ညိန်းနိဒါန်း (သို့မဟုတ်) နိဂုံးမချုပ်သော “ငြိမ်း” (၇)

(မြို့မငြိမ်း ၁၁၆နှစ်မြောက် ဂါရဝ)
ဆူးငှက်
ဤသို့ဖြင့် …
၂၈လမ်း၊ လမ်း ၈၀နှင့် ၈၁လမ်းကြား၊ မြေစိုက် တစ်ထပ်အိမ်ကလေးထဲမှာ တစ်ယောက်အိပ် ခုတင်လေးပေါ်မှာ နဂါးဆေးလိပ်တွင်တွင်ဖွာရင်း တွေဝေငေးမောနေတတ်သော ဆရာမြို့မငြိမ်း၏ တင်းနေသော မေးရိုးကို ခပ်မှိန်မှိန် ဖယောင်းတိုင် မီးရောင်မှာ မြင်နေရ၏။ ရရာအသားတိုလေးများဖြင့် ဖြစ်သလိုရိုက်ထားသော စင်ကလေးပေါ်မှာ ဝိသုဒ္ဓိမဂ်၊ မာလာလင်္ကာရ၀တ္ထုတော်ကြီး၊ နဝဒေးဆို ရတုပေါင်းချုပ်၊ နတ်သျှင်နောင် ရတု၊ ဂီတဒနီကျမ်း၊ အနုစာပေကောက်နှုတ်ချက် စသော စာအုပ်ကလေးများကို စီစီရီရီ ထပ်ထားသည်။ ဘယ်အချိန်က တင်ထားမှန်း မသိသော မီးငြှိမ်းနေသည့် သောက်လက်စ ဆေးလိပ်တိုလေး တစ်တိုကိုလည်း စင်ပေါ်တင်ထားသည်။ စာအုပ်ဖုံးပေါ်မှာလည်း ဘီးဟောင်းလေး တစ်ချောင်း။
ခုတင်မှာ နှီးချောချောလေး ခင်းထားသည်။ ခေါင်းရင်းမှာ အနီအနက်ကြား ချည်စောင်လေးတစ်ထည် ခေါက်တင်ထား၏။မယ်ဒလင်လေးတစ်လက်၊ တယောလေးတစ်လက်က ဂီတသင်္ကေတ စာရွက်များ နှင့်အတူ လှဲလျောင်း နေသည်။ ဝါခေါင်လလယ်မို့ မြစ်ပြင်လယ်မှာ ရေဖောင်ဖောင် ထနေပေရော့မည်။ လေရူးကလည်း တသုန်သုန်။ ပြတင်းပေါက်မှ ၀င်လာသော လေရူးတစ်ချက်က ဆရာမမြို့မငြိမ်း ထိုင်နေသော ခုတင်လေးပေါ် ဝှေ့တိုက်လိုက်တော့၏။
လေတစ်ချက် အဝှေ့မှာ ခုတင်ဘေးပေါ်မှ ဂီတသင်္ကေတ စာရွက်တချို့ ၀ရုန်းသုန်းကားလွှင့်သွားသည်။ “တိမ်လွှာမို့မိုလွင်”ကို လေမှုတ်ရော ကြိုးတပ်တူရိယာများနှင့်ပါ သံစုံတီးမှုတ်ရန် ရေးဖွဲ့ထားသည့် ဂီတသင်္ကေတ စာရွက်ကလေး လွင့်သွားသည်။ “တိမ်လွှာမို့မိုလွင်” ကို လေမှုတ်ရော ကြိုးတပ် တူရိယာများနှင့်ပါ သံစုံတီးမှုတ်ရန် ရေးဖွဲ့ထားသည်။ ဂီတသင်္ကေတစာရွက်ကလေးက လေနှင့်အတူ ဝဲကာဝဲကာလွှင့်၊ ၀င်ပေါက်တံခါးမကြီးမှ လွင့်ထွက် သွားကာ အိမ်ပြင်လမ်းမဆီထိ လွင့်သွား၏။ ခုတင်ခေါင်းရင်း စာအုပ်လေးပေါ်က ဆီမီးခွက်လေးမှ ထွန်းထားသည့် ဖယောင်းတိုင်မီးလေးက လေအဝှေ့မှာ ၀ပ်စင်း အားလျော့သွားကာ ငြိမ်းလုလု။
လမ်းမဆီလွင့်သွားသော “တိမ်လွှာမို့မိုလွင်” သည် ဝဲကာ ဝဲကာ အမြင့်ဆီတက်ရင်း အဝေးဆီလွင့်ပြန်လေ၏။ ဤသို့ဖြင့် ဟိုးမန္တလေးမြို့ အနောက် တောင် ဆင်ခြေဖုံးရပ်ကွက်လေးတစ်ကွက်အစွန်းမှ တမာပင်ပျို၊ ဝါးကွပ်ပျစ်ငယ်၊ သရေဖိနပ်လေးတစ်ရံ ချွတ်ထားရစ်စေခဲ့မည့် နေရာလေးတစ်နေရာရောက် ပါမှ ရုတ်ချည်းမြေသို့ လျှော့ကျ သက်ဆင်းသည်။
