စစ်ဒဏ်ရာရသူတွေကို နွေးထွေးစွာကူမယ့် လားရှိုးမြို့ခံများ

နွယ်နီ/VOM
စစ်ပွဲတွေကြား နာလန်ထခါကာစ လားရှိုးမြို့ကို ကျောက်မဲနဲ့ သီပေါမြို့က စစ်ဘေးဒုက္ခ သည်တွေ ရောက်လာမယ်ဆိုတဲ့ သတင်းကြောင့် မြို့ခံတွေ တက်တက်ကြွကြွနဲ့ ပြင်ဆင် မှုတွေ လုပ်နေကြပါတယ်။
တစ်နှစ်နီးပါး အိုးပစ်၊ အိမ်ပစ် စစ်ရှောင်ခဲ့ရတဲ့အတွက် ဖုန့်မှုန့်အလိမ့်လိမ့်တက်နေတဲ့ အိမ်ခန်းတွေကို ရှင်းသူက ရှင်း၊ စားစရာအတွက် စုဆောင်းသူက စုဆောင်းနဲ့ ကာလရှည် ကြာ ခွဲခွာနေရတဲ့ ညီအစ်ကို ဆွေမျိုးများ အိမ်လာလည်မယ့်အတိုင်း ပြင်ဆင်နေကြတာပါ။
“သူများမြို့မှာ စစ်ဘေးရှောင်ရတဲ့ ဒုက္ခကိုယ်တိုင် ခံစားဖူးတော့ ကိုယ့်မြို့ကိုလာမယ့် ဒုက္ခသည်တွေကို ဒီလို မခံစားစေချင်ဘူး” လို့ လားရှိုးမြို့ခံ အမျိုးသားတဦးက ပြော ပါတယ်။
ဇူလိုင် ၁၅ ရက်နေ့မှာ နစကတပ်က နောင်ချိုမြို့ကို သိမ်းပြီးနောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့မှာ တိုက်ပွဲတွေ ဖြစ်လာမယ်လို့ သတင်းထွက်နေတဲ့အတွက်၊ အဲဒီမြို့ခံတွေက လားရှိုးကို ဦးတည်ပြီး ထွက်ပြေးလာနေကြပါတယ်။
“စစ်ပွဲတွေ ဖြစ်တော့မယ်။ လေယာဉ်ကလည်း နေ့တိုင်းလိုလို ဗုံးလာကြဲနေတော့ မြို့ခံတွေက ရှောင်ပြေးကြရတာပေါ့။ အခုမြို့မှာ လူတစ်ဝက်လောက် မရှိတော့ဘူး” လို့ ကျောက်မဲမြို့ခံတစ်ဦးက ပြောပါတယ်။
သီပေါမှာလည်း ဒေသခံတွေက လားရှိုးဘက်ကို နေရပ်စွန့်ခွာပြေးဖို့ ပြင်နေကြပြီလို့ သီပေါမြို့ခံအမျိုးသားတဦးက ပြောပါတယ်။
ထွက်ပြေးလာတဲ့ ဒုက္ခသည်တိုင်းကို လားရှိုးမြို့ခံတွေက ကြိုဆိုဖို့ ပြင်နေကြပါတယ်။
ဒုက္ခသည်တိုင်းအတွက် မိသားစုယာယီနားခိုရာ နေအိမ်၊ စားသောက်ရေးအတွက် နိုင်တဲ့ဘက်က ဝိုင်းဝန်းဖို့ လားရှိုးမြို့ခံတွေ ပြင်ဆင်နေကြတယ်လို့ လူငယ်ပရဟိတ အသင်း တာဝန်ရှိသူ စိုင်းဝသုန်က ပြောပါတယ်။
“နှလုံးသားရှိတဲ့လူတွေပဲလေနော်။ ခံစားဖူးမှ သိတဲ့အရာဆိုတော့ ခံစားဖူးသူချင်းပဲ ကိုယ်ချင်းစာတတ်မယ်။ ဘယ်သူမှ ပေါ်ပင်လုပ်နေကြတာမဟုတ်ဘူး။ ကျွန်တော်တို့ လည်း ရှမ်းတောင်ပိုင်းကို စစ်ရှောင်ခဲ့ရတော့ ဒီဒုက္ခတွေ သိတယ်။ ဆန်တစ်ပြည်ရှိလည်း တပြည်၊ နို့ဆီဗူးတလုံးရှိတလုံး ကျွေးမှာပဲ” လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ဇူလိုင် ၃ ရက်နေ့မှာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က လားရှိုးမြို့ကို ထိုးစစ်ဆင်ခဲ့ပြီး၊ ဩဂုတ် ၃ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ်။
MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို နစကတပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်ခဲ့သဖြင့်၊ လားရှိုးမြို့ခံတွေဟာ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ ပင်းတယ၊ ကလော၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ တနှစ်နီးပါး စစ်ဘေးမှ ရှောင်ခဲ့ရပါတယ်။
