သိန္နီ – ကွမ်းလုံလမ်း နမ့်စလပ်ရွာမှာ နေထိုင်ခွင့် လက်မှတ် မရှိသူတွေကို MNDAA ဖမ်းဆီး၊ သတိပေး

ဇူလိုင် ၁၄၊ ၂၀၂၅
Shy V(VOM)
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီ – ကွမ်းလုံ လမ်း နမ့်စလပ်ရွာမှာ ဇူလိုင်လ ၁၂ ရက်နေ့ ကစ နေထိုင်ခွင့် လက်မှတ် မရှိသူတွေကို ဖမ်းဆီးတာတွေ၊ သတိပေး ပြောလာတာတွေ ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ့်စလပ်မှာ ကိုးကန့် MNDAA ရဲတွေ ဇူလိုင်လ ၁၂ ရက်နေ့က အိမ်တွေထဲမှာရော ဆိုင်တွေထဲမှာရော ရှောင်တခင် ဝင်စစ်တယ်။ နေထိုင်ခွင့် ကတ် မရှိသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ကပြာပါတယ်။
တချို့ နေအိမ်တွေမှာတော့ နောက်တကြိမ် လာစစ်လို့မှ နေထိုင်ခွင့် လက်မှတ် မရှိရင် ဖမ်းဆီးသွားမှာ ဖြစ်တယ်လို့ သတိပေး ပြောသွားခဲ့တယ်လို့သူက ပြောပါတယ်။
“ကိုးကန့် ထိန်းချုပ် ဒေသခံ မဟုတ်ပဲနဲ့ တခြားဒေသက အလုပ်သမားခေါ်မယ်ဆိုရင် ခေါ်တဲ့ လူက အာမခံ ပေးရတယ်။ အခွန်လည်း တယောက်ကို ဘယ်လောက် ဆိုပြီး ပေးရတယ်” လို့ ပန်ဆိုင်းမြို့နယ်က တောင်သူ တယောက်က ပြောပါတယ်။
ခေါ်တဲ့ တောင်သူက အလုပ်ပြီးသွားလို့ တခြားတောင်သူ တယောက်ဆီ ပြန်သွားလုပ်မယ်ဆိုရင်လည်း ထောက်ခံချက်၊ အာမခံ တခါ ထပ်လုပ်ရပြီး အလုပ်သမား အတွက် အခွန် သပ်သပ် ထပ်ဆောင်ရပြန်တယ်လို့ သူက ပြောပါတယ်။
တခြားဒေသခံ အလုပ်သမား ခေါ်မယ်ဆိုရင် အဲဒီလို အဆင့်ဆင့် လုပ်ပြီး နေထိုင်ခွင့် လုပ်ပေးရတဲ့ ပုံစံ ဖြစ်ပြီး တောင်သူတွေအနေနဲ့ စိုက်ပျိုးရိတ်သိမ်းချိန် အလုပ်သမား အခက်အခဲတွေ ကြုံရတယ်လို့ ဆိုပါတယ်။
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ တရုတ်နိုင်ငံရဲ့ ပေါ်လစီ နည်းသူ ‌ဒေသခံ မဟုတ်သူတွေက လာရောက် အလုပ်လုပ်မယ်၊ လာရောက်လည်ပတ် နေထိုင်မယ် ဆိုရင် နေထိုင်ခွင့် လျှောက်ထား ဖို့လိုတာဖြစ်ပါတယ်။
ကိုးကန့် MNDAA ရဲ့ သက်ဆိုင်ရာ ဌာနတွေမှာ နှစ်ချီ တာဝန်ထမ်းဆောင်သူတွေ နဲ့ ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်ယွမ်ငွေ ငါးသိန်းနဲ့ အထက် ရင်းနှီးမြှုပ်နှံနိုင်သူ၊ ပိုင်ဆိုင်မှု ရှိထားသူတွေက ဒေသခံ အဖြစ်လျှောက်ထားခွင့် ရှိတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW