အိမ်တော်ရာ ၁၄ခန်းဇရပ်ထဲက အာဇာနည်နေ့

ဆူးငှက်
ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မန္တလေးအိမ်တော်ရာ ဘုရားဝင်းအတွင်းက ၁၄ ခန်းဇရပ်ကြီးမှာ၁၉၄၈ခုနှစ်ကနေ ၁၉၈၀ ကျော်ဝန်းကျင်ကာလအထိ နှစ်စဉ်မပျက်မကွက် ကျင်းပခဲ့ကြတယ်။ မန္တလေးမြို့ အနောက်ပြင် သီရိဟေမာရပ်ကွက်အတွင်းမှာ တည်ရှိတဲ့ မဟာလောကရံသီ အိမ်တော်ရာစေတီ ပုရဝုဏ်အတွင်း ရာဟုထောင့်က ၁၄ ခန်းဇရပ်ကြီးဟာ မန္တလေးနိုင်ငံရေးသမိုင်းရဲ့ အောင်မြေဗိမာန်ကြီးလည်း ဖြစ်တယ်။ ၁၄ ခန်းဇရပ်ကြီး ကျယ်ဝန်းတယ်၊ ဘေးမှာအကာအရံမရှိဘူး။ ရင်ပြင်တော်ကြီးနှင့်လည်း တဆက်တစပ်တည်း ဖြစ်တယ်။ ဒါကြောင့် လူထုအခမ်းအနားကြီးတွေကို ၁၄ ခန်းဇရပ်ကြီးမှာပဲ ကျင်းပလေ့ရှိကြတယ်။ မန္တလေးမြို့ရဲ့ နာမည်ကျော် နိုင်ငံရေး လှုပ်ရှားမှုကြီး ဖြစ်တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကာလ၊ မြို့လုံးကျွတ် လူထုချီတက်ပွဲကြီးကို ၁၄ ခန်းဇရပ်မှာပဲစုရပ်ထားပြီး၊ ချီတက်ခဲ့ကြတယ်။ ဒီအရေးတော်ပုံမှာ ကျဆုံးခဲ့ကြရတဲ့ အာဇာနည်များရဲ့ဈာပန “မသာတော်” အခမ်းအနားကိုလည်း ၁၄ ခန်းဇရပ်မှာပဲ ကျင်းပခဲ့တယ်။ လူထုသိန်းချီတက်ရောက်ကြတဲ့ အခမ်းအနားကြီးတွေပါပဲ။ အလားတူသာသနာရေးကိစ္စတွေ၊ မြို့ရေးရွာရေးကိစ္စတွေ၊ အမျိုးသားရေးကိစ္စတွေအတွက် အိမ်တော်ရာ ၁၄ ခန်းဇရပ်ကြီးဟာ လူထုနိုင်ငံရေးဆိုင်ရာ ဘူမိနက်သန် နေရာကြီးဖြစ်ခဲ့တယ်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးပြီးနောက်၊ နိုင်ငံနှင့်အဝှမ်း ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း၊ အာဇာနည်နေ့အခမ်းအနားများ ကျင်းပပြီးအလေးပြု၊ မေတ္တာပို့၊ အမျှဝေကြတယ်။ ဒီလိုကျင်းပကြတဲ့အနက် ရန်ကုန်ရွှေတိဂုံခြေရင်းက အာဇာနည်ဗိမာန်မှာကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားပြီးရင်၊ မန္တလေးအိမ်တော်ရာ ၁၄ ခန်းဇရပ်ကြီးမှာကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားက အကြီးကျယ်ဆုံး ဖြစ်ပါလိမ့်မယ်။ ၁၄ ခန်းဇရပ်ကြီးရဲ့ အနောက်ဖက်ခြမ်းမှာ ကြက်သွေးရောင် ကတ္တီပါကားကြီး ဆင်ထားတယ်။ အလျားပေ ၅၀၊ အမြင့်ပေ၂၀ လောက်ရှိမှာပေါ့။ ကတ္တီပါကားကြီးမှာ အာဇာနည်ကြီးများ ဓာတ်ပုံကို ချိတ်ဆွဲထားတယ်။ အလယ်ခေါင် အမြင့်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲပြီး ဝဲယာ ၂ဘက် အညီအမျှနှင့် မှောက်ထားတဲ့ စက်ဝိုင်းခြမ်း သဏ္ဌာန်အတိုင်း ကျန်အာဇာနည်ကြီးများ ဓာတ်ပုံတွေ ချိတ်ဆွဲတယ်။ ဒီစက်ဝိုင်းကွေးအောက်မှာ ဘယ်နှနှစ်မြောက် အာဇာနည်နေ့ အခမ်းအနားဆိုတဲ့ စာလုံးတွေ ကပ်ထားတယ်။ အာဇာနည်ကြီးများ ဓာတ်ပုံတွေအောက်မှာ လွမ်းသူ့ ပန်းခွေများနှင့် အာဇာနည်ကြီးများ နာမည်ကို ရေးထိုးထားတယ်။ ဇရပ်ကြီးရဲ့ တိုင်တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံနှင့်အတူ မိန့်ခွန်းကောက်နှုတ်ချက် တွေကို ချိတ်ဆွဲထားတယ်။ ကတ္တီပါကားကြီး အောက်ခြေမှာ လွမ်းသူ့ပန်းခွေတွေ ချိတ်ဆွဲဖို့ သစ်သားတန်းတွေ ရိုက်ထားတာ ဇရပ်ကြီးရဲ့ အနံ အရှိအတိုင်းပါပဲ။
ဇူလိုင် ၁၉ ရက်နေ့ နံနက် စောစောကတည်းက ၁၄ ခန်းဇရပ်ကြီးဘေးမှာ မီးသတ်ကားတစ်စီး ရပ်ထားတယ်။ ဘေးက ဂျစ်ကားပေါ်မှာအသံချဲ့စက် တင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင် မိန့်ခွန်းဓာတ်ပြား ဖွင့်ထားတယ်။ ဘုရားရဲ့ မုခ် ၄ မုခ်အပြင်၊ အနောက်ဖက်မှာရှိတဲ့ မော်တော်ကား ဝင်ပေါက်တွေကတဆင့် မန္တလေးတစ်မြို့လုံးကကျောင်းတွေ၊ ရုံးဌာနတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ရပ်ကွက်တွေက လူထုပရိသတ်ဟာ ဆိုင်းဘုတ်၊ လွမ်းသူ့ပန်းခွေ၊ တိုင်ဝက်လွှင့်ထူထားတဲ့ အလံတွေ ကိုင်ပြီး ငြိမ်သက်တိတ်ဆိတ်စွာနှင့် ချီတက်ဝင်ရောက်လာပြီး ၁၄ ခန်းဇရပ်အတွင်း လွမ်းသူ့ပန်းခွေချကာ နေရာယူကြတယ်။ အသံချဲ့စက်က ဖွင့်ထားတဲ့ ဗိုလ်ချုပ်မိန့်ခွန်းကို နားစွင့်ပြီးတက်ခေါက်၊ အံကြိတ်၊ လက်သီးကျစ်ကျစ်ဆုပ်ကြတဲ့ သူချည်းပါပဲ။ ကျောင်းသားလူငယ်လေးတွေ၊ ကျောင်းမနေရသေးတဲ့ လူမမယ်လေးတွေကပင် ဗိုလ်ချုပ်နှင့် အာဇာနည်ကြီးများ အကြောင်းကို စိတ်ဝင်စားကြ၊ မေးမြန်ကြ၊ လူကြီးတွေ ပြောပြတာနာယူကြ၊ အချင်းချင်းလည်းဗိုလ်ချုပ်လို ဖြစ်အောင် ကြိုးစားကြမယ်လို့ ပြောဆိုကြတယ်။ တစ်မြို့လုံးနီးပါး အိမ်စောင့်ချန်ပြီးလာရောက် ဂါရဝပြုကြလို့ ဇရပ်ကြီးထဲမှာသာမက၊ အိမ်တော်ရာဘုရားရင်ပြင်အထိ လူထုပရိသတ်ကြီး ပြည့်သွားပါပြီ။
အာဇာနည်ကြီးများကျဆုံးတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်ရောက်တော့ ရပ်ထားတဲ့ မီးသတ်ကားက အချက်ပေးဥသြဆွဲတယ်။ ဒီဥသြသံက မြန်မာ့အသံ ရေဒီယိုကနေ တစ်နိုင်ငံလုံး ချိန်ကိုက်ဖြစ်အောင် ထုတ်လွှင့်ပေးတဲ့ ဥသြသံနှင့်အတူ တပြိုင်နက် ဆွဲလိုက်တာပါပဲ။ ဒီအချိန်မှာ မန္တလေးလေးပြင်လေးရပ်မှာ ရှိတဲ့ စက်ရုံအလုပ်ရုံတွေ၊ သစ်စက်၊ ဆန်စက်၊ ဘိလပ်ရည် စက်၊ မီးခြစ်စက်၊ ဗြစ်စက်ရုံစတဲ့ အစိုးရစက်ရုံကြီးတွေ၊ မြစ်ဆိပ်မှာ ဆိုက်ကပ်ထားတဲ့ သင်္ဘော၊ မော်တော်တွေကလည်း ဥသြတွေဆွဲကာ ဂါရဝပြု ဦးညွှတ်လိုက်တာပါပဲ။ မြို့လယ်ခေါင် ဘူတာကြီးမှာရှိတဲ့ မီးရထားစက်ခေါင်းရုံကလည်း ဥသြဆွဲတယ်။ အခမ်းအနားကျင်းပနေတဲ့ ၁၄ ခန်းဇရပ်နှင့် အိမ်တော်ရာဘုရားရင်ပြင်က သိန်းချီတဲ့ လူထုပရိသတ်ကြီးဟာ အပ်ကျသံ ကြားရမတတ်ပင် တိတ်ဆိတ်စွာနှင့် အာဇာနည်ကြီးများကို ဦးညွှတ်ဂါရဝပြု၊ မေတ္တာပို့ကြတဲ့ မြင်ကွင်းဟာ မြင်ရသူတိုင်း မျက်ရည်လည်ရတာချည်းပါပဲ။
ဂါရဝပြုပြီးနောက် မြို့မိမြို့ဖများထဲကအာဇာနည်ကြီးများဂုဏ်ကျေးဇူးတွေ ဟောပြောကြ၊ အာဇာနည်ကြီးများချမှတ် ခဲ့တဲ့ လမ်းစဉ်ကိုပြောဟောကြတယ်။ အိမ်တော်ရာ ၁၄ ခန်းဇရပ်မှာ ကျင်းပခဲ့တဲ့ မန္တလေးအာဇာနည်နေ့ အခမ်းအနားတွေဟာ လူထုသဘော ဆောင်တယ်။ လူထုတစ်ရပ်လုံးအပေါ် လွှမ်းမိုးစေခဲ့တာ ဧကန်ပါပဲ။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW