သီပေါမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာ​တွေ မကြာခဏဖြစ်လာလို့ မြို့တွင်းလူသိပ်မ​နေရဲ​တော့

ဇူလိုင် ၂၀၊ ၂၀၂၅
Shy V (VOM)
TNLA ထိန်းချုပ်ထားတဲ့ သီပေါမှာ ဆယ်ရက်ကျော်အတွင်း လေကြောင်းနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီရက်ပိုင်းအတွင်း သီပေါမှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာ သုံးကြိမ် ရှိပြီး လူ သေဆုံးတာ နှစ်ယောက်၊ ဒဏ်ရာရ ပြင်းထန် တယောက်၊ မစိုးရိမ် ဒဏ်ရာရတာ သုံးယောက်ရှိတယ်” လို့ သူက ပြောပါတယ်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ည ၁၁ နာရီ ခွဲကျော် ဝနးကျင်မှာလည်း သီပေါမြို့ သုံးနေရာကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရပြီး လူထိခိုက်တာ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
“မနေ့ညက ကျတဲ့ လေယာဉ်ဗုံး သုံးလုံးထဲက တလုံးဝောာ့ မကွဲဘူး။ ၃ နေရာချတာ တနေရာမကွဲတာ။ ထောင်ထဲ တလုံး၊ အမှတ် ၁ အခြေခံပညာ မူလွန် ကျောင်းထဲ တလုံး ကျကွဲတယ်။ ဘဏ်နား ကျတဲ့ တလုံးက မကွဲ ဘူး” လို့ သူက ထပ်မံ ပြောပြပါတယ်။
သီပေါမှာ မိတ္ထီလာလေတပ် ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၉ မိနစ်မှာ တကြိမ်၊ ၁၁ နာရီ ၄၆ မိနစ်မှာ တကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့ည ၁၂ နာရီ ၉ မိနစ်အချိန် မိတ္ထီလာလေတပ်သို့ ပြန်လည် ဆင်းသက်ခဲ့ကြောင်း လေကြောင်းအန္တရာယ် စောင့်ကြည့်နေတဲ့ အဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး သုံးလုံး လာရောက်ကြဲချခဲ့တာမှာ ဇာတ်စုရပ်ကွက်နဲ့ ရွှေကျောင်းရပ်ကွက် မှာကျကွဲပြီး အ.မ.က ၁ ကျောင်းရှိ ကျောင်းဆောင်တွေ ဗုံးစထိမှန် ပျက်စီးသွားခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း သီပေါမြို့ လက်ချ်မီးလက်ဖက်ရည်ဆိုင်အရှေ့ လားရှိုး – မန္တလေး မိန်းလမ်းဘေး ရွှေလုံးအလှပြင်ဆိုင် နဲ့ အနီးဝန်းကျင်ကို လေကြောင်း ဗုံး လေးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ လူ နှစ်ဦး သေဆုံးခဲ့ရပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
“လေယာဉ်က အရမ်းမြန်တယ်။ ဟိုမှာ ဂျက်လို့ လက်ညှိုးအထိုး ဗုံးအကွဲပဲ။ ပြေးပုန်းချိန်ကို မရဘူး” လို့ မျက်မြင် ဒေသခံ တယောက်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှု များလာတာကြောင့် ဒေသခံ အများအပြား ပြန်လည် တိမ်းရှောင်ကြရပြီး မြို့တွင်းလည်း ခြောက်ကပ် သွားတယ်လို ဆိုပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ညကလည်း သီပေါ ဆေးရုံ ရင်ခွဲရုံနဲ့ ခွဲစိတ်ဆောင်ကြားနဲ့ နမ့်ပေါ့ချောင်းထိပ်က စိုက်ပျိုးရေးရုံးဟောင်း မှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
သီပေါမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ တကြိမ်၊ ဇူလိုင် ၁၄ ရက်နေ့မှာ တကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ နှစ်ယောက် သေဆုံးသွားပြီး ငါးယောက် ဒဏ်ရာရရှိကာ နေအိမ် ၁၃ အိမ်၊ အဆောက်အဦး ၆လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်းTNLA က ဖော်ပြထားပါတယ်။
Photo Crd# PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာန & ဒေသခံ
VOM Telegram Channel: https://t.me/VOMNEWS2023/14832

Related posts

Leave a Comment

VOM News

FREE
VIEW