မုန်တိုင်းအရှိန် သက်ရောက်မှု ကမ်းရိုးတန်းဒေသတွေ အထူးသတိပြုဖို့ လို

ဇူလိုင် ၂၅ – ၂၀၂၅
SN (VOM)
လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း အရှိန် သက်ရောက်မှုကြောင့် မုတ်သုံလေ အားကောင်းနေတဲ့အတွက် ကမ်းရိုးတန်းဒေသတွေ အနေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှု အခြေအနေတွေကို အထူးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇူလိုင် ၂၅ ရက်၊ နေ့လယ် ၂ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့မှာ မုန်တိုင်းငယ်တလုံး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ အနောက် – အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
“မုန်တိုင်းက အိန္ဒိယဘက်ကိုပဲ သွားမှာ။ မြန်မာပြည်ဘက် မလာဘူး။ ဩရိသ ပြည်နယ်ဘက်ကနေ ဆက်ပြီးတော့ အိန္ဒိယနိုင်ငံထဲကို ဝင်သွားမှာပါ။ ဒီကာလက မုတ်သုံကာလဆိုတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်ရင် မုတ်သုံကတော့ အားကောင်းလေ့ရှိတယ်။ ဒါကြောင့် မိုးရွာသွန်းမှု များတာတွေ ရှိနိုင်တယ်။ အဓိကအားဖြင့်တော့ ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးပြီး လေပြင်းတိုက်တာတွေ ရှိနိုင်တယ်” လို့ ဦးလှထွန်းက ပြောပါတယ်။
လက်ရှိ ခန့်မှန်းချက်တွေအရ မုန်တိုင်းငယ်ဟာ အနောက် – အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အနောက်ဘင်္ဂလားပြည်နယ်နဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဩရိဿပြည်နယ် မြောက်ပိုင်းနဲ့ ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့်အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန် ကောင်းနေခြင်းတို့ကြောင့် ဒီကနေ့ ဇူလိုင် ၂၅ ရက်၊ မွန်းလွဲပိုင်းကနေ ၂၈ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
“သတိပြုရမှာတော့ မုတ်သုံ အားကောင်းမှာ ဖြစ်တဲ့အတွက် ကမ်းရိုးတန်း ဒေသတွေနဲ့ ကမ်းရိုးတန်းနဲ့ ဆက်စပ် ဒေသတွေမှာ မိုးသက်လေပြင်း ကျတာတွေတော့ ရှိနိုင်သေးတယ်။
အဲဒီတော့ မိုးရွာတာအပြင် လေပြင်းတိုက်တာတွေတော့ သတိပြုရမှာပေါ့။ ပြီးတော့ မိုးရွာသွန်းမှု များတာရဲ့ နောက်ဆက်တွဲကတော့ မြေပြိုတာပေါ့။ နောက်တခု ရေကြီးရေလျှံမှုဖြစ်တာတွေ၊ ဒါတွေကိုလည်း သတိပြုဖို့ လိုပါတယ်” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။
မုတ်သုံလေ အားကောင်းမှုကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအလွန် ကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၁၄ ပေမှ ၁၆ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၁၀ ပေမှ ၁၄ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၂၅ ရက်၊ မွန်းလွဲပိုင်းကနေ ၂၈ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအနေတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
အဲဒီလို မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဆိုပါဒေသတွေရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်း ပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေ အနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW