ဆူးငှက်
တကယ်တော့ မန္တလေးသင်္ကြန်သည် ၁၉၃၀ ခုနှစ်မတိုင်မီ ၁၉၂၆,၂၇ခုနှစ်လောက်ကတည်းက မော်တော်ကား များပေါ်တွင် တူရိယာ ပစ္စည်းများတင် ကာ ညအချိန်၌ လှည့်လည် တီးမှုတ်ဖျော်ဖြေမှုများ စတင်နေပြီဖြစ်၏။ ၁၉၃၀ ခုနှစ် ကျော်သောအခါ မော်တော်ယာဉ်ကို အလှအပများ ဆင်ယင်လာကြသည်။ ရုပ်လုံးဒီဇိုင်းများ ဆင်လာကြသည်။ ရှုတိုင်းယဉ် ရေသဘင်အသင်းက ပဥ္စရူပရုပ်၊ ပျိုတို့မောင် ရေသဘင်အသင်းက ကြက်ရုပ်၊ မြို့မရေသဘင်အသင်းက ငန်းရုပ်ကြီးများ ဆင်ယင်လှည့်လည်ကြ၏။ ပန်းချီ ရေခံထည်များအပြင် ဘက်ထရီမီးလုံးများနှင့်ပါ အလှဆင်လာကြသည်။
ဤသို့ဖြင့် အလှသင်္ကြန်၊ အကသင်္ကြန်၊ ဂီတသင်္ကြန်အဖြစ် ဆက်တိုက်ဆင်နွှဲလာခဲ့ကြရာ စစ်ကြီးဖြစ်သောအခါ အရှိန်ပျက် ရပ်တန့်သွားသည်။ စစ်ကြီးအပြီး ၁၉၄၇ ခုနှစ်ရောက်ပါမှ ရှေးမူမပျက် သင်္ကြန်ကို ပြန်လည်ဆင်နွှဲကြရန် စိုင်းပြင်းကြသည်။ မြန်မာသက္ကရာဇ် ၁၃၀၈ခုနှစ်မှ ၁၃၀၉ ခုနှစ်အကူး ၁၉၄၇ သင်္ကြန်သည် စစ်ပြီးခေတ်၌ ပထမဆုံးစတင်စည်ကားခဲ့သည့် သင်္ကြန်ဖြစ်သည်။ မန္တလေးမြို့ထုတ် လူထုသတင်းစာကလည်း သင်္ကြန်မတိုင်မီကပင် သင်္ကြန်အဖွဲ့များ လှုပ်ရှားမှုသတင်းများအား မျက်နှာဖုံးမှ အသားပေးဖော်ပြခဲ့သည်။
(၁၀.၄.၄၇) နေ့ထုတ် လူထုသတင်းစာမျက်နှာဖုံးတွင် ငန်းရုပ်ဆင်ထားသော မြို့မအလှပြယာဉ်ဒီဇိုင်းပုံနှင့်အတူ “၁၃၀၉ခု မြို့မရေးသဘင် တေးညွန့်ဖူးကလေးများ” ခေါင်းစဉ်တပ်ပြီး မြို့မသီချင်းသစ်များအား ဖော်ပြခဲ့၏။
ထိုနှစ်က ဆရာမြို့မငြိမ်းသည် မြို့မအသင်းအတွက် ချိုပြုံးရွှင်သော နှမပျိုရယ် အစချီ သီချင်း၊ ရေလောင်းရေပက် ခံလာတယ် သူငယ်ချင်းရင်း တဲ့လုံမေရယ်အစချီသီချင်း အေးအေးချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ အစချီသီချင်းများ ရေးစပ်ပေးခဲ့ရုံသာမက အခြားအသင်းများအတွက်လည်း သင်္ကြန် သီချင်းများ ရေးစပ်ပေးခဲ့သဖြင့် သီချင်းပုဒ်ရေ (၂၀)ကျော် အထိ စံချိန်တင်စပ်ဆိုခဲ့သော နှစ်လည်းဖြစ်ပါသည်။
၁၉၄၇ခုနှစ်သည် လွတ်လပ်ရေးအတွက် တိုက်ပွဲ၀င်မှု အရှိန်မြင့်လာသလို တစ်ဘက်ကလည်း အချင်းချင်း စိတ်၀မ်းကွဲမှုက ပိုမိုပြင်းထန်လာ၏။ ထိုစိတ်၀မ်းကွဲမှုကြေင့် အချင်းချင်း လက်နက်ကိုင်ကာ တုံ့ပြန်လာကြသည်။ ထိုအဖြစ်အပျက်ဆိုးကြီး၌ ဆရာမြို့မငြိမ်း၏ တစ်အုံတုံဆင်းတမျှ ရင်းနှီးချစ် ခင်ခဲ့ရသော ညီ၀မ်းကွဲတစ်ယောက်သည် အသက်စတေးခံရသူ အများအပြားအနက် တစ်ဦးအပါအ၀င်ဖြစ်ခဲ့ရ၏။ ထို့အဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ လိုက်ရသော ဆရာမြို့မငြိမ်း၏ စိတ်ကျန်းမာရေး သိသာစွာ ဆိုးရွားခဲ့ပါသည်။ ၁၉၄၈ ခုနှစ်ရောက်ပါမှ စိတ်လက်ကျန်းမာလာ၏။ ထိုအခါရောက်မှပင် မီးလောင်ပြာကျခဲ့သော ၂၈လမ်းအိမ်နေရာတွင် အိုးသစ်အိမ်သစ် ပြန်လည်ထူထောင်ကာ ဆက်လက်နေထိုင်ခဲ့ကြသည်။
