စစ်သင်္ဘောတွေ ချင်းတွင်းမြစ်မှာ ဆန်တက်လာလို့ မြစ်ကမ်းနံဘေးက ကျေးရွာတွေ တိမ်းရှောင်

ဇူလိုင် ၂၀ – ၂၀၂၅
SN (VOM)
ချင်းတွင်း မြစ်ကြောင်းတလျှောက် စစ်သင်္ဘောတွေ ဆန်တက်လာလို့ မြစ်ကမ်းနံဘေးက ကျေးရွာတွေ တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
စစ်သင်္ဘောကြီး သုံးစီး၊ သံခွန်မော်တော်၊ စစ်သင်္ဘောငယ် စုစုပေါင်း အစီး ၃၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ပြီး မုံရွာမြို့နယ် အလုံဆိပ်ကမ်းကနေ ဟုမ္မလင်း – ခန္တီးဘက်ကို ဦးတည်ကာ ချင်းတွင်းမြစ်အတိုင်း လေကြောင်း လုံခြုံရေးယူပြီး ဆန်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မင်းကင်း၊ ကလေးဝ၊ မုံရွာ၊ ဆားလင်းကြီး၊ ကနီ‌၊ မော်လိုက်၊ ဖောင်းပြင် စတဲ့ မြို့နယ်တွေက မြစ်ကမ်းတလျှောက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေ စစ်ဘေး တိမ်းရှောင်နေကြရတာလို့ သိရပါတယ်။
“စစ်သင်္ဘောတွေက မင်းကင်းကို ကျော်ပြီး ကလေးဝမြို့နယ်ထဲ ရောက်နေပြီ။ ကလေးဝကျော်ရင်တော့ ဟုမ္မလင်းနဲ့နီးနေပြီ။ အဲဒီ စစ်သင်္ဘောပေါ်မှာ စစ်သားအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ အပြည့် တင်ဆောင်ထားတယ်လို့ သိရတယ်။ ဒီသင်္ဘောတွေက ဟုမ္မလင်း (ဒါမှမဟုတ်) ခန္တီးမြို့ကို ဦးတည်တက်လာတာဖြစ်နိုင်တယ်။ ပစ်ခတ်မှုတွေလည်း ရှိနေတော့ မြစ်ကမ်းဘေးက ဒေသခံတွေ တိမ်းရှောင်နေရတယ်” လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။
အဆိုပါ သင်္ဘောတွေဟာ တစုတဝေးတည်း စုဖွဲ့ သွားလာခြင်း မဟုတ်ဘဲ လေကြောင်း အကူအညီယူပြီး အသုတ်လိုက်ခွဲကာ သွားလာနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
နစကတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက မုံရွာ – ဟုမ္မလင်း ရေကြောင်းသုံးပြီး ဟုမ္မလင်း၊ ခန္တီးဘက်ကို စစ်အင်အား ဖြည့်တင်းတာတွေ ပုံမှန်ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်ထဲမှာတော့ ဒီတကြိမ် ပထမဆုံးလို့ သိရပါတယ်။
“သင်္ဘောတွေသွားရာ လမ်းကြောင်းမှာ ဒရုန်းတွေ၊ လေယာဉ်တွေ တောက်လျှောက်ဝဲပြီး လိုက်လာတာ။ ဒီသင်္ဘောတွေက မင်းကင်း – ကလေးဝ – ဟုမ္မလင်း လမ်းကြောင်းအတိုင်း အထက်ဘက်ကို ခရီးဆက်နိုင်ခြေရှိတယ်။ ချင်းတွင်းမြစ်ရေ တက်နေချိန် အထက်ပိုင်းဒေသတွေက တပ်စခန်းတွေကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်နေတာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့အပါအဝင် မြို့ရဲ့ အနောက်ဘက်နဲ့ တောင်ဘက်ခြမ်းတွေထဲက ကျေးရွာအများစုကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဟုမ္မလင်းအရှေ့ဘက် ဖောင်းပြင်မြို့နယ်ထဲမှာလည်း ကျေးရွာအများစုကို လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတာကြောင့် အဲဒီနေရာတွေကို ပြန်လည်ရယူဖို့ စစ်အင်အား ဖြည့်တင်းတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
အဆိုပါ စစ်သင်္ဘာအုပ်စုကို ဇူလိုင် ၁၆ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်တပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တဲ့အတွက် နစကတပ်ဖွဲ့ဝင်တွေ အထိနာခဲ့ပြီး စစ်သင်္ဘောတစီး ပျက်စီးခဲ့တယ်လို့ လက်နက်ကိုင်တပ်တွေက သတင်း ထုတ်ပြန်ထားပေမယ့် နစကဘက်ကတော့ အဆိုပါ အခြေအနေနဲ့ ပတ်သက်လို့ လက်ရှိ အချိန်အထိ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW