မိုးကုတ်မှာ လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံရပြီး သုံးယောက်သေကာ ရှစ်ယောက်ဒဏ်ရာရ

ဇူလိုင် ၁၀ ၊ ၂၀၂၅
GG (VOM)
ဝါဆိုလပြည့်နေ့ ဇူလိုင် ၉ ရက်နေ့ညပိုင်းက မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး သုံးယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုက မိုးကုတ်မြို့အရှေ့ပိုင်းရှိ ပန်းမထိပ် ၊ဂေါ်ရခါးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ည ၈ နာရီကျော်လောက်မှာ ပေါက်ကွဲသံအကျယ်ကြီးကြားပြီးမကြာဘူး လူနာတင်ကားတွေသွားတယ်။ သေတာ သုံးယောက်သိရတယ်။ဒဏ်ရာရတဲ့ထဲမှာလည်းကလေးတွေပါတယ်သိရတယ်။” လို့ မိုးကုတ်အရှေ့ပိုင်း ဒေသခံကပြောပါတယ်။
လူသေဆုံး မှု၊ ထိခိုက်ဒဏ်ရာရရှိမှုအပြင် အဆောက်အဦးထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရတာမှန်ကန်ကြောင်းနဲ့ ဖြစ်စဥ်အသေးစိတ်အခြေအနေကို ထပ်မံဖော်ပြပေးသွားမယ်ဆိုပြီး PSLF/TNLA ကလည်း သတင်းထုတ်ထားပါတယ်။
နစက ဘက်ကတော့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဂေါင်းဦးဘာရပ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူသုံးယောက်သေဆုံးခဲ့ပြီး နေအိမ်နဲ့အဆောက်အဦးတွေ ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့သိရပါတယ်။
အလားတူ အဲဒီနေ့မနက်ပိုင်း က ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းအနီး ၊ ကောင်းအက်ရွာ သွားလမ်းပေါ်ရှိ နတလရုံးကို လေကြောင်း နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး လူ တယောက် သေဆုံးကာ သုံးယောက် ထိခိုက် ဒဏ်ရာရရှိတယ်လို့သိရပါတယ်။
ဓာတ်ပုံ – မိုးကုတ်သူမိုးကုတ်သားဆုံဆည်းရာ

Related posts

Leave a Comment

VOM News

FREE
VIEW