အိန္ဒိယမှာ တံတားကျိုးကျလို့ လူကိုးယောက် သေဆုံး

ဒေလီ၊ ဇူလိုင်-၁၀-၂၀၂၅
ရတီ(VOM)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်မှာ မြစ်ကူးတံတားတစင်းကျိုးကျမှုကြောင့် လူကိုးယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို ကိုးကားပြီး အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
တံတားရဲ့ အစိတ်အပိုင်းတခုပြိုကျချိန်မှာ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်အများအပြား မြစ်ထဲကျခဲ့ပြီး လူငါးယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဂူဂျာရက်ပြည်နယ် ကျန်းမာရေးဝန်ကြီး ပါတယ်လ်က ပြောပါတယ်။ ဒီမတော်တဆမှုဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့ ဂူဂျာရက်ပြည်နယ် ဗာဒိုဒါရာ ခရိုင်မှာ ဖြစ်ပွားခဲ့တာပါ။
ဝန်ကြီးချုပ်မိုဒီကတော့ ဒီဖြစ်စဉ်အတွက် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီတံတားကို ၁၉၈၅ ခုနှစ်က တည်ဆောက်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ အခြေခံအဆောက်အအုံတွေဟာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီမှုနည်းပါးနေပြီး တခါတရံ အဝေးပြေးလမ်းနဲ့ တံတားတွေမှာ ကြီးမားတဲ့ မတော်တမဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
၂၀၂၂ ခုနှစ်ကလည်း နှစ် ၁၀၀ နီးပါး သက်တမ်းရှိ ကြိုးတံတားတစင်းဟာ ဂူဂျာရက်မြစ်ထဲ ကျိုးကျပြီးနောက် ရာနဲ့ချီတဲ့လူတွေ ရေထဲကျခဲ့ပြီး ၁၃၂ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားခဲ့ပါတယ်။
Ref:CNA
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW