မူဆယ်မှာ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီး နှစ်ယောက်သေ

ဇူလိုင် ၂၅၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့မှာ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ဟူမွန်ရပ်ကွက် ပီတိ လက်ဖက်ရည်ဆိုင်ေရှ့ လမ်းမပေါ်မှာ အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီး နှစ် ယောက်သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကားတွေက အောက်ဘက် မြို့ထဲ က နေ တက်လာတာ။ အမျိုးသမီး နှစ်ယောက်လည်း ပစ္စတို သေနတ်ပါတယ်။ အမျိုးသားတယောက်က ကျည်ကာတွေလည်း ဝတ်ထားတယ်။ သေနတ်ပါတယ်။ အပြန်အလှန်ပစ်ကြတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အမျိုးသမီး နှစ်ယောက် မောင်းလာတဲ့ကားကို ဆက်သွားလို့ မရအောင် ကားကို ကန့်လန့် ထားလိုက်တာပြီး ပထမတော့ ကားပေါ်ကနေလှမ်းပစ်နေကြတာလို့ သူက ပြောပါတယ်။
“ကိုယ်ဝန်ဆောင် အမျိုးသမီးကတော့ ကားမောင်း‌ပေးတယ်။ ကျည်ကာပါတဲ့ အမျိုးသားရဲ့ ကားကို လှမ်းပစ်နေတာ မပေါက်ဘူး။ အဲဒါ ကားပေါ်က အမျိုးသားက ဆင်းလာပြီး အဲဒီ အမျိုးသမီး နှစ်ယောက်ကို ပစ်သတ်သွားတာ” လို့ သူက ပြောပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးက ကားပေါ်ကနေ တံခါးဖွင့် အတင်းမှာ ပစ်သတ်ခံရပြီးနောက် မိနစ်အနည်းငယ် အကြာမှာ တရုတ် သူဌေးတွေနဲ့ နမ်ခမ်းပြည်သူ့စစ် ဝတ်စုံနဲ့ လူတွေ ရောက်လာကာ အလောင်းလာသယ်သွားတယ်လို့ ဆိုပါတယ်။
“စီးပွားရေး လုပ်ကြတာ ဝေစား မျှစား မတည့်လို့ အချင်းချင်း ပစ်သတ်ကြတာပဲ ဖြစ်မှာပါ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
အမျိုးသမီး နှစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ အရပ်ဝတ်နဲ့ ကျည်ကာ ဝတ် ထားတဲ့ အမျိုးသားက ပစ်ခတ်မှု ဖြစ်တဲ့ ရှေ့က ရုံးဝန်းထဲ ဝင်သွားတယ်လို့ဆိုပါတယ်။
မူဆယ်မှာတော့ စီးပွားရေး သမားတွေ အချင်းချင်း မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW