ထိုင်း – မြန်မာနယ်စပ်ရှိ ဝေါလေစခန်းမှာ တိုက်ပွဲ ပြင်းထန်နေ

ဇူလိုင် ၁၄ – ၂၀၂၅
SS (VOM)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ်ရှိ နစကရဲ့ ဝေါလေစစ်စခန်းကို လက်ရှိမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှစပြီး နစကရဲ့ စစ်ရေး အချက်အချာကျတဲ့ ထိုင်း – မြန်မာနယ်စပ်ရှိ ဥကရစ်ထနဲ့ ဝေါလေဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့မှာတော့ ဥကရစ်ထ ပင်မထောက်ပို့ စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“လက်ရှိက‌တော့ ဝေါလေဗျူဟာစခန်းမှာ တိုက်ပွဲ ပြင်းထန်နေတုန်းပါပဲ။ လက်နက်ကိုင်တပ်တွေ အကုန်ဝိုင်းပြီး ပိတ်ဆို့ထားတဲ့ အခြေအနေပေါ့။ စစ်ကူ၊ ပစ်ကူ စီမံချက်တွေပါ လေကြောင်းကလွဲရင် ဘာမှပေးလို့ မရတဲ့ အခြေအနေကို ရောက်နေတော့ နစကတပ်တွေ အထဲမှာ ပိတ်မိသလို ဖြစ်နေတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ အခြေအနေအရ ထိုင်း – မြန်မာ နယ်စပ်တခုလုံးမှာ နစကရဲ့ ဝေါလေဗျူဟာစခန်းနဲ့ တီသဲလယ် ကာကင်းစခန်း နှစ်ခုသာ ကျန်ရှိတော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဝေါလေပြီးရင် အားလုံးကုန်ပြီ။ တီသဲလယ်က ဘာမှမဟုတ်ဘူး။ ဒါကြောင့် နစကတပ်တွေက ဝေါလေစခန်း မပေးရရေး အသည်းအသန် ကာကွယ်နေတာ။ ဒါပေမယ့် အခုက ဝေါလေလည်း ကုန်သလောက်ရှိနေပြီ။ လက်နက်တိုက်လည်း ဖောက်ခွဲခံရတယ် ဆို‌တော့ ကျွန်တော့်အမြင်အရတော့ KNLA ဘက်က ဒီစခန်းကို ရက်ပိုင်းအတွင်း သိမ်းနိုင်လိမ့်မယ်ထင်တယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့က ဝေါလေဗျူဟာရဲ့ လက်နက်တိုက်ကို ဒရုန်းနဲ့ တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ လက်နက်ကိုင်တပ်ဖွဲ့က မနေ့ ဇူလိုင် ၁၃ ရက်မှာ ရုပ်သံနဲ့တကွ သတင်း ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ထိုင်းသတင်းဌာနတွေ အားလုံးကလည်း ဇူလိုင် ၁၂ ရက်နေ့က ဝေါလေဗျူဟာစခန်းမှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်း ဖော်ပြခဲ့ကြပါတယ်။
အဆိုပါ ဝေါလေဗျူဟာစခန်းဟာ ထိုင်း – မြန်မာနယ်စပ်မှာ ရှိနေတာ ဖြစ်ပြီး ထိုင်းစစ်တပ်က စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။
မနေ့ ဇူလိုင် ၁၃ ရက်၊ နေ့လယ် ၁ နာရီခွဲ ဝန်းကျင်ကလည်း ဝေါလေစခန်း မကျဆုံးစေရေးအတွက် နစကတပ်တွေက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို လက်နက်ကိုင် တပ်တွေဘက်ကလည်း ဒရုန်းအသုံးပြု ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် မြဝတီမြို့ (တောင်ဘက်)၊ ဝေါ်လေမြိုင်အနီးရှိ ထီးသဲလယ်ကျေးရွာရှိ စာသင်ကျောင်း တကျောင်းလုံးနဲ့ လူနေအိမ် သုံးလုံး ထိခိုက်ပျက်စီးသွားပြီး လူထိခိုက် ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ ဝေါလေဒေသအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ၃၀၀၀ ထောင်ထက်မနည်း စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေဟာ ထိုင်း – မြန်မာနယ်စပ်အနီး တိုက်ပွဲအတွင်း ဥကရစ်ထ ပင်မထောက်ပို့ စစ်စခန်းအပြင် ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း၊ တာလယ်စခန်းတွေ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ သေ့ဘောဘိုးစခန်းနဲ့ ထီးကပလယ်စခန်းတို့ကို သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW