ပေကျင်း၊ ဇူလိုင်-၂၂-၂၀၂၅
မျိုးဆက်(VOM)
တရုတ်အစိုးရက တိဘက်ဒေသအတွင်း ကမ္ဘာ့အကြီးဆုံးဖြစ်လာမယ့် ရေအားလျှပ်စစ်စီမံကိန်းကို စတင်လိုက်ပြီး မနေ့ကတော့ ဆည်တည်ဆောက်မှုတွေကို စတင်နေပြီလို့ တရုတ်အစိုးရက ပြောပါတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်းက တိဘက်အဖျားရှိ ယာလွန်ဆန်ပိုမြစ်ပေါ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးဆည်တည်ဆောက်မှုကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ ဒီမြစ်ဟာ တိဘက်ကနေ စတင်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဆီကို ဗြဟ္မပုတ္တရ မြစ်အဖြစ် စီးဆင်းနေပါတယ်။
မိုတူရေအားလျှပ်စစ်စီမံကိန်းလို့ လူသိများတဲ့ ဒီစီမံကိန်းအတွက် ဒေါ်လာ ၁၆၇ ဘီလီယံကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်အစိုးရကတော့ ဒီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဒေသခံတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ယူဆောင်လာနိုင်မယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် မြစ်ကြောင်းတစ်လျှောက်မှာနေထိုင်ကြတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသန်းပေါင်းများစွာနဲ့ တိဘက်ဒေသခံတွေအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
စီမံကိန်းပြီးစီးရင် ယခင်ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ ယန်ဇီမြစ်ပေါ်က ချောက်သုံးသွယ်ဆည်ထက် ပိုကြီးမားပြီး လျှပ်စစ်ဓာတ်အား ၃၈ ဂဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ မြစ်ရေစီးကြောင်းပြောင်းလဲမှုတွေကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရေရှားပါးမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ တိဘက်ဒေသခံတွေရဲ့ နေထိုင်မှုဘဝမှာ ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
Ref:BBC
Photo:Reuters/Getty Images
