မနီလာ၊ ဇူလိုင်-၂၂-၂၀၂၅
မျိုးဆက်(VOM)
ဖိလစ်ပိုင်မြို့တော် မနီလာနဲ့ အနီးတဝိုက် ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေပေါင်း သောင်းချီကာ ရွှေ့ပြောင်းခံခဲ့ရပြီး လူနှစ်ယောက်ထက်မနည်း ပျောက်ဆုံးနေပါတယ်။
ရေကြီးမှုတွေကြောင့် မနီလာနဲ့ အနီးကခရိုင်တွေမှာ ကျောင်းတွေ၊ အစိုးရရုံးတွေ ပိတ်ထားရပါတယ်။ တညလုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မာရီကီနာ မြစ်ရေ လျှံခဲ့ပါတယ်။
မြစ်ကမ်းဘေးမှာ နေထိုင်ကြတဲ့ လူဦးရေ ၂၃၀၀၀ ကျော်ကို ညတွင်းချင်းပဲ ကျောင်းတွေ၊ ကျေးရွာအဆောက်အအုံတွေနဲ့ အကာအရံရှိတဲ့ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
Quezon နဲ့ Caloocan မြို့တွေမှာလည်း လူဦးရေ ၂၅၀၀၀ ကို အခြားနေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။မာရီကီနာ ကယ်ဆယ်ရေးရုံးကတော့ မြစ်ထဲစီးဝင်တဲ့ ချောင်းဘေးက မြေနိမ့်ဒေသမှာ နေထိုင်သူတွေ ရွှေ့ပြောင်းလာကြတာ များတယ်လို့ လို့ ပြောပါတယ်။ မြစ်ရေဟာ အမြင့် ၁၈ မီတာအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
Caloocan မြို့မှာ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတယောက်နဲ့ သူမရဲ့ယာဉ်မောင်းဟာ တံတားတခုကို ဖြတ်ကူးဖို့ ကြိုးစားနေစဉ် ရေမျောပါသွားခဲ့တယ်လို့ အရေးပေါ်လုပ်ငန်းဌာနက ပြောပါတယ်။
“ယာဉ်ကို မနေ့ညက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပေမယ့် အခုအချိန်ထိ နှစ်ယောက်စလုံးကို ရှာမတွေ့သေးဘူး လို့ တာဝန်ရှိသူက ပြောပါတယ်။ ကားမှန်ကွဲသွားတာကြောင့် သူတို့ လွတ်မြောက်သွားနိုင်တယ်လို့ မျှော်လင့်ရပါတယ်”လို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ရေကြီးမှုတွေ ကျဆင်းလာပေမယ့် လူထောင်နဲ့ချီက အိမ်ပြန်မရသေးပါဘူး။ မိုးတွင်းကာလ မိုးရွာသွန်းမှုတွေကြောင့် ဖိလစ်ပိုင် အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ လူသုံးယောက် သေဆုံးပြီး ခုနစ်ယောက် ပျောက်ဆုံးနေတယ်လို့ အမျိုးသား ဘေးအန္တရာယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို နှစ်စဉ် မုန်တိုင်းနဲ့ ဆိုင်ကလုန်း အနည်းဆုံး ၂၀ ကြိမ်ခန့် ဝင်ရောက်လေ့ရှိပြီး ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွေမှာ အပျက်အစီးအများဆုံး ဖြစ်တတ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ လူအသေအပျောက်များပြီး ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေဟာ ပိုမိုအားကောင်းလာနေပါတယ်။
Ref:CNA
Photo:AFP
