ပထမ ကျောင်းသားသပိတ်က ရခဲ့တဲ့ အသီးအပွင့်

ဆူးငှက်

၁၂၈၂ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ၅ရက်)နေ့မှာ ရန်ကုန် တက္ကသိုလ်က တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ သပိတ်မှောက်ကြတယ်။ ကျောင်းသား ကိုဘဦးအပါအ၀င် (၁၁)ဦးက ဦးဆောင်ပြီး သပိတ် မှောက်ကြတာပါ။ ဒီပထမကျောင်းသားသပိတ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ အသိအမြင်တွေကို ပထမဆုံးစတင်ထိုးဖောက် အမြင်ကျယ်စေတဲ့ သမိုင်း၀င် လှုပ်ရှားမှုကြီးပါပဲ။ ကိုယ့်နိုင်ငံရဲ့ ကြမ်္မာကို ကိုယ့်ဖာသာ စီမံခန့်ခွဲနိုင်ဖို့ ကိုယ်ပိုင်အတွေးအခေါ် မြှင့်တင်ရေးမှာ အမျိုးသားပညာရေးက အရေးပါ ကြောင်း လှုံ့ဆော်လိုက်တဲ့ လှုပ်ရှားမှုကြီးလည်း ဖြစ်ခဲ့တယ်။ဒါကြောင့် ပထမ ကျောင်းသားသပိတ်ကြီး အပြီး၊ ရန်ကုန်မှာ ဗဟန်း အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းများအပြင် တစ်ပြည်လုံးအတိုင်း အတာအထိ၊ အမျိုးသားကျောင်း တွေဖွင့်လှစ်နိုင်ခဲ့ကြ တယ်။

ဒါကြောင့် ၁၂၈၃ခု သီတင်းကျွတ်လပြည့်ကျော် ၈ရက် (၁၉၂၁ခု အောက်တိုဘာ ၂၄ရက်)နေ့က မန္တလေးမှာ ကျင်းပတဲ့ န၀မမြောက် ဂျီစီဘီအေ အသင်း အစည်းအဝေးကြီးမှာ ပထမကျောင်းသား သပိတ်ကြီး စတင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ဖို့ အတည်ပြုနိုင်ခဲ့ တယ်။ ဒါကြောင့် ၁၂၈၃ခု၊ တန်ဆောင်မုန်းလပြည့် ကျော်၁၀ရက်နေ့က စတင်ပြီး တစ်ပြည်လုံးအတိုင်း အတာနဲ့ အမျိုးသားအောင်ပွဲနေ့တွေ စတင်ကျင်းပ ခဲ့ကြတယ်။ နောင်တစ်ချိန်မှာ ပထမကျောင်းသား သပိတ်ကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့ အမျိုးသားကျောင်း တွေက အမျိုးသားအောင်ပွဲနေ့တွေကို ထူးထူးခြားခြား ကျင်းပခဲ့ကြတာလည်း အထင်အရှားပါပဲ။

ပထမကျောင်းသား သပိတ်ကြီးကြောင့် အမျိုး သားကျောင်းတွေ ဖွင့်လှစ်ရာမှာ မန်္တလေးက ဆရာကြီး ဦးရာဇတ်ဦးဆောင်ပြီး တက်ကြွစွာပါ၀င်ခဲ့တယ်။ ဒါ့အပြင် မန္တလေးမှာ (၁)လမ်း၈၀နဲ့ ၈၁လမ်းကြား၊ လမ်း ၃၀နဲ့ ၃၁လမ်းကြား၊ အထက်ဆင့် ၀င်းထဲက ဗဟိုပိဋကတ်တိုက် အဆောက်အဦးကြီးမှာ ဖွင့်လှစ်တဲ့ ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈၀ တရုတ်တန်း၊ လမ်း၃၀နဲ့၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်မှာဆရာမကြီး ဒေါ်စောအုံကျောင်းအုပ်အဖြစ် ဆောင်ရွက်တဲ့ နေရှင်နယ်အမျိုးသမီးကျောင်း၊ (၃)ဆိုင်းတန်း သင်္ဘောတန်းရပ်မှာ နေရှင်နယ် အလယ်တန်းကျောင်းနဲ့ (၄) ညောင်ပင်စျေးမှာ ညောင်ပင်စျေးနေရှင်နယ်ကျောင်းဆိုပြီး ၄ကျောင်း ဖွင့်လှစ်ခဲ့တယ်။ မန္တလေးက အမျိုးသားကျောင်း တွေဟာ ဆရာကြီးဦးရာဇတ်ရဲ့ အမြော်အမြင်ကြောင့် ဂျီစီဘီအေကြီး ၂ခြမ်းအကွဲ၊ အမျိုးသားကျောင်း များ အထောက်အပံ့ ခံရေး၊ မခံရေး သဘောထားကွဲမှုမှာ ဗဟိုအမျိုးသား အထက်တန်း ကျောင်းကြီး တည်တံ့ခဲ့တယ်။ ဒီကနေ့အထိ အမှတ် ၂ အ.ထ.က အဖြစ်နဲ့အထိပေါ့။ မန္တလေးမြို့မိ မြို့ဖတွေကလည်း ဗဟိုအမျိုးသားကျောင်းကြီးကို အားပေး ထောက်ခံခဲ့ ကြရုံမက၊ ကိုယ့်သားသမီးတွေကိုလည်း ဆရာကြီးဦးရာဇတ်ဆီ အပ်နှံကာ ဗဟိုအမျိုးသား ကျောင်းမှာပဲ ကျောင်းအပ်ခဲ့ ကြတာပါ။ ဒါကြောင့် မန္တလေးရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးစတဲ့ မျက်နှာစာက ထင်ရှားတဲ့ ပုဂိ်္ဂုလ်ကြီးတွေ အများစုဟာ အမျိုးသားကျောင်းထွက်တွေ အများစုဖြစ်ခဲ့တယ်။

ဒီအထဲမှာ ဆရာမြို့မငြိမ်းကလည်း မန်္တလေး ဗဟို အမျိုးသားကျောင်းထွက် ဖြစ်ခဲ့တယ်။ (ဆရာမြို့မငြိမ်း ရဲ့ သားသမီးတွေ အားလုံးကလည်း အမျိုးသားကျောင်းထွက်တွေပါပဲ။) ဒါကြောင့် နှစ်စဉ်ကျင်းပတဲ့ အမျိုးသား အောင်ပွဲနေ့တွေမှာ ဗဟိုအမျိုးသား အထက်တန်း ကျောင်းက ပဒေသာကပွဲများအထိ ပါ၀င်ဆင်နွှဲကြ တော့ ဆရာမြို့မငြိမ်းက အမှတ်တရ ဂုဏ်ပြုသီချင်းတွေ နှစ်တိုင်းရေးစပ်ပေးခဲ့ပါတယ်။ ပြန်လည် စုဆောင်း၊ ရှာဖွေစုဆောင်းတော့ ဆရာမြို့မငြိမ်းရေး စပ်ခဲ့တဲ့ အမျိုးသားနေ့ ဂုဏ်ပြုသီချင်း (၅)ပုဒ်တွေ့ရှိ ခဲ့ပါတယ်။

““ထောင့်နှစ်ရာရှစ်ဆယ့်နှစ်တွင် အတိတ်ခေတ် ကြေးမုံပြင်၊ ပြန်လည်သုံးသပ်ကာမြင်၊ ဂုဏ်ယူလောက် ဖွယ်ပင်..””လို့ အစချီတဲ့ ဆရာမြို့မငြိမ်းရဲ့ သီချင်းမှာ သူ့မိခင်ကျောင်းတော်ကြီကိုလည်း အခုလို ဂုဏ်ပြု စပ်ဆိုခဲ့ပါသေးတယ်။

““ကောင်းသော မိုးသောက်ထမှာ ဒို့မြင်xx ကိုယ့်စိတ် လန်းဆတ်ကြည်လင်၊ ၀မ်းမြောက် ပျော်ရွှင်xx ကျက်သရေပင် အိမ်တိုင်းစေ့ ရှုမငြီး၊ အလံ တော်ကြီးတွေ ဝြေဖာလွင် ××× တခုံတမင် ဗဟိုအမျိုး သားကျောင်း သောင်းသောင်းဖြဖြxx အောင်ပွဲသဘင် ဆင်မြဲ၀င်နွှဲ အကြိမ်ကြိမ်ပင်..”” တဲ့။

အမျိုးသားအောင်ပွဲနေ့အတွက် ဆရာမြို့မငြိမ်း စပ်ဆိုခဲ့တဲ့ နောက်ထပ်သီချင်းတစ်ပုဒ်မှာ ““လွတ်လပ် ရေး ရယူစေသော မျိုးစေ့ပင်၊ ဒီနေ့မျိုးစိုက်သည်တွင်၊ ဒို့အောင်မြင်”ဆိုတဲ့စာသားတစ်ပိုဒ်ပါ၀င်တယ်။ အင်မတန် ကျစ်လျစ်အားကောင်းပြီး အဓိပ္ပာယ် လေးနက်ပါတယ်။ ကျန်ပညာရေးကို မလိုလား၊ လက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့ သပိတ်မှောက်တယ်။ ဒီလုပ်ဆောင်ချက်နဲ့ တစ်ဆက်တည်း အမျိုးသား ကျောင်းတွေ ပေါ်ပေါက်လာတယ်။ အမျိုးသား ကျောင်းတွေက လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ သားကောင်းသမီးကောင်းတွေ မွေးထုတ်ပေးတယ်။ ဒီသားကောင်း သမီးကောင်းတွေက လွတ်လပ်ရေး တိုက်ပွဲမှာ အဓိက အားအင်တွေဖြစ်ခဲ့တယ်။ ဒါကို ဆရာမြို့မငြိမ်းက အကျစ်လျစ်ဆုံး အားကောင်းတဲ့ စကားလုံးတွေနဲ့ ရေးစပ်ခဲ့တာပါ။

ဆရာမြို့မငြိမ်းရဲ့ အမျိုးသားနေ့ ဂုဏ်ပြု နောက် ထပ်သီချင်းတစ်ပုဒ်မှာတော့…

““ပညာရေးလောကကြီးပေါက်ဖွားစေxx
အမျိုးသားနေ့ မမေံအပ်ပေ ထူးမြတ်သလေxx
အောင်ပွဲဆင်မြဲ ကျောင်းသားကျောင်းသူ မောင်မယ်ဆွေxx
အမျိုးစိတ်တွေ မြင့်လျက်တိုးတက်နေxx
ဒို့မြေဒို့ပြေ၊ ဒို့မြေဒို့ပြေ ဘိုးဘွားများအမွေxx

ပြည်ထောင်စုကိုမြတ်နိုး အကျိုးဆောင်မယ်လေ”တဲ့။ အမျိုးသားအောင်ပွဲနေ့လို့ သတ်မှတ်လိုက်တဲ့ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်နေ့က အမျိုးသား ပညာရေးလောကကြီး ပေါ်ပေါက်လာခဲ့ပုံကို မှတ်တမ်းတင် လိုက်ခြင်းပါပဲ။

ဆရာမြို့မငြိမ်းရဲ့ နောက်ထပ်သီချင်းတစ်ပုဒ် ကတော့ တစ်ပုဒ်လုံးမျှ အဓိပ္ပာယ်လေးနက်လှပါတယ်။ ခေတ်အမြင် ခေတ်အတွေးနဲ့ အမြင်ကျယ်လှပါတယ် လို့ပြောရပါမယ်။ တိုင်းပြည်ဟာ ခေတ်နဲ့အညီ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် ပညာရေးက အရေးကြီး ကြောင်း။ တိုင်းသူပြည်သား (လူထု)ရဲ့ ပညာဥာဏ် ရည် အနိမ့်အမြင့်ကိုလိုက်ပြီး တိုင်းပြည်ရဲ့ အဆင့် အတန်း အနိမ့်အမြင့်ရှိနိုင်တယ်။ တိုင်းပြည် ထိပ်တန်း ရောက်ဖုိ့ လူထုရဲ့ ပညာဥာဏ်ရည် အနိမ့်အမြင့်က အရေးပါတယ်လို့ လေးနက်စွာဖွင့်ဆိုလိုက်ခြင်းပါ။

““ထိပ်တန်းသို့ မြန်မာနိုင်ငံရောက်ဖို့ မြင့်ရန် အရေး၀ယ် xx လူထု၏ နိမ့်မြင့်ပညာ ဥာဏ်ရည်လိုက် လို့ မြင့်နိုင်မယ်xx ထို့ကြောင့် လူငယ်၊ မြန်မာပြည်ဖွား တိုင်းရင်းသားမောင်မယ်xx လသင်ကြားအားထုတ် ကြိုးကုတ်ပညာ မလင့်မီအခါ၀ယ်xx ကြီးလာတော့ တိုင်းပြည်အကျိုး ထမ်းပိုးနိုင်မယ် နောက်နောင်၀ယ်”တဲ့။

ဒီသီချင်းကို အမျိုးသားနေ့ အောင်ပွဲအတွက် သာမက ၁၉၄၈ ခုနှစ် ဇွန်လမှာမန္တလေး ယူနီဗာစီတီ ကောလိပ်အဖြစ် ဖွင့်လှစ်နိုင်တဲ့ အထိမ်းအမှတ် ဖွင့်ပွဲ မှာလည်း ယိမ်းအဖွဲ့တွေနဲ့အတူ ကျောင်းသူ မတင် တင်မြင့်နဲ့ မစီစီ၀င်းတို့က သီဆိုခဲ့ကြသတဲ့။

တိုင်းပြည်နှင့် လူမျိုးအတွက် အင်မတန်စေတနာပါတဲ့ သီချင်းတွေပါ။ အမျိုးသားကျောင်း၊ ယူနီဗာစီတီ ကောလိပ်တို့ နှင့်အတူ အဖိုးတန်အနုပညာများအဖြစ် ကျောင်းသားသပိတ်ကြီးက ရရှိခဲ့တဲ့ အမွေအနှစ်တွေပါပဲ။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW