ဇူလိုင် ၂၂၊ ၂၀၂၅
Shy V (VOM)
နောင်ချိုမြို့ပေါ်က စစ်ရှောင်တွေ ပြန်လာလို့ပေမယ့် ပြည်ထောင်စု လမ်းမပေါ်ကရွာတွေပြန်လို့မရသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နောင်ချိုမြို့ပေါ်က စစ်ရှောင်တွေကိုတော့ ပြန်လာဖို့ ခေါ်နေပြီ။ တချို့တွေ ပြန်နေကြပြီ။ လမ်းမ ကြီး အတိုင်းပြန်လို့ရတယ်။ ကျနော်တို့ ဒီလမ်းမပေါ်ကရှိတဲ့ ရွာတွေက အိမ်ပြန်ကြည့်ချင်ရင်တောင် လမ်းမပေါ်ကနေ ဖြတ်သွားရင်းပဲ ကြည့်လို့ရတယ်။ ရွာထဲ မဝင်ခိုင်းသေးဘူး။” လို့ စစ်ရှောင် တယောက်က ပြောပါတယ်။
ပြည်ထောင်စု လမ်းမပေါ်က ရွာတွေမှာက ရှင်းလင်းရေးလုပ်ရအုံးမယ်လို့ ပြောထားပြီး ဒီနေ့ မနက်ပိုင်းကနေ မွန်းလွဲ ၂ နာရီထိတော့ ကုန်းကြီးဘက် လမ်းပိတ်ထားတယ်လို့ သူက ပြောပါတယ်။
အခြေအနေတွေက မနက်တမျိုး၊ နေလယ်တမျိုး၊ ညနေတမျိုး ခဏခဏ အပြောင်းအလဲ ရှိတာကြောင့် ပုံသေ ပြောလို့ မရဘူးလို့ သူက ပြောပါတယ်။
“အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် ပါရင် ရတယ်။ မပါရင် မရနိုင်ဘူး။ နမ့်ဆောင်ဟူးဘက်က လူတွေ အကုန်ပြန်ကြပြီ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
နောင်ချိုမြို့ပေါ် လူစောင့်မရှိတဲ့ နေအိမ်တွေက ပစ္စည်းတွေ အကုန် ခိုးယူခံရတာ ရှိသလို စစ်ရှောင်ထားတဲ့ ရွာတွေက နေအိမ်တွေမှာလည်း ပစ္စည်းတွေ ဘာမှမရှိတော့တဲ့အထိ ဖောက်ထွင်း ခိုးယူ ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ နောင်ချိုမြို့ကနေ ဆေးကုဖို့လိုအပ်တဲ့ လူတွေကိုဆေးကုနိုင်ဖို့ ဒု – ကာကွယ်ရေး ဦးစီးချုပ်က ရဟတ်ယာဉ်နဲ့ တပါတည်းခေါ်ဆောင်သွားကြောင်း နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေက မီဒီယာတွေမှာ ရေးသားထားပါတယ်။
နောင်ချိုမြို့ကို နစက တပ်ဖွဲ့က ပြန်လည်ရယူပြီးနောက် ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့က နောင်ချိုမြို့ကို ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့ပြီး နောင်ချိုမြို့ ပြန်လည် သိမ်းပိုက်ရေးတွင်ပါဝင်ခဲ့တဲ့ အရာရှိ၊ စစ်သည်တွေကို ရာထူး အဆင့်တိုး ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့ နဲ့ ပတ်ဝန်းကျင်ရှိရွာတွေကို အုပ်ချုပ်မှု ယန္တရားလည်ပတ်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒေသခံပြည်သူ တွေအနေနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့၊ လာမယ့် ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခွင့်ရရှိရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စု စာရင်းတွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးခဲ့ရင် သက်ဆိုင်ရာ ဌာနက ဝန်ထမ်းတွေအနေနဲ့ အမြန်ဆုံးပြုလုပ်ပေးရန် ဒု ကာကွယ်ရေး ဦးစီးချုပ်က ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
တနှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ အခြေခံပညာကျောင်းတွေကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပြီး ကျောင်းအပ်နှံမှု စတင်လက်ခံဖို့ စီစဉ်ထားကြောင်း၊ ကလေးတွေကို စာသင် ကျောင်းကို မဖြစ်မနေ စေလွှတ်ပေးဖို့ ၂၅ ခုတင်ဆံ့ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကိုလည်း ပြန်လည် ပြုပြင်သွားမယ်လို့ ဆိုပါတယ်။
Photo Crd# ဒေသခံ
