ဇူလိုင် ၁၅၊ ၃၀၂၅
Shy V (VOM)
နောင်ချိုမြို့ပေါ် ဇူလိုင်လ ၁၅ ရက်နေ့ ထိ TNLA ပူးပေါင်းတပ်ဖွဲ့တွေရှိနေသလို နစက တပ်ဖွဲ့တွေလည်းဝင်ရောက်လာပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နောက်ချိုဘက် ဒီမနက်လည်း တဝုန်းဝုန်းနဲ့ ပစ်နေကြတုန်းပဲ။ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက မြို့ပေါ် ရပ်ကွက် ၄ ခု ေလာက်မှာပဲ ရှိတော့တယ်။ ကျန်တဲ့ နေရာတွေမှာ စစ်တပ်ဘက်က ဝင်လာပြီလို့ ကြားနေရတယ်။” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
မြို့ထဲပဲ ဟိုဘက် ဒီဘက် နေရာယူပြီး ပစ်ခတ် တိုက်ခိုက် နေကြတဲ့ သဘောဖြစ်နေပြီး တဆင့်စကား တဆင့်ကြားရတာတဲ့ အခြေအနေပဲ ဖြစ်ကာ မြို့ထဲမှာ ဒေသခံတွေ ဘယ်သူမှ မရှိတော့တော့ အတိအကျကြီးက ဘယ်သူမှတော့ မသိနိုင်တော့ဘူးလို့ သူက ပြောပါတယ်။
ဂုတ်တွင်းကားလမ်း ဖြတ်မရရင်တောင်မှ ကျောက်မဲနဲ့ နောင်ချို သွားလာလို့ရတဲ့ တခြားလမ်းကြောင်းတွေ ရှိနေတာ ဖြစ်ပြီး လက်ရှိ နှစ်ဖက် ပြင်းပြင်း ထန်ထန် တိုက်နေသံတွေ ကြားနေရကာ တကယ်လို့ စစ်တပ်က နောင်ချိုကို ရသွားရင် ပစ်ခတ်သံ ကြားရတော့မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
“နောင်ချိုမှာက TNLA နဲ့ ပူပေါင်း တပ်ဖွဲ့က တဖက်၊ စစ်တပ် ဘက်က တဖက် အဲလို ပုံစံ ရှိနေကြတယ်လို့သိရတယ်။ တိုက်ပွဲကတော့ မြို့ထဲ ဖြစ်နေတဲ့ သဘောပေါ့။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
လားရှိုးတိုက်ပွဲတုန်းကတော့ ရပ်ကွက် တခုနဲ့ တခုတောင်မဟုတ်ပဲ ဟိုဘက်တိုက်နဲ့ ဒီဘက်တိုက် အထိကို နီးနီးကပ်ကပ် တိုက်ကြ တာပဲလို့ သူက ပြောပါတယ်။
မန္တလေး ကနေ တက်လာရင် နောင်ချိုမြို့ပေါ် မန္တလေး – လားရှိုး လမ်းမရဲ့ ညာဘက်ခြမ်းနဲ့ လမ်းမ တကြော နစက တပ်ဘက်က ဝင်ရောက်ထားကြောင်း နစကနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်းရွာတွေမှာ နစကတပ်ဖွဲ့နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဇူလိုင်လ ၁၃ ရက်နေ့မှာ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။
Photo Crd# ဒေသခံ
