ဇူလိုင် ၁၅ – ၂၀၂၅
SN (VOM)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ပိုးဇနွယ်ရွာနဲ့ ဖော့တော့ရွာမှာ မနေ့ ဇူလိုင် ၁၄ ရက်၊ ညနေပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ ခုနစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ညနေ ၅ နာရီကျော်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ပိုးဇနွယ်ရွာက ခရစ်ယာန် ဘုရားကျောင်းအပြင် နေအိမ် ငါးလုံးနဲ့ ကား နှစ်စီး ပျက်စီးခဲ့သလို ဖော့တော့ရွာက နွားတကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ပိုးဇနွယ်ရွာက လေကြောင်း တိုက်ခိုက်မှုက ဗုံးခိုကျင်းထဲ တည့်တည့်ကျတာ။ အကုန်လုံး ပွဲချင်းပြီး သေတယ်။ ညနေ ၅ နာရီကျော်လောက်မှာ အရင်ဆုံး ဖော့တော့လမ်းခွဲကို တကြိမ် လေကြောင်း တိုက်ခိုက်တယ်။ အဲဒီမှာ လေးယောက်ထိတယ်။ သေဆုံးတာတော့ မရှိဘူး။ ပြီးတော့ ၁၅ မိနစ်ပဲခြားတယ်။ ကျွန်မတို့ ပိုးဇာကျေးရွာကို လေကြောင်း တိုက်ခိုက်တယ်။ သေဆုံးသွားတဲ့ သူတွေထဲမှာ ကျွန်မအမျိုးတွေလည်း ပါကုန်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပိုးဇနွယ်ရွာဟာ သပိတ်ကျင်းမြို့နယ်နဲ့ မိုးကုတ်မြို့နယ် အစပ်က ကျေးရွာဖြစ်ပြီး မန္တလေး – မိုးကုတ် လမ်းမကြီးပေါ်မှာ တည်ရှိကာ လီဆူလူမျိုးတွေ အများဆုံး နေထိုင်တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် လမ်းမကြီးပေါ်ရှိ ဇရပ်ကွင်းရွာနဲ့ လိပ်ကျရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လေးယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ သပိတ်ကျင်းမြို့နယ် ၇ မိုင် ကျေးရွာတဝိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ၄ မိုင်ရွာအထိ ရောက်ရှိလာပြီး မြို့နဲ့ ပိုမိုနီးကပ်လာလို့ သပိတ်ကျင်းမြို့ပေါ်က ပြည်သူတွေပါ ထပ်မံ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“အခုက တိုက်ပွဲကလည်း မြို့နဲ့ နီးလာပြီ။ နစကတပ်တွေဘက်ကလည်း ထိုးစစ်အရှိန် မြှင့်လာတဲ့သဘော ရှိတယ်။ မြို့ကို ဦးတည်ပြီး စစ်ကြောင်းတွေ တက်လာတာ။ ဒီဘက်က ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်က နောက်ဆုတ်ပေးရတာတွေ ရှိနေတယ်။ ဆိုတော့ မြို့ပေါ်ကလူတွေလည်း ထပ်ရှောင်ကုန်ကြပြီ။ ခန့်မှန်းခြေ လူဦးရေ ၃၀၀ နီးပါးရှိမယ်၊ ထပ်ရှောင်နေကြတာ” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူက ပြောပါတယ်။
သပိတ်ကျင်း ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့မှ စတင်ကာ ထပ်မံ စစ်ဘေး တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“စစ်ဘေးရှောင်တွေက ထပ်ပြီး တိမ်းရှောင်လာတာတွေနဲ့ဆို စုစုပေါင်း လူဦးရေ ပျမ်းမျှ နှစ်သောင်းဝန်းကျင်လောက် ရှိလာပြီပေါ့။ အခုလထဲမှာလည်း လေကြောင်းတိုက်ခိုက်မှုက ပိုပြီး စိပ်လာတယ်ပြောရမယ်။ ဒါကြောင့် အိမ်စောင့်သဘောမျိုးတောင် ဘယ်သူမှ ကျန်မနေရဲကြတော့ဘူး။ စစ်ဘေးရှောင်ဦးရေ တိုးလာတာနဲ့အမျှ အစားအသောက်၊ ဆေးဝါး လိုအပ်ချက်တွေလည်း ပိုများလာတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေး တိမ်းရှောင်ရသူတွေထဲမှာ ရာသီဥတုဒဏ်ကြောင့် ဖျားနာသူတွေ ရှိနေတဲ့အပြင် ရေမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါနဲ့ အရေပြားရောဂါ ဖြစ်ပွားသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ သပိတ်ကျင်းမြို့ အပါအဝင် အဆိုပါ ပြည်နယ်အတွင်းက နစက စစ်စခန်း အများအပြားကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းက သိမ်းယူထားတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ – ၂)၊ ကျောက်ကြီးနည်းပညာတပ်၊ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက – ၁၃) စတဲ့ စစ်စခန်းတွေနဲ့ ၇ မိုင်ကျေးရွာ၊ တွင်းငယ်ရွာအနီးက စစ်စခန်းတချို့ကို ဆက်လက် သိမ်းယူဖို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်းမြို့အပြင် မြင်းခြံ၊ မတ္တရာ၊ စဉ့်ကူး၊ တံတားဦးနဲ့ နွားထိုးကြီး မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေပါ ရှိနေတဲ့အတွက် အဆိုပါ မြို့တွေက ဒေသခံ ရှစ်သောင်းဝန်းကျင် စစ်ဘေး တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