ဇူလိုင် ၂၅ – ၂၀၂၅
SS (VOM)
မြန်မာထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် လေးယောက်နဲ့ ကုမ္ပဏီ သုံးခုကို အမေရိကန်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းမှ ဖယ်ရှားလိုက်တယ်လို့ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ ဇူလိုင် ၂၄ ရက်၊ ရက်စွဲနဲ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်အရ KT Services & Logistics ကုမ္ပဏီပိုင်ရှင် ဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group ကုမ္ပဏီပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီပိုင်ရှင် ဦးစစ်တိုင်းအောင်တို့ကို ၎င်းတို့ရဲ့ ကုမ္ပဏီတွေနဲ့တကွ စီးပွားရေး ပိတ်ဆို့ထားမှုတွေကနေ ဖယ်ရှားလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့ ဇနီးဖြစ်သူ ဒေါ်တင်မင်းလတ်ကိုလည်း စီးပွားရေး ပိတ်ဆို့ထားမှု စာရင်းကနေ ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ စီးပွားရေး လေ့လာသုံးသပ်သူ တယောက်က
“ဒါက ဘာမှ မထူးဆန်းပါဘူး။ ဒဏ်ခတ်တာက စာထုတ်တာပဲရှိတယ်။ လက်တွေ့မရှိဘူး။ ပြီးတော့ အခုလို စီးပွားရေး ပိတ်ဆို့မှုကနေ တရားဝင် ဖယ်ရှားလိုက်တယ် ဆိုတာကတော့ အမေရိကန်နဲ့ တရုတ်ရဲ့ စီးပွားရေးစစ်ပွဲကြောင့်လို့ ယူဆစရာရှိတယ်။ အမေရိကန်အနေနဲ့ သူတို့နိုင်ငံရဲ့ မြေရှားသတ္တု လိုအပ်နေမှုကို မြန်မာဆီက ဝယ်ချင်လို့များ တဖက်က ဖြေလျော့ပေးတာများလားလို့ သုံးသပ်စရာရှိတယ်။ ဒေါ်နယ်လ်ထရမ့် ဆိုတာကလည်း စီးပွားရေးသမားပါပဲ။ သူ့နိုင်ငံအကျိုးအတွက်ဆို ဘာမဆို သူလုပ်ဖို့ ဝန်လေးမယ့်ပုံ မပေါ်ဘူး။ အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာပေါ့” လို့ ပြောပါတယ်။
အခုလို မြန်မာစီးပွားရေး လုပ်ငန်းရှင် လေးယောက်ကို အရေးယူ ပိတ်ဆို့မှုကနေ ဖယ်ရှားခြင်းဟာ နစက ဥက္ကဋ္ဌက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီကို အခွန်ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က စာရေးသား ပေးပို့ပြီးနောက် နှစ်ပတ်အကြာမှာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
နစကဥက္ကဋ္ဌက အဆိုပါ စာထဲမှာ နိုင်ငံ နှစ်နိုင်ငံစလုံးနဲ့ ပြည်သူတွေရဲ့ ဘုံအကျိုးစီးပွားနဲ့ ကြွယ်ဝချမ်းသာမှုကို အဟန့်အတားဖြစ်စေတဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ လျှော့ချပေးဖို့ ထည့်သွင်းရေးသား တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “စီးပွားရေးသမားတွေကတော့ ဘာပဲ ဖြစ်နေဖြစ်နေ သူတို့အကျိုးစီးပွားကိုပဲ ဦးတည်ကြမှာပါ။ ဒေါ်နယ်လ်ထရမ့်ဆီ နစကဥက္ကဋ္ဌ ပို့လိုက်တဲ့ စာထဲမှာလည်း လိုအပ်တဲ့အခါ အဆင့်မြင့်အရာရှိတွေ စေလွှတ်ပြီး ဆွေးနွှေးညှိနှိုင်းဖို့ အဆင်သင့်ပါပဲ ဆိုတာပါတယ်။ ဆိုတော့ ဒါကလည်း တချက် စဉ်းစားစရာပေါ့လေ။ အခုလို စီးပွားရေး ပိတ်ဆို့မှုကနေ ဖယ်ရှားတယ် ဆိုတာကလည်း ကျွန်တော့်အမြင် ပြောရရင်တော့ ပိတ်ဆို့တာပဲဖြစ်ဖြစ်၊ ဖယ်ရှားတာပဲ ဖြစ်ဖြစ် ဘာမှ မထူးပါဘူး။ ပိတ်ဆို့လည်း အနောက်ကနေ လှည့်ဝင်နေတာပဲ။ စီးပွားရေးက လုပ်လို့ရနေတာပဲ။ အဲဒီတော့ ဒါက ဘာမှမထူးခြားပါဘူး” လို့ ပြောပါတယ်။
လက်ရှိ စီးပွားရေး ပိတ်ဆို့မှုမှ ဖယ်ရှားပေးခဲ့တဲ့ ကုမ္ပဏီ သုံးခုနဲ့ လူ လေးယောက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရလက်ထက်က ဒဏ်ခတ် အရေးယူထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိ စီးပွားရေးပိတ်ဆို့မှုကနေ မြန်မာလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို ဖယ်ရှားလိုက်ခြင်းနဲ့ ပတ်သက်လို့ အကြောင်းပြချက် တစုံတရာ ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘူးလို့ သိရပါတယ်။
Photo – Getty Images