စစ်ဘေးရှောင်ရာ အရပ်တွေမှာ နေအိမ်ခဈေးတက်တာ၊ ကုန်ဈေးနှုန်းမြင့်တဲ့ ဒဏ်တွေကို စစ်​ရှောင်တွေမှာ အလူးအလဲခံစားခဲ့ရပါတယ်။
“တခြားမြို့မှာ စစ်ရှောင်တုန်းက ပုံမှန် တသိန်းရှိတဲ့ အိမ်ငှားခက ‘စစ်ရှောင်ပါ’ လို့ ပြောလိုက်ရင် သုံးသိန်းဖြစ်သွားတဲ့အ​ခြေအနေမျိုး ကြုံဖူးတယ်။ ဈေးဆစ်လို့လည်းမရ၊ မနေချင် တခြားနေရာရှာဆိုတဲ့ အခြေအနေမျိုး ကြုံခဲ့ဖူးတယ်။ ငွေက မရှိတော့ အတော် ဒုက္ခရောက်ခဲ့ရတယ်။ တချို့ စေတနာကောင်းတဲ့သူတွေလည်း ကြုံရပါတယ်။ ဒါကြောင့် ကိုယ့်မြို့လာရင် အဲလို မဖြစ်စေချင်လို့ ကူညီမှာ” လို့ လားရှိုးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိ လားရှိုးမြို့တွင်းမှာ နေအိမ်တန်းလျားရှိသူတွေက ဒုက္ခသည်တွေအတွက် လေးလ အခမဲ့ နေထိုင်ခွင့်၊ လစာထက်ဝက်နှုန်းဖြင့် နေထိုင်ခွင့် ပြုမယ်လို့ ဆိုရှယ်မီဒီယာ တွေက နေ အသိပေးနေကြပါတယ်။
တည်ခိုခန်းတချို့ကတော့ သုံးဆယ်ရာခိုင်နှုန်း လျော့ပေးဖို့ ပြင်ဆင်ထားကြတာလည်း ရှိပါတယ်။
“ကျွန်တော်တို့တုန်းက တောင်ပိုင်းကို ပြေးတော့ နယ်မြေစိမ်းတော့ ဒုက္ခပိုရောက် တာပေါ့။ ကျောက်မဲ၊ သီပေါကတော့ လားရှိုးဆိုတော့ နယ်မြေမစိမ်းဘူးလေနော်။ ပြေးရ တဲ့ဒုက္ခ ကိုယ်တိုင်လည်း ကြုံဖူးတော့ ကျွန်တော်တို့နိုင်တဲ့ဖက်က ကူတဲ့သဘောပါ။ ကျွန်တော်တို့ကတော့ သုံးဆယ်ရာခိုင်နှုန်း လျော့ပေးမှာပါ” လို့ မဈ္ဇိမ တည်းခိုခန်းပိုင်ရှင် ကိုလင်းက ပြောပါတယ်။
ဒုက္ခသည်ဖြစ်လို့ စားသောက်ကုန်တွေကိုလည်း ဈေးတင်မရောင်းဘူးလို့ မြို့ခံအများစုက ပြောပါတယ်။
“လားရှိုးမှာ အခြားဒေသထက် စားစရိတ်က ဈေးကြီးပေမယ့် ဈေးတင်မရောင်းပါဘူး။ ဈေးတင်ရောင်းဖို့လည်း စိတ်ကူးမရှိပါဘူး” ဟု လားရှိုးမြို့မှာ စားသောက်ဆိုင်ဖွင့် ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းဒေသခံတွေဟာ စစ်ပွဲ၊ ဒုက္ခသည်အရေးတွေနဲ့ မစိမ်းကြပါဘူး။
ကိုးကန့်ဒေသတိုက်ပွဲ၊ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ တွေကြောင့် ရှမ်းမြောက်ဒေသခံတွေဟာ မကြာခဏနေရပ်စွန့်ခွာခဲ့ဖူးပါတယ်။
၂၀၁၈ နဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်ဒေသ လောက်ကိုင်တိုက်ပွဲအတွင်းမှာ လူဦးရေ သောင်းနဲ့ချီ လားရှိုးကို ထွက်ပြေးခဲ့ကြရပြီး၊ လားရှိုးမြို့ခံတွေက စားစရာနဲ့ နေရာထိုင်ခင်းတွေ ကူညီပေးခဲ့ကြပါတယ်။
စစ်ဒဏ်ကို ခါးသီးစွာ ခံခဲ့ရတဲ့ လားရှိုးမြို့ခံတွေကတော့၊ စစ်ပွဲကြောင့် ထွက်ပြေးလာသူ တွေကို ဆက်လက်နွေးထွေးစွာ ကူညီဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ပုံ စိုင်းထွန်းနေလှိုင် (စစ်ဘေးကြောင့်နာလန်ထကာစ လားရှိုးမြို့အား တွေ့ရစဉ်)

Related posts

Leave a Comment

VOM News

FREE
VIEW