တွန်းကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အခြေအနေကို စောင့်ကြည့်လေ့လာနေသူ အမျိုးသား တယောက်က ပြောပါတယ်။
လက်ရှိမှာတော့ နစက တပ်ဖွဲ့က လားရှိုးမြို့ ခလရ (၄၁) တပ်မှာ ဟောင်ဝှစ်ဇာလက်နက်၈ ခု တပ်ဆင်ထားပြီး လားရှိုး မန်အိုင်အထက်ရှိ ခမရ (၅၀၇) ထဲလည်း ဟောင်ဝှစ်ဇာလက်နက် တပ်ဆင်ဖို့ ပြင်ဆင်နေတာတွေ့ရကြောင်း MNDAA နဲ့ နီးစပ်သူ လူငယ် တယောက်က ပြောပါတယ်။
“မန်အိုင်အထက်ရှိ ခမရ (၅၀၇) ထဲ ဟောင်ဝှစ်ဇာ လက်နက် တပ်ဆင်ဖို့ ပြင်ဆင်နေတာကို MNDAA က တားပါတယ်။ လက်ရှိ အဲဒီ ကိစ္စညှိနေပါတယ်။ သေနတ်ဖောက်ကြတဲ့အဆင့်ထိလည်း မဖြစ်သေးပါဘူး။ ရမခ ထဲလည်း ရဟတ်ယာဉ် အတက် အဆင်း လုပ်လာပါတယ်။” လို့ သူက ပြောပါတယ်။
လားရှိုးမှာ စစ်တပ်ဘက်က အင်အား အများအပြား ထပ်မံဖြည့်တင်းဖို့နဲ့ လက်နက်အများအပြား တပ်ဆင်ဖို့ ရှေ့ဆက် ထပ်လုပ်ဖို့ အလားလာရှိတာကြောင့် မြောက်ပိုင်းမှာ လပိုင်းအတွင်း နိုင်ငံရေး၊ စစ်ရေး အရှုပ်အထွေး မြင်တွေ့လာရနိုင်ကြောင်း သူက သုံးသပ်ပြောပြပါတယ်။
လားရှိုးမြို့ကိုတော့ ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းက MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားရ။ကနေ တရုတ်ရဲ့ ကြားဝင်မှုနဲ့ နစက တပ်ဖွဲ့ဆီ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