အုတ်ကျိုး၊ အုတ်မှုန်တွေ ရောထွေးကာ နီကျင့်ကျင့် အဆင်းပေါက်နေသည့် မြေလမ်းလေးအတိုင်း အုတ်ကားတစ်စင်း ရုတ်တရက်မောင်း၀င်အလာ..
“မှိုင်းပြာရီညို့ တိမ်လွှာမို့မိုလွင်”” အပေါ် ကားဘီးရာများ ထင်ကျန်သွားပါပကော။
ထို့နေကား-
၁၉၅၅ခု စက်တင်ဘာလ (၁၅)၇က်
၁၃၁၇ခုနှစ်၊ ဝါခေါင်လပြည့်နေ့ (၁၃)၇က်။
ကြာသပတေးနေ့။
ဤနေ့ ဤရက်မှာပင် ဆရာမြို့မငြိမ်းသည် မန္တလေးမြို့စိန်ပန်းသံလျက်မှော်အနောက်ပိုင်း တက်သေးအင်း၊ တရုတ်သချိုင်း၏ မြောက်ဘက် တစ်ဖာလုံခန့်အကွာတွင်ရှိသော မြေလမ်းတစ်လမ်းဘေးဘေးတွင်။
ဤသို့ဖြင့် …
ဇနီး ဒေါ်သန်းနှင့် သားမီး (၈)ယောက်တို့အား …
ထား … ရစ် … ခဲ့ … လေ … တော့ … ၏။
××××××
““မျက်စိတစ်ဆုံးမျှော်တိုင်း … မိုးကုတ်စက်ဝိုင်းအတွင်းမှာ များပြားလှစွာ သက်ရှိသက်မဲ့အရာ ဘာနဲ့မှပင် တူတယ်မထင်မိပါ”” …တဲ့။
ဆရာမြို့မငြိမ်း ရေးသားခဲ့သော သီချင်းတစ်ပုဒ်မှ စာသားတစ်ပိုင်းတစ်ကဲ့သို့ပင် ဆရာ့ဂီတ၊ ဆရာ့အနုပညာ၊ ဆရာ့တေးသွား၊ ဆရာ့သီချင်းများ ကား၊ “မျက်စိတဆုံး မျှော်တိုင်း … မိုးကုတ်စက်ဝိုင်းအတွင်းမှာ ဘာနဲ့မျှပင် တူတယ်မထင်”” မိအောင် ရွှန်းလဲ့တောက်ပ လှပဝေဆာခဲ့ချေပြီ။
မကြာမီ …
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့သည် ဆရာမြို့မငြိမ်း အသက် ၁၁၆နှစ် ပြည့်‌ မွေးနေ့ဖြစ်သည်။
ကွယ်လွန်ခဲ့သည်မှာလည်း နှစ် (၇၀)ပြည့် ခဲ့ပြီ။ ဆရာမရှိတော့သော်လည်း ဆရာကိုယ်တိုင် အသက်ကို ပေးဆပ်၍ မျှော်လင့်ရည် မှန်းအကောင်အထည်ဖော်လိုသည့် –
““မြန်မာဂီတ အဆင့်မြင့် ခေတ်မီရေး၊ ကမ္ဘာ့အဆင့်မီ မြန်မာ့ဂီတသံစုံတီးဝိုင်းကြီး ပေါ်ပေါက်ရေး”” ဟူသော စိတ်ကူးကောင်း အစီအမံကောင်း၊ အစီအစဉ်ကောင်းများသည် ဆရာ့ဝိညာဉ်၊ ဆရာ့နှလုံးများနှင့်အတူ ကမ္ဘာတည်သည်အထိ တည်ရှိနေပေဦးမည်။
ထိုအခါ …
ဆရာသည်
““တိမ်လွှာလေးတွေ ပြေးကား ..တရွေ့ရွေ့ယူငင်”” နေသည့် ကောင်းကင်ယံထက်မှ ဆရာအားစိုက် ကြိုးပမ်းခဲ့သည့်-
““အိမျသူပီပီ …” ကို
ဆရာဖြစ်စေချင်သလို သံစုံတီးမှုတ်နေမည့်
““မြို့မဆင်ဖိုနီအော်ခက်စထြာ”” တီးဝိုင်းကြီးအား စောင့်စားကြည့်ရှုနေပေလိမ့်မည်။
ထိုမှတစ်ဆင့် …
ထိုမှတစ်ဆင့် …
မျှော်လင့် …
မျှော် … လင့် … ရင်း။
××××××
ဤသို့ဖြင့် …
““ဆရာမြို့မငြိမ်း””
ထာ၀ရ။
အသက်ရှင်နေမှာ သေချာသည်။
ဆူးငှက်

Related posts

VOM News

FREE
VIEW