၁၉၄၈ခု ဇန်နဝါရီလ (၄)ရက်နေ့၊ လွတ်လပ်ရေးရသောအခါ မန္တလေးနန်းတွင်း ကျောက်တိုင်ကွင်းအတွင်း ကျင်းပသော လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအတွက် “အောင်မြေမြမိုး” အစချီ “လွတ်လပ်တဲ့ဗမာပြည်” သီချင်းကို ဆရာထာ၊ ဆရာခင်၊ နန်းတော်ရှေ့ဆရာတင်၊ ဂီတဘသိန်း၊ ဆရာညှာ၊ ဆရာရိုက်၊ ဆရာလှိုင်တို့နှင့်အတူ ဆရာမြို့မငြိမ်းပါ ပါ၀င်ရေးစပ်ခဲ့သည်။
၁၉၄၉ခုနှစ်ရောက်သောအခါ ရင်းနှီးချစ်ခင်လှစွာသော နန်းတော်ရှေ့ဆရာတင် ကွယ်လွန်သွား၏။ ဆရာတင် ကြိုးပမ်းစီစဉ်ခဲ့သော သားရွှေနန်း တင်၏ ဇာတ်အဖွဲ့အတွက် မင်းသမီး ခင်စန်းတင်သီဆိုရန် “ချစ်သူသြဇာ” သီချင်းကို ဆရာမြို့မငြိမ်းက မေတ်္တာဖြင့် ရေးစပ်ပေးခဲ့သည်။
၁၉၅၁ ခုနှစ် ရောက်သောအခါ မြို့မအသင်းက ရန်ကုန်မြို့တော်တွင် သင်္ကြန်ကျခဲ့သည်။ မန္တလေး မြန်မာကုန်သည်များအသင်းနှင့် တွဲဖက်ပြီး “ရွှေမန်းရေယာဉ်” အမည်ဖြင့် ငွေငန်းရုပ်ကြီးဆင်ကာ ရန်ကုန်၌ အလှပြယာဉ်ထွက်ခဲ့သည်။ ဆရာမြို့မငြိမ်းကိုယ်တိုင် လိုက်ပါဆင်နွှဲခဲ့၏။ ရန်ကုန်သင်္ကြန် တွင် “ငြိမ်းချမ်းရေး ရေသဘင်” သီချင်းကို ရေးစပ်ပေးခဲ့ပါသည်။
ထိုနှစ်မှာပင် ဆရာမြို့မငြိမ်းသာမက ဆရာ့ဂီတ အပေါင်းအသင်း၊ ဂီတတပည့်တပန်းတွေ နောက်မဆုတ်စတမ်း၊ ဂီတအလုပ်ကို လုပ်ကိုင်နိုင်ရန် နောက်ကွယ်မှ လိုလေသေးမရှိ စောင့်ရှောက်ခဲ့သည့် ဆရာ့အဘွား ဒေါ်မမလေး ကွယ်လွန်ပါသည်။ အဘွားမရှိတော့သည့်အတွက် ဆရာငြိမ်း၏ စိတ်လက် ကျန်းမာရေး တစ်ဖန်ချီနဲ့သွားပြန်ပါ၏။ မြို့မအသင်းမှပင် ခေတ္တအနားယူလိုက်ရသည်။ မိသားစု စား၀တ်နေရေးကိုလည်း အဘွားချန်ထားရစ်ခဲ့သော ငွေ ကြေးပစ္စည်းများကို ဖဲ့ကာသုံးစွဲရင်း ကုန်မှန်းမသိကုန်သည့် အခြေအနေရောက်ခဲ့ရသည်။
ဆရာမြို့မငြိမ်း စိတ်လက်ကျန်းမာလာသောအခါ “ခလေးဆော့” အမည်ဖြင့် စက္ကူခေါင်းပွ တိရစ္ဆာန် အရုပ်လေးများကို ကိုယ်တိုင် စိတ်၀င်တစား ပြုလုပ်ကာ မိသားစု စား၀တ်နေရေးအတွက် တစ်ဘက်တစ်လမ်းက ၀င်ငွေရှာဖွေပေးခဲ့သည်။
၁၉၅၂ခုနှစ်သည် ပြည်တော်သာ ညီလာခံကျင်းပသည့်နှစ်ဖြစ်၏။ ပြည်တော်သာ ညီလာခံအတွက် “လူချွန်လူကောင်း” သီချင်းကို ရေးစပ်ပေးခဲ့ သလို ရန်ကုန်သို့ သွားရောက်ဖျော်ဖြေခဲ့သော မြို့မအသင်းအတွက် “ချစ်ကြည်သံ” နှင့် “မယ်တို့မြေ” သီချင်းကိုလည်း ရေးစပ်ပေးခဲ့ပါသည်။ “ငွေစင်ရော်” သီချင်းကိုလည်း ရေးစပ်ခဲ့ကာ မြို့မကိုဗစိန် အဆိုဖြင့် အသံလွှင့်ခဲ့ပါသည်။
(ဆက်ရန်)