ဇူလိုင် ၂၀၊ ၂၀၂၅
Shy V (VOM)
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ သရက်ကိုင်းရွာ၊ မြကံသာရွာ နဲ့ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းရွာ တွေမှာ ဇူလိုင်လ ၂၀ ရက်နေ့ ဒီနေ့မနက် အစောပိုင်းကစ နစက တပ်ဖွဲ့နဲ့ TNLA, MDY-PDF ပူးပေါင်း တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ဖြစ်ပွားကြောင်း ယာဉ်မောင်းတွေ၊ နှစ်ဖက်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“မတ္တရာ လမ်းဘက် တိုက်ပွဲ ဖြစ်နေတယ်လို့ ကြားရတယ်။ ရွှေဘိုလမ်းဘက်လည်း ပိတ်တယ်” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
မတ္တရာမြို့နယ်နဲ့ ထိစပ်နေတဲ့ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်က နစက တပ်စခန်း တချို့ကို ဇူလိုင်လ ၂၀ ရက်နေ့ မနက်က PDF တွေ သွားရောက် တိုက်ခိုက်ခဲ့တာလို့ သိရတယ်လို့ ဆိုပါတယ်။
“သရက်ကိုင်းနဲ့ ထန်းပင်ကုန်းကြားရွာတို့ ပြန်ပါသွားတယ်လို့ ကြားတယ်။ မြကံသာကျေးရွာထဲမှာအနီးကပ် တိုက်ပွဲဖြစ်နေတယ် လို့ သိရတယ်။ ဘိလပ်မြေစက်ရုံဘက်ကနေ ဝင်လုံးကြတယ် လို့ သိရတယ်” လို့ ဒေသခံ တယောက်က လည်း ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာဗျူဟာကို ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် TNLA နဲ့ PDF ပူးပေါင်း အဖွဲ့က ဝင်ရောက် တိုက်ခိုက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရတယ်လို့ ဆိုပါတယ်။
မတ္တရာနယ်မှာ တံတားဦး လေတပ်တက် Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် တစီးနဲ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၈ နာရီ ၅၀ ခန့်က နေ ၁၀ နာရီ မိနစ် ၂၀ ခန့် အချိန် အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း လေကြောင်း အန္တရာယ် စောင့်ကြည့်နေတဲ့ အဖွဲ့တွေရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ေနာင်ချိုမြို့ကို လက်လွတ်လိုက်ရလို့ TNLA နဲ့ MDY-PDF ပူးပေါင်းအဖွဲ့ဟာ အယ်လ်ဖာဘိလပ်မြေ နယ်မြေအတွင်းရှိ စာတိုက်တံခါး ရွာ၊ သရက်ကိုင်းရွာ တွေဘက် ထိုးဖောက်ဝင်ရောက်လာတာကြောင့် ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်း နစက စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း နစက တပ်ဖွဲ့ နဲ့ နီးစပ်သူတွေကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်း ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ နစက စစ်သင်္ဘော ငါးစီးပါ စုစုပေါင်းသင်္ဘော ၁၄ စီးအုပ်ကို MDY – PDF တပ်ဖွဲ့က မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း မြို့နယ် တွေတလျှောက် ဒီရက်ပိုင်း ဖြတ်တောက် တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။
