ရွှေညဝါဆရာတော် အသည်းရောဂါနဲ့ ပျံလွန်တော်မူ

ဇူလိုင် ၁၀ ၊ ၂၀၂၅
GG (VOM)
ရွှေညဝါဆရာတော် အရှင်ပညာသီဟသည် ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၂ နာရီ ၄၅ မိနစ်မှာ အသည်းရောဂါနဲ့ ပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ သိရပါ တယ်။
ရွှေညဝါဆရာတော်ဘုရားကြီးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးချိန်ကတည်းက အသည်းရောဂါနဲ့ မကြာခဏ ဆေးရုံတက်ရောက်ကုသမှုနေရတာဖြစ်တယ်လို့သိပါတယ်။
ကျန်းမာရေးသက်သာချိန်မှာ နယ်လှည့်ပြီး သာသနာပြုလုပ်ငန်းတွေလုပ်သလို နိုင်ငံရေးအကျဥ်းသားမိသားစုတွေကိုထောက်ပံ့ခြင်း ၊ ငလျင်ဘေးသင့်ဒေသတွေကိုသွားရောက်ပြီး လှူဒါန်းခြင်း စတဲ့ ကူညီရေးလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့တဲ့ ဆရာတော်တပါးဖြစ် တယ်။
” ဆရာတော်က နည်းနည်းသက်သာတာနဲ့ အပြင်ထွက် တာပဲ။ငလျင်ဘေးတုန်းကလည်း ညောင်ရွှေ၊ မန္တလေးအကုန်သွားခဲ့တယ်။ကျန်းမာရေးမကောင်းရင်ဆေးရုံတက်လိုက်နဲ့လုပ်ခဲ့တာ။နိုင်ငံ့အရေးကိုလည်း စိတ်မအေးခဲ့ဘူး။ခုတော့ ရွှေတောင်ကြီးပြိုသွားပါပြီ။သာသနာအတွက်ရော နိုင်ငံအတွက်ရော ဆုံးရှုံးမှုကြီးမားပါတယ်။” လို့ ဆရာတော်ရဲ့ ဒါယကာတယောက်ကပြောပါတယ်။
ရွှေညဝါဆရာတော်ဟာ လက်ရှိနစက လက်ထက်မှာ တာဝန်စတင်ယူတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာလမှာ ထောင်နှစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။အဲဒီနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှာ လွတ်ငြိမ်းနဲ့ပြန်လွတ်လာပါတယ်။
ရွှေညဝါဆရာတော်ကို ၁၉၆၅ ခုနှစ်မှာ မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ၊ ရွှေဒါးဂွေးကုန်းအုပ်စု၊ဘုရားကုန်းရွာမှာမွေးဖွားခဲ့တာဖြစ်လို့ ပျံလွန်တော်မူချိန်မှာ သက်တော် ၆၀ ရှိပြီး ဝါတော် ၂၇ ဝါရှိတယ်လို့သိရပါတယ်။
ရွှေညဝါ ဆရာတော် ခေါ် အရှင်ပညာသီဟက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်မှ ကျောင်းထိုင် နာယက ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်မှ စတငိကာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပြီး ဗုဒ္ဓစာပေများကို ခေတ်နှင့်အညီ သင်ကြား ပို့ချပေးနေ တဲ့ဆရာတော်ဖြစ်ပြီး ကျောင်းတိုက်အတွင်း စာသင်သားသံဃာတော် အပါအဝင် သံဃာတော်အပါး ၅၀၀ လောက် သီတင်းသုံး နေထိုင်လျက်ရှိပါတယ်။
ဆရာတော်က ပရိယတ္တိသာသနာနုဂ္ဂဟ – ရန်ကုန်ဆန်လှူအသင်းကြီးရဲ့ အကျိုးတော်ဆောင် ဓမ္မကထိက တာဝန်ကို ယခုအချိန်ထိ ထမ်းဆောင်နေပြီး ပြည်ပ ထိုင်းနိုင်ငံရောက် တက္ကသိုလ်အသီးသီးမှာ ပညာသင်ယူဆည်းပူးနေကြတဲ့ မြန်မာရဟန်းတော်တွေရဲ့ ဩဝါဒစရိယဆရာတော် တာဝန်ယူခဲ့ပါတယ်။
ဆရာတော်သည် အစိုးရ ဓမ္မစရိယ၊ ပါရဇိကဏ်ကျမ်းစွဲအောင်မြင်ခဲ့သလို အမျိုးသားဓမ္မာစရိယ စာမေးပွဲမှာ သာသနာပါလဓမ္မာစရိယဘွဲ့ကို ရရှိခဲ့ပါတယ်။
သာဓုကျောင်းတိုက်မှာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရခြင်း နှစ် ၂၀ ပြည့်အခမ်းအနား စသည်တို့ကို ဆရာတော်က ကျင်းပခွင့်ပေးခဲ့တဲ့အပြင် NLD ရဲ့ အခြား နိုင်ငံရေးဆိုင်ရာပွဲနဲ့ အလှူအတန်း ပြုလုပ်ခွင့်ကိုလည်း ဆရာတော်က ကျောင်းတိုက်မှာ ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ခရီးစဉ်အတွင်းမှာလည်း ထင်ရှားတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်သူတွေ နှင့် အတူ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆရာတော်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်ကနေ ၂ဝ၁၂ ဖေဖော်ဝါရီ ၁၁ နေ့အထိ တနှစ် တရားမဟောရန် ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့က ပိတ်ပင်ခြင်းခံခဲ့ရဖူးပါတယ်။
၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာလည်း ဆရာတော်က မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရုံး ဆွမ်းကပ်လှူပွဲမှာ “ပင်ဝါးရုံ”ဆိုတဲ့ ဩဝါဒပေးခဲ့ခြင်းကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ သတိပေး အကြောင်းကြားစာ ပေးပို့ခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ဆန္ဒအတိုင်း ကျောင်းတိုက်မှ ထွက်ခွာရန် ဝန်ခံကတိ လက်မှတ်ထိုးပေးခဲ့ပြီး ၂၀၁၃ ခုနစ်၊ ဇွန်လ (၁၅) ရက်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေကို ဗုဒ္ဓဘာသာ ဝံသာနုအမျိုးသားစိတ်ဓာတ် ရင့်သန်စေရန်ဟောပြောခဲ့တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW