ဇူလိုင် ၁၄ ၊ ၂၀၂၅
GG(VOM)
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသမှာ ဒီနေ့တရက်တည်း လေကြောင်းနှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး လူခုနှစ်ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူဆယ်ယောက်ထက်မနည်းရှိခဲ့တယ်လို့ ကနဦးသတင်းအရသိရပါတယ်။
မော်ချီးဒေသလေကြောင်းတိုက်ခိုက်ခံရမှုက နေ့လယ် ၂ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး စက်ဆရာအကွေ့လမ်းနဲ့ ရတနာအောင်မြေရပ်ကွက် အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
မော်ချီးလေကြောင်းတိုက်ခိုက်ခံရမှုမှာ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရ သူတွေရှိခဲ့ပြီး နေအိမ်အဆောက်အဦးထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။
” အခုသိရတာမော်ချီးက ခုနှစ်ယောက်သေပြီး ဒဏ်ရာရသူတွေလည်းများတယ်သိရတယ်။ဗုံးက ရပ်ကွက်ထဲနဲ့ လမ်းပေါ်တလုံးစီကျတာလို့လောလောဆယ်အဲလောက်ပဲ သိရသေး တယ်။မနက်ကဒီမောဆိုဘက်ကတော့ လူသေတာမရှိဘူး ။ခုမော်ချီးမှာသာ သေဆုံးရှိတာပါ။ဒဏ်ရာရကလည်း မော်ချီကများတယ်။ ” လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။
ဒီမောဆိုမြို့နယ် အနောက်ခြမ်းကိုတော့ ဒီနေ့ မနက် ၁ နာရီလောက်မှာ လေကြောင်းတိုက် ခိုက်ခံခဲ့ရတာဖြစ်ပြီး လူနှသ်ယောက်ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးအချို့ ထိခိုက်ပျက်စီး မှုရှိခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၉ ရက်နေ့ ညကလည်း မော်ချီးဒေသရှိ လိုလော်ထီးရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူငါးယောက်သေဆုံးက ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၇ ရက်ကလည်း ကယားနဲ့ရှမ်းပြည်နယ် နယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းမှာ လေကြာင်းတိုက်ခိုက်ခံရပြီး သုံးယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၂ ရက်နေ့ ကလည်း ကယားပြည်နယ် ၊ ဒီးမော့ဆို အနောက်ခြမ်းကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အဆောက်အဦးထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၂၅ ရက်ကလည်း ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူ ခုနှစ်ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်အထိရှိခဲ့ တယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ
