ဇူလိုင် ၁၀ ၊ ၂၀၂၅
Shy V (VOM)
လားရှိုးမြို့နယ်က တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တချို့ကို ဇူလိုင်လ ၈ ရက်နေ့မှာ MNDAA တပ်ဖွဲ့က နစ်နာကြေး လိုက်ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“”မနေ့ ဇူလိုင်လ ၈ ရက်နေ့က ဟိုပိတ်မှာ ပျက်စီးသွားတဲ့ အိမ်တွေကို MNDAA ဘက်က နစ်နာကြေးပေးတယ် လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဟိုပိတ်၊ ၁၄ မိုင်ကနေ ဆုန်ကွယ်၊ ကောင်းတပ် ရွာက အိမ်တွေအထိ အိမ်ခြေပေါင်း ရာကျော်ရှိလိမ့်မယ်လို့ သူက ပြောပါတယ်။
“တအိမ်ကို အထိအခိုက် အနည်းအများ ပေါ်မူတည်ပြီး တရုတ်ငွေ တထောင် ကနေ သုံးထောင် လောက်ထိ ရကြတယ်။” လို့ သူက ပြောပါတယ်။
ပျက်စီးသွားလို့ ပြန်ဆောက်ရင် ကုန်ကျမယ့် စရိတ် အတိအကျ ပေးတာမျိုးမဟုတ်ဘဲ သူတို့ သတ်မှတ် တွက်ချက်ထား သလို ပေးတာလို့ ဆိုပါတယ်။
“တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို MNDAA ဘက်က နစ်နာကြေး ပေးတာ ဟုတ်ပါတယ်။” လို့ ဒေသခံ လူငယ် တယောက်ကလည်း ပြောပါတယ်။
နစ်နာကြေး ဘယ်ရွာက အိမ်ခြေအရေအတွက် ဘယ်လောက် နစ်နာကြေးတွေ ရသလဲတော့ အသေးစိတ် မသိဘူးလို့ သူက ပြောပါတယ်။
လားရှိုးမြို့မှာ ပေးတုန်းကတော့ တိုက်ပွဲ အတွင်း MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ ဘက်က လက်နက်ကျည်တွေ ထိမှန်တာကြောင့်ပျက်စီးခဲ့ရတဲ့ နေအိမ်တွေကိုပဲ နစ်နာကြေး ပေးတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